စာနာထောက်ထား မေတ္တာတရားဖြင့် ပြည်ထောင်စုသားချင်း ဝိုင်းဝန်းကူညီ (ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်)

 

မောင်ငြိမ်းအေး

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA) သည် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်မှုကြောင့် ရခိုင် ပြည်နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

အလွန့်အလွန် အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခန့်မှန်းခဲ့ပြီး မုန်တိုင်း ဖြတ်သန်းတိုက်ခတ်နိုင်သည့် အခြေအနေ၊ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ခံရနိုင်မှု အခြေ အနေတို့အပေါ်မူတည်၍ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ်၊ မာန်အောင်မြို့နယ်တို့ကို ဘေးအန္တရာယ် ကျရောက်နိုင်ခြေ မြင့်မားသည့် အနီရောင် အဆင့်ဒေသများအဖြစ် အသိပေးကြေညာခဲ့ရာတွင် ပေါက်တောမြို့နယ် လည်း ပါဝင်ခဲ့သည်။ ဆက်လက်၍ အနီရောင်အဆင့်ရှိသည့် မြို့နယ်များကို အသိပေး ကြေညာခဲ့သည်။

 

စုစည်းဖွဲ့စည်းထား

 

ပေါက်တောမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်း ရခိုင်ပြည်နယ် စစ်တွေခရိုင်အတွင်း တည်ရှိပြီး အရှေ့ဘက်တွင် မင်းပြားမြို့နယ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မြောက်ဦးမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ ပေါက်တောမြို့နယ် သည် ပင်လယ်ရေ မျက်နှာပြင်အထက် ၁၁ ပေတွင်ရှိပြီး လူဦးရေ ၁၈၅၂၈၄ ဦး၊ အိမ်ထောင်စု ၃၈၀၁၇ စု၊ အိမ်ခြေ ၃၅၈၉၉ လုံးရှိသည့် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေးရွာ ၁၇၇ ရွာဖြင့် ဖွဲ့စည်းထားသည်။ ထို့အပြင် ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲနှင့် ငှက်ချောင်း IDPs စခန်းများလည်းရှိသည်။

 

အေးချမ်းစွာနေထိုင်

 

ပေါက်တောမြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများက စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အဓိကအားထားလုပ်ကိုင် ကြသည့်အပြင် ရေလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ အဓိက ထွက်ကုန် ပုစွန်၊ စပါး၊ ဆားအများဆုံး တင်ပို့ရောင်းချကြသည်။ ဆန်စက်၊ ရေခဲစက်များရှိသည့်အပြင် အခြားသော အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ လည်းရှိသဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပေါများသည်။ ပထဝီအနေအထားအရ ရေမြေသဘာဝ ကောင်းမွန်သော်လည်း သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေ အများဆုံးရှိသော မြို့နယ်ဖြစ်သည်။

 

 

အတိဒုက္ခရောက်

 

မြို့နယ်အတွင်း ရခိုင်လူမျိုးအများစု နေထိုင်ကြပြီး အခြားလူမျိုးစုအနည်းငယ်နှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်လျက်ရှိသော ပေါက်တောမြို့တွင် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့နံနက်က ဝင်ရောက် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါကြောင့် မူလရှိပြီးသား ကောင်းမွန်သည့် အခြေအနေများ ပျက်ပြားသွားခဲ့ရသည်။ ဒေသခံပြည်သူများ အတိဒုက္ခ ရောက်ခဲ့ကြသည်။ မုန်တိုင်းတိုက်ခတ်နေစဉ် ပြည်သူများမှာ အန္တရာယ်ကင်းရာ နေရာများသို့ အပြေးအလွှား ပုန်းရှောင်နေခဲ့ကြရသည်။ ပေါက်တောမြို့နယ်တွင် နေအိမ်အများစုမှာ ဝါးဓနိအိမ်များဖြစ်ပြီး အိမ်ကြီးအိမ်ကောင်း အနည်းငယ်သာရှိသည်။ မုန်တိုင်းအရှိန်ကြောင့် နေအိမ်အများစုမှာ ပျက်စီးသွားခဲ့သည်။ မုန်တိုင်းစဲသွားသောအခါ မိမိနေအိမ် အပျက်အစီးများနှင့် သေဆုံး ပျောက်ပျက်သွား သည့် မွေးမြူရေးတိရစ္ဆာန်များအတွက် ဝမ်းနည်းပက်လက် ဖြစ်ကြသည်။

လူသေဆုံးမှုမရှိသော်လည်း မွေးမြူရေး တိရစ္ဆာန်ကောင်ရေ ၁၇၇၈၇ ကောင် သေဆုံး/ ပျောက်ဆုံးသွားခဲ့သည်။

 

အလျင်အမြန်ဆောင်ရွက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ် မေလ ၁၅ ရက်နှင့် မေလ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ကြေညာ ချက်များပါ ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ထိရောက် စွာဆောင်ရွက်ရန်အတွက် တပ်မတော် အရာရှိကြီးများအား အချိန်မဆိုင်ဘဲ တာဝန်ပေးအပ်ခဲ့သည်။ ပေါက်တော မြို့နယ်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ဆန်နီအုန်းအား တာဝန်ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေး၊ ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်ခဲ့သည်။

 

ဝမ်းသာမဆုံး

 

ပေါက်တောမြို့နယ်အတွင်း နေထိုင် ကြသော ပြည်သူများသည် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ကို ၎င်းတို့ဘဝအတွက် ကြောက်မက်ဖွယ်ရာ နေ့တစ်နေ့အဖြစ်ခံယူခဲ့ကြသည်။ ထိုနေ့တစ်နေ့တာလုံး ၎င်းတို့ အတွက် ငရဲတမျှအလား ဒုက္ခဆင်းရဲများ ခံစားခဲ့ကြရသည်။ တစ်မြို့နယ်လုံး စိစိညက်ညက် ကျေပြီး နေရေး၊ ထိုင်ရေး၊ စားသောက်ရေးပါမကျန် အခက်အခဲများ ဖြစ်ကြရသည်။ မေလ ၁၅ ရက်နေ့သို့ရောက် သည်နှင့် နိုင်ငံတော်အစိုးရက အလျင်အမြန် စီမံခန့်ခွဲပေးမှုကြောင့် ကယ်ဆယ် ကူညီစောင့်ရှောက်မှုများ စတင်ရောက်ရှိ လာခဲ့သည်။

ကူညီကယ်ဆယ်ဖေးမမည့်သူကို မျှော်လင့် တကြီး စောင့်မျှော်နေသော ပေါက်တောသူ ပေါက်တောသားများမှာ ဝမ်းသာမဆုံး ဖြစ်ကြရသည်။

 

ကူညီဆောင်ရွက်

 

မေလ ၁၆ ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မြို့နယ်များကို လိုက်ကြည့်ရှုစစ်ဆေးရာ ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်းများနှင့် ရပ်ကွက်ကျေးရွာများကို ရဟတ်ယာဉ် ဖြင့် လှည့်လည်စစ်ဆေးပြီး လိုအပ်သည် များကို ထောက်ပံ့ကူညီပေးသည်။ မေလ ၁၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင် ၁၁၆ ဦးတို့သည် ပေါက်တောမြို့နယ်သို့ရောက်ရှိပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

 

ရှာဖွေရှင်းလင်း

 

ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များသည် မေလ ၂၀ ရက်နေ့တွင် ပေါက်တော မြို့နယ်အတွင်းရှိ နေရာ ၁၂ နေရာတွင် နေအိမ်များ၊ ရုံးအဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင် ကျောင်းများ၊ ဘုရားစေတီတော်များနှင့် လမ်းများတွင် လဲကျနေသော သစ်ပင်များကို ရှင်းလင်းခြင်း၊ လမ်းများပေါ်တွင်လဲကျ နေသော ဓာတ်တိုင်များ၊ ဓာတ်ကြိုးများနှင့် အခြားအပျက်အစီးများကို ဖယ်ရှား ပေးခဲ့သည်။ မေလ ၂၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးမှ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၁၆ ဦးဖြင့် ကူညီရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ပေါက်တော မြို့နယ်တွင် ပြိုလဲပျက်စီးသော သစ်ပင် ပေါင်း ၁၀၀၀ ခန့်ကို ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက ရှင်းလင်းပေးခဲ့သည်။

 

ပြုပြင်ဆောင်ရွက်

 

မိုခါမုန်တိုင်းမတိုက်ခတ်မီအချိန်က ပေါက်တောမြို့နယ်တွင် ဆက်သွယ်ရေးအော်ပရေတာ လေးခုရှိခဲ့ပြီး ဒေသခံပြည်သူများ အဆင်ပြေစွာ အသုံးပြုနိုင်ခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီးသည့် အချိန်တွင် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်သွားခဲ့ရာ မုန်တိုင်းတိုက်ခတ်ပြီး မွန်းလွဲ ပိုင်းတွင်ပင် ဆက်သွယ်ရေးစနစ်တစ်ခုကို စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တောမြို့နှင့် ချင်းပြည်နယ်သို့ ပို့ဆောင်ပေးပြီး ထိုနေ့ညပိုင်းမှစ၍ တစ်မြို့လျှင် ဖုန်းလိုင်း လေးလိုင်းဖြင့် ဆက်သွယ်နိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။ ပေါက်တော မြို့နယ်တွင် ကျန်းမာရေးအဆောက်အအုံ ၇၄ ခု ထိခိုက်ပျက်စီးသွားခဲ့သည်။ ၆၄ ခု မှာ လုံးဝပျက်စီးသွားပြီး ၁၂ ခုကို ချက်ချင်း ပြုပြင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

ကျောင်းဖွင့်အမီ

 

ပေါက်တောမြို့နယ်တွင် အခြေခံ ပညာ ဆရာ ဆရာမ ၁၆၈၅ ဦးရှိပြီး ကျောင်းသား ကျောင်းသူ ၂၀၀၀၀ ကျော်ရှိသည်။ တစ်မြို့နယ်လုံးတွင် အခြေခံ ပညာ ကျောင်းပေါင်း ၁၇၀ ရှိပြီး မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျောင်းခြောက်ကျောင်းသာ မပျက်စီးခဲ့ဘဲ မူလတန်းကျောင်း၊ အလယ်တန်း၊ အထက်တန်းကျောင်း အခြေခံပညာ ကျောင်း စုစုပေါင်း ၁၆၄ ကျောင်းမှာ လုံးဝပျက်စီး သွားခဲ့သည်။ မေလ ၁၄ ရက် နေ့တွင် မိုခါမုန်တိုင်း တိုက်ခတ်ခဲ့ရာ ပျက်စီးသွားသောကျောင်းများ ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်အမီ ပြန်လည် ပြင်ဆင် တည်ဆောက်နိုင်ရန်အတွက် ပြန်လည် ပြင်ဆင်နိုင်သည့် ကျောင်းများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ပေးနိုင်ခဲ့သည်။

 

 

ပုံမှန်အခြေအနေ

 

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်ရာများ သာမက စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဆည်မြောင်းတာတမံများ၊ လမ်းတံတားများနှင့် အိမ်မွေးတိရစ္ဆာန်များ၊ မွေးမြူရေးတိရစ္ဆာန်များ သေကျေ ပျက်စီးခဲ့ရသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်အစားထိုး တည်ဆောက်နိုင်ရန်အတွက် ပေါက်တောမြို့နယ်ကို တာဝန်ယူကြီးကြပ် ဆောင်ရွက်ပေးနေသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ်ဆန်နီအုန်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပေါက်တောမြို့နယ်မှ ဌာနဆိုင်ရာ အဖွဲ့အစည်းများအတူတကွ နေ့ညမပြတ် ဆောင်ရွက်ပေးခဲ့ရာ တစ်လ အတွင်း ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။

 

ဦးစားပေးအလိုက်

 

မြို့နယ်အတွင်း ပျက်စီးမှုအခြေအနေများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ပထမဦးစားပေးအနေဖြင့် အခြေခံပညာစာသင်ကျောင်းများအားလည်းကောင်း၊ ဒုတိယဦးစား ပေးအနေဖြင့် ဆေးရုံ၊ ဆေးခန်းများအားလည်းကောင်း၊ တတိယဦးစားပေးအနေဖြင့် သာသနိကအဆောက်အအုံများကိုလည်းကောင်း၊ စတုတ္ထဦးစားပေးအနေဖြင့် ဌာနဆိုင်ရာ အဆောက်အအုံများကိုလည်းကောင်း ပြင်ဆင်ဆောင်ရွက် ပေးခဲ့သည်။ စစ်တွေမြို့မှတစ်ဆင့် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးပစ္စည်းများ နေ့စဉ်ရောက်ရှိခဲ့ပြီး ရောက်ရှိလာသည့် ပစ္စည်းများကို မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား မျှဝေထောက်ပံ့ ပေးခဲ့သည်။ ပေါက်တောမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ရေး ဆောင်ရွက်ရာတွင် အဆင်ပြေချမ်းသာသူ၊ အတင့်အတင့်ရှိသူ၊ ဆင်းရဲနွမ်းပါးသူဟူ၍ ဦးစားပေးအဆင့် အလိုက် ဆောင်ရွက်ပေးခဲ့သည်။

 

ချက်ချင်းဖြည့်ဆည်း

 

မုန်တိုင်း တိုက်ခတ်မှုကြောင့် ပေါက်တောမြို့နယ်တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် နေရေး၊ ထိုင်ရေး၊ ဝမ်းရေးအတွက်သာမက အရေးကြီးသည့် သုံးရေ၊ သောက်ရေ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းဒဏ်ကြောင့် မူလရှိပြီး ရေအရင်းအမြစ်များ ပျက်စီး သွားသည့်အပြင် ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် သောက်သုံးရေ ပြတ်လပ်မှုမရှိ စေရေး၊ ရေပေးဝေရေးနှင့် ကျန်းမာ သန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်းများကို နိုင်ငံတော်က မုန်တိုင်းသင့် ဒေသများအားလုံးကို ချက်ချင်းဖြည့်ဆည်း ပေးခဲ့သည်။ ပေါက်တောမြို့နယ်တွင် မိုဘိုင်းဆိုလာစနစ်ဖြင့် ရေပေးရေးစနစ် နှစ်ခု၊ သောက်သုံးရေဂါလန် ၂၀၀၀ ခန့်ကို ဖြည့်ဆည်းပေးခဲ့သည်။ ရေသန့်စင်စနစ် ၂၃ ခုဖြင့် သောက်သုံးရေဂါလန် ၁၇၉၄ ဂါလန်၊ ရေသန့်စင်ဆေးပြား ၁၅ သေတ္တာ၊ ကလိုရင်း ၇၅ ပုံး၊ ၂၀ လီတာရေဘူး ၄၅ ဘူး၊ ရေကန်မှ ရေငန်စုပ်ထုတ်ခြင်း အကြိမ် ၂၀ ပြုလုပ်ပေးခဲ့သည်။

 

 

ဝမ်းမြောက်ပျော်ရွှင်

 

ပေါက်တော မြို့နယ်တွင် တည်ဆောက်ထားသော ၃၃ ကေဗွီ ဓာတ်အားလိုင်း၊ ၁၁ ကေဗွီဓာတ်အား လိုင်း၊ ၄၀၀ ဗို့ဓာတ်အားလိုင်းနှင့် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ တစ်ရုံတို့ ပျက်စီးသွားခဲ့သည်။ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ပိုင်း ရှိ မြို့နယ်များကို လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိရေးအတွက် စီစဉ်ပေးခဲ့ရာ ပေါက်တောမြို့ကိုလည်း အလျင်အမြန် ပြုပြင်ဆောင်ရွက်ပေးခဲ့သဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်တွင် ရာခိုင်နှုန်းပြည့် ပြင်ဆင်ပြီးခဲ့သည်။ ပေါက်တောမြို့နယ် အတွင်း ရပ်ကွက် ငါးခုနှင့် ကျေးရွာ ၂၆ ရွာတွင် ၃၃ ကေဗွီဓာတ်အားလိုင်း ၂၂ မိုင်ခွဲ ရှိသည့်အနက် တစ်ဝက်နီးပါး ပျက်စီးသွား ခဲ့သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများက နေ့မနားညမအား ကြိုးပမ်းဆောင်ရွက်ပေးမှုကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်တွင် တစ်မြို့နယ်လုံး အတွက် လျှပ်စစ်ဓာတ်အားများ ပုံမှန်ပြန်လည် ပေးဝေးနိုင်သည့်အတွက် ဒေသခံ တိုင်းရင်းသားပြည်သူများ ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြသည်။

 

 

မူလအခြေအနေရောက်

 

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ တိုက်ခတ်မှုကြောင့် ပေါက်တော တစ်မြို့နယ်လုံး၏ ပျက်စီးဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးမှာ ကျပ်သန်းပေါင်း ၂၆၄၄၅ ကျော် ရှိသည်ဟု သိရသည်။ တည်ငြိမ်အေးချမ်း ပြီး လူမှုစီးပွားဘဝနှင့် အလုပ်အကိုင် အဆင်ပြေခဲ့သည့် ပေါက်တောမြို့နယ် သည် မုန်တိုင်းဒဏ်ကြောင့် ကြေမွပျက်စီး ခဲ့သော်လည်း မုန်တိုင်းအန္တရာယ်ကို ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်လွှားနိုင် ရန် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် ရခိုင်ပြည်နယ်အတွင်းမှ မုန်တိုင်းဒဏ်သင့် မြို့နယ်များအားလုံး မူလအခြေအနေသို့ ရောက်ရှိအောင် အချိန်တိုအတွင်း တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ ပေါက်တောမြို့နယ်မှ ပြည်သူများ ဘေးဒုက္ခရောက်နေချိန်တွင် ပြည်ထောင်စုသားချင်း ရိုင်းပင်းကူညီ ဖေးမစောင့်ရှောက်မှုဖြင့် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိအောင် နိုင်ငံတော်အစိုးရက ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။