ရန်ကုန် စက်တင်ဘာ ၃
စားအုန်းဆီများကို အိမ်တိုင်ရာရောက် (Door to Door) ရောင်းချပေးလျက်ရှိရာ ဆက်သွယ်ဝယ်ယူသူ ပိုမိုများပြားလာသည့်အတွက်ကြောင့် စက်တင်ဘာ ၂ ရက်မှစတင်ပြီး မြို့နယ်များအလိုက် (Call Center) ဖုန်းလိုင်းခွဲများ တိုးချဲ့လက်ခံဆောင်ရွက်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ သိရသည်။
အဆိုပါစားအုန်းဆီများကို အိမ်တိုင်ရာရောက် (Door to Door) ရောင်းချပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းပြီး စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူရန် အခက်အခဲရှိသော အိမ်ထောင်စုများ၊ စားအုန်းဆီကို လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ တွင် စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လတွင် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့် ဖြန့်ဖြူးခဲ့ရာ မှာကြားသူများပြားသည့်အတွက် စက်တင်ဘာလမှစ၍ အိမ်ထောင်စု တစ်စုလျှင် တစ်လ သုံးပိဿာနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ခရိုင် (၁၄)ခု၊ မြို့နယ် (၄၄)မြို့နယ်တွင် ခရိုင်အလိုက် (Call Center) များထားရှိပြီး မှာကြားချက်များကို လက်ခံမှတ်သားသွားမည်ဖြစ်သည်။ နေ့စဉ်နံနက် ၉ နာရီမှ ညနေ၄ နာရီအတွင်း တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အစိုးရ ရုံးပိတ်ရက်မပါ) မှာကြားနိုင်ပြီး တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊ သန်လျင်ခရိုင်၊ တွံတေးခရိုင်၊ မရမ်းကုန်းခရိုင်တွင် နေထိုင်ကြသူများအနေဖြင့်( Call Center) ဖုန်း ၀၁-၄၇၀၅၅၆၆ (လိုင်းခွဲ-၁၅လိုင်း)၊ ၀၉၉၄၀၁၇၁၂၂၂ (လိုင်းခွဲ-၁၅လိုင်း) သို့လည်းကောင်း၊ ကျောက်တံတားခရိုင်၊ အလုံခရိုင်၊သ င်္ကန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ ကမာရွတ်ခရိုင်တို့တွင် နေထိုင်ကြသူများအနေဖြင့် (Call Center) ဖုန်း ၀၉-၇၇၁ဝဝ၂၇၂၂ (လိုင်းခွဲ- ၁၀ လိုင်း)၊ ဝ၁-၄၇ဝ၆၇၂၂ (လိုင်းခွဲ-၁၀ လိုင်း) သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။
ပို့ဆောင်ခကို ဝယ်သူဖက်မှ ပေးချေရမှဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃ နယ်တွင် ၂၀၀၀ ကျပ်၊ စည်ပင်သာယာနယ်နိမိတ် အပြင်ဘက် ၂၅၀၀ ကျပ်ထက် မပိုသည့် ဈေးနူန်ဖြင့် ပို့ဆောင်းပေးနေခြင်းဖြစ်သည်။ ဖြန့်ဖြူးရောင်းချပေးသည့် စားအုန်းဆီများသည် ပြည်ပမှ စတင်တင်သွင်းစဉ်ကတည်းက သတ်မှတ်စံချိန်စံနှုန်းများ စစ်ဆေးထားသည့်အပြင် စားအုန်းဆီကန်များမှ FDA စစ်ဆေးပြီး ခွင့်ပြုချက်ရပြီးသော ဆီများကို ဘူးသွတ်စက်ရုံသို့ သယ်ဆောင်၍ ဘူးသွတ်ဖြန့်ဝေခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုအောက်တွင် စားအုန်းဆီတင်သွင်းသော ကုမ္ပဏီများက လက်လီ/လက်ကား အရောင်းဆိုင်များမှတစ်ဆင့် လုပ်သားပြည်သူများသို့ နေ့စဉ်၊ လစဉ် စားအုန်းဆီများ ဖြန့်ဖြူးပေးလျက်ရှိရာ ဆီထုတ်ကိုယ်စားလှယ် ၁၄၂ ဦး၊ လက်ကားရောင်းချသူ ၄၀၁ ဦး၊ လက်လီရောင်းချသူ ၅၃၆၇ ဦးရှိပြီး ယခုဆောင်ရွက်သောအစီစဉ်သည် နေ့စဉ် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသူများနှင့် ရုံးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် အဆင်ပြေစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့်လည်း လုပ်သားပြည်သူများ စားသုံးဆီ ပြတ်လပ်မှုမရှိစေရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆီထွက်သီးနှံများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


