ဗုဒ္ဓနှင့်သာဝကတို့ကြား လေးစားဖွယ် ဆရာတပည့်ဆက်ဆံရေး

မိမိုးအေး(ဘားအံတက္ကသိုလ်)

ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ‘ဆရာ’ ဆိုတာ အတော်လေး အရေးပါပါတယ်။ ကျွန်မတို့ဘဝမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီးရှိနေပါ တယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာမပါဘဲ တတ်‌မြောက်တာ မရှိနိုင်ဘူးလို့ ကျွန်မကတော့ ဒီလိုပဲယုံကြည်ထားပါတယ်။ ကျွန်မလေ့လာဆည်းပူးခဲ့ပြီး ကျွန်မက ပြန်ပြီးသင်ကြားပေးနေတဲ့ ပါဠိစာပေတွေထဲမှာ လည်း ဆရာနဲ့ တပည့်အကြား ထားရှိရမယ့် လေးစားမှု၊ ရိုသေမှု၊ တန်ဖိုးထားမှုတွေ အများကြီးရှိ‌နေပါတယ်။ ဆရာနဲ့တပည့် အပြန်အလှန်ထားရမယ့် ဝတ္တရားတွေ၊ တာဝန်တွေကိုတော့ ဗုဒ္ဓကသိင်္ဂါလသုတ်မှာ လမ်းညွှန်ထားတာ တွေ့နိုင်ပါတယ်။

ဗုဒ္ဓသာဝကတွေရဲ့ ဆရာတပည့်ဆက်ဆံရေး

ဒီနေရာမှာ ဗုဒ္ဓနဲ့ ဗုဒ္ဓရဲ့ သာဝက တပည့်တွေ ဘယ်လို သဘောထားတွေနဲ့ အပြန်အလှန် ဆက်ဆံကြလဲဆိုတာ ကို ကျွန်မလေ့လာမိသလောက် ပြောပြချင်ပါတယ်။ တကယ်တော့ ဗုဒ္ဓဟာရဟန်းတွေအတွက်ပဲ ဆရာမဟုတ်ပါဘူး။ ကျွန်မတို့ လူသားတွေအတွက်လည်း ကောင်းတာကိုသာ ညွှန်ပြပေးတဲ့ ဆရာတစ်ဆူ ဖြစ်ပါတယ်။

ဝိနည်းပါဠိတော်မှာ ရဟန်းတွေ လိုက်နာရမယ့် စည်းမျဉ်းဥပဒေတွေကို ဗုဒ္ဓက အခါအားလျော်စွာ ချမှတ် ပါတယ်။ ဒီလိုစည်းမျဉ်းတွေ ချမှတ်တိုင်းမှာ ဗုဒ္ဓက ပြောကြားတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ‘အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဘိက္ခုသံဃံ သန္နိပါတာပေတွာတံ ဘိက္ခုံ ပဋိပုစ္ဆိ’ လို့ မိန့်လေ့ရှိပါတယ်။ 

‘ထိုအခါ ဗုဒ္ဓသည် ဤအကြောင်းအရာ‌ကြောင့် ရဟန်း အပေါင်းကို စည်းဝေးစေပြီး ထိုရဟန်းကို မေးတော်မူ၏’ လို့ အဓိပ္ပာယ်ရပါတယ်။ တစ်ဆက်တည်းမှာပဲ အဖြစ်အပျက်တွေဟာ ဟုတ်သလား၊ မှန်သလားဆိုတာကို ‘သစ္စံ ကိရ ဘိက္ခု’ လို့ မေးပါတယ်။ တပည့်ဘက်ကလည်း မှန်ကန်တဲ့ စွပ်စွဲချက်ဖြစ်ရင် ‘သစ္စံ ဘန္တေ ဘဂဝါ - မှန်ပါ တယ်’ လို့ ဖြေကြားကြပါတယ်။

ကိစ္စတစ်ခုကို ဆုံးဖြတ်တိုင်းမှာ ဗုဒ္ဓဟာ သူ့သဘော တစ်ခုတည်းနဲ့ မဆုံးဖြတ်တာကို ‘ဘိက္ခုသံဃံ သန္နိပါတာ ပေ တွာ - ရဟန်းအပေါင်းကို စည်းဝေးစေပြီး’ ဆိုတဲ့ စကားက ပြဆိုနေပါတယ်။ ပြဿနာတစ်ခုကို မမေးမြန်း ဘဲ အလွယ်တကူ မဆုံးဖြတ်တာကလည်း ဗုဒ္ဓရဲ့ ဆရာ ကောင်းပီသမှုပါပဲ။

ဆရာတပည့်ဆိုတဲ့နေရာမှာ စာသင်တဲ့ ဆရာနဲ့ သင်ယူတဲ့ တပည့်ကိုပဲ ကျွန်မ ဆိုလိုတာ မဟုတ်ပါဘူး။ 

လုပ်ငန်းခွင်မှာလည်းပဲ အကြီးအကဲနဲ့ အောက်လက် ဝန်ထမ်း ဆရာတပည့် ရှိကြပါတယ်။ ဆရာတပည့်တွေ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့အခါမှာ ဆရာတစ်ယောက်တည်းရဲ့ သဘောအတိုင်း ဆုံးဖြတ်တာထက် ဗုဒ္ဓရဲ့ နည်းလမ်း အတိုင်း ဖြေရှင်းကြမယ်ဆိုရင် အများဆန္ဒကို ယူတာဖြစ် လို့ ပွင့်လင်းမြင်သာမှုရှိမယ်။ အမှားအယွင်း နည်းမယ်။ ဒါဟာ ဗုဒ္ဓရဲ့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့ နည်းလမ်းလို့ ဆိုနိုင်မယ်ထင်ပါတယ်။ ဆရာ တပည့်ဆက်ဆံရေးမှာ အပြန်အလှန် တိုင်ပင်ကြတာလည်း အရေးပါတဲ့အချက်လို့ ကျွန်မမြင်ပါတယ်။

နားထောင်ပေးသင့်တဲ့ တပည့်တွေရဲ့အမြင်

ပြဿနာ တစ်ခုဖြစ်ခဲ့ရင် တပည့်တွေ ပြောတာကို ကျွန်မတို့ နားထောင်ပေးဖို့လိုပါတယ်။ ကျွန်မတို့ မြန်မာ့ လူ့အဖွဲ့အစည်းမှာက ဆရာကို သိပ်တန်ဖိုးထားကြတာ ကြောင့် ဆရာကသာ အမှန်ဆိုတဲ့ အစွဲရှိတတ်ပါတယ်။ သူတို့ မှန်တယ်၊ မှားတယ်ဆို ပြောပြဖို့ ကျွန်မတို့ဘက်က အခွင့်အရေးပေးဖို့လိုပါမယ်။ နားထောင်ပေးဖို့ လိုပါမယ်။ မေးမြန်းဖို့လိုပါမယ်။ တစ်ခါတလေမှာ ကျွန်မတို့ဘက်ကလည်း မှားသွားတာမျိုးရှိနိုင်သလို ကျွန်မတို့ တပည့်တွေ လည်း အမြဲမမှားနိုင်ဘူးဆိုတာ ကျွန်မတို့ သတိပြုဖို့ လိုမယ်ထင်ပါတယ်။

ကျွန်မရဲ့ အတွေ့အကြုံအရ ကျွန်မရဲ့ စာသင်ပေးရတဲ့ တပည့်တွေနဲ့ရော၊ အလုပ်ခွင်က တပည့်တွေနဲ့ရော တိုင်ပင်ပြီးမှ လုပ်တဲ့ ကိစ္စတွေမှာ မထင်မှတ်ထားလောက်အောင် သူတို့ဆီက အကြံပြုချက်ကောင်းတွေ ရခဲ့တာရှိပါတယ်။ ကျွန်မရဲ့ဆုံးဖြတ်ချက်ကို အတော်လေး အထောက်အကူရစေပါတယ်။ သူတို့ရဲ့ တွေးခေါ်နိုင်စွမ်း၊ လုပ်နိုင်စွမ်းတွေကို ကျွန်မတို့ ဆရာတွေ ဝမ်းမြောက်ဝမ်းသာ လက်ခံပေးကြရမှာပါ။

ဆရာနဲ့ တပည့်တွေ အခက်အခဲကြုံလာရင် တစ်ယောက်နဲ့တစ်ယောက် မစွန့်ခွာဘဲ အတူရင်ဆိုင် ဖြေရှင်းကြတာကိုလည်း ဝိနည်းပါဠိမှာ တွေ့ရပါတယ်။ ဗုဒ္ဓ (၁၂) ဝါမြောက်မှာ ဝေရဉ္စာပြည်မှာ ဝါဆိုတုန်း ကပ်ဘေးကြုံ ပါတယ်။ ဆွမ်းလည်း အတော်ခက်ခဲပါတယ်။ ဒါပေမယ့် ဒီအခက်အခဲကြောင့် ဆရာနဲ့ တပည့်တွေ တစ်ယောက်နဲ့တစ်ယောက်စွန့်ခွာခဲ့တာ မရှိခဲ့ပါဘူး။ ဆရာနဲ့ တပည့်ဟာ ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်း ထဲမှာ ယှဉ်တွဲပြီး ရှိလာတာ နှစ်ကာလအတော်ကြာခဲ့ပါ ပြီ။ ဆရာဟာ တပည့်ကို ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် မစွန့်ပစ်နိုင်တာဟာလည်း ဆရာ့ရဲ့ မေတ္တာပါပဲ။ ဒီလိုပဲ တပည့်တွေဟာလည်း ဆရာတွေကို ဘယ်လိုပဲ ဖြစ်နေ ပါစေ ထားခဲ့လို့ မရပါဘူး။

ဗုဒ္ဓဟာ တပည့်တွေအပေါ်မှာ အတော်ပွင့်လင်း လွတ်လပ်ပါတယ်။ ဝါတွင်းသုံးလတာ အတူနေတုန်း တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့်တာ ဖြစ်နိုင်တာကြောင့် ဝါကျွတ်တဲ့ အခါမှာ အပြစ်ရှိရင် ခွင့်လွှတ်ကြဖို့ ဖိတ်ကြားရပါတယ်။ ဒါကို ပဝါရဏာလို့ ခေါ်ပါတယ်။ ဆရာတပည့် နှစ်ဦးကြားမှာလည်း အပြန်အလှန် နားလည် ကြဖို့၊ ခွင့်လွှတ်ကြဖို့ ဗုဒ္ဓကသင်ကြားပေးခဲ့ပါတယ်။ လက်တွေ့နယ်ပယ်မှာလည်း ကျွန်မတို့တွေ အမြင်လွဲ အထင်လွဲတာတွေ ရှိနိုင်တာကို ဗုဒ္ဓရဲ့ ပဝါရဏာပြုတဲ့ နည်းလမ်းက ကောင်းကောင်း ဖြေရှင်းပေးနိုင်မယ်ထင် ပါတယ်။

ဗုဒ္ဓဟာ တပည့်သားမြေးတွေရဲ့ အားသာချက် တွေကို ဂုဏ်ပြုချီးကျူးစကားဆိုတာကိုလည်း ပါဠိစာပေ တွေမှာ မကြာခဏ တွေ့ရပါတယ်။ ဒီလိုပဲ တပည့်ရဟန်း တွေကလည်း ဗုဒ္ဓရဲ့ ဂုဏ်တော်ကို မကြာခဏ ထုတ်ဖော် ချီးကျူးတတ်ကြပါတယ်။ ဒါဟာ ဘာကိုဖော်ညွှန်းနေလဲ ဆိုရင် ဆရာရဲ့ ဂုဏ်ကို တပည့်တွေက လေးစားချီးကျူးပြီး ဆရာက တပည့်ရဲ့ အရည်အသွေးကို အသိအမှတ်ပြုပေး တာပဲ ဖြစ်ပါတယ်။ ကျွန်မဆို ကျွန်မတပည့်များက ဆရာမ စာသင်တာ ကောင်းလိုက်တာလို့များ ပြောရင် သိပ်ပျော်တာပေါ့။ ကျွန်မတို့အတွက် ဒါဟာ အားဆေးပါ။ ဒီလိုပဲ သူတို့ လုပ်နိုင်ရင်လည်း ကျွန်မတို့ မပျက်မကွက် အသိအမှတ် ပေးဖို့လိုတယ်။ ထုတ်ဖော်ပြီး ဂုဏ်ပြုပေးဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ ဂုဏ်ပြုစကားက သူတို့အတွက် ရှေ့ဆက်ဖို့ ခွန်အားတွေပါပဲ။

အပြန်အလှန်လေးစားတတ်ဖို့

ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာတော့ ဆရာ ဆိုတာကို ဘုရား၊ တရား၊ သံဃာ၊ မိဘတို့နဲ့ တစ်တန်း တည်းထားပြီး ရိုသေလေးစားကြပါတယ်။ တပည့်ကသာ ဆရာကို လေးစားရမယ်လို့ ယဉ်ကျေးမှုအရ၊ အစဉ်အလာ အရ ကျွန်မတို့ လက်ခံခဲ့ကြပါတယ်။ ကျွန်မတို့လည်း ကျွန်မတို့ ဆရာတွေအပေါ် လေးစားလာခဲ့တာပဲ ဖြစ်ပါ တယ်။ ဗုဒ္ဓကတော့ အပြန်အလှန်လေးစားဖို့ ညွှန်ပြပေးခဲ့ တာကို အင်္ဂုတ္တရနိကာယ်၊ နဝကဝဂ်၊ နန္ဒကသုတ်မှာ တွေ့ရပါတယ်။ တစ်ခါက ဗုဒ္ဓဟာ ဇေတဝန်ကျောင်းမှာ နေထိုင်တုန်း နန္ဒကမထေရ်က တခြားရဟန်းတွေကို တရားဟောနေတဲ့ နေရာကို ရောက်သွားပါတယ်။ တရားဟောတာကို မပျက်စေချင်တဲ့အတွက် အသံမပြုဘဲ အပြင်ကနေပဲရပ်ပြီး စောင့်ဆိုင်းနားထောင်ခဲ့ပါတယ်။ တရားဆုံးတဲ့ အချိန်ရောက်မှ ချောင်းဟန့်တံခါးခေါက် အသိပေးပါတယ်။ တရားက အတော်ရှည်တာ‌ကြောင့် အပြင်မှာ အချိန်ကြာကြာစောင့်ရပေမယ့် လေးလေး စားစားပဲ စောင့်ဆိုင်းပေးခဲ့ပါတယ်။

ကျွန်မလည်း ဒါနဲ့ပတ်သက်ပြီး စိတ်ခံစားချက် ရှိခဲ့ဖူး ပါတယ်။ ကျွန်မ မဟာဝိဇ္ဇာတန်းတက်တုန်းက RC-2 မှာ အချိန်ပိုင်းနည်းပြ လုပ်တုန်းကပါ။ ကျွန်မစာသင်ချိန်ပြီးဖို့ အချိန်အတော်လေးကျန်တဲ့အချိန်၊ စာသင်လက်စအချိန် မှာပဲ ဌာနမှူးဆရာတစ်ယောက် သူ့အတန်းကို လာပေါင်း တက်ရမယ့် သူ့တပည့်တွေကို လာခေါ်ခိုင်းပါတယ်။ ကျွန်မစာသင်နေတာ မပြီးသေးမှန်း သိနေတာကိုပဲ သူ့တပည့်တွေကို လွှတ်ပေးဖို့ ပြောခိုင်းလိုက်ပါတယ်။ ကျွန်မရဲ့ အဲဒီစိတ်ခံစားချက်ကို အဲဒီဆရာ သိခဲ့ပုံမပေါ် ပါဘူး။ ကျွန်မကတော့ ကျွန်မအတန်းသွားလို့ ရှေ့အချိန် သင်နေတဲ့ ဆရာမ မထွက်သေးရင် မမြင်ရတဲ့ နေရာကပဲ စောင့်ပါတယ်။ တစ်ခါတလေ ကျွန်မ အရှိန်လွန်ပြီး နောက်ကျမှထွက်လို့ အပြင်မှာ စောင့်နေတဲ့ ဆရာမကို အသေအချာကို တောင်းပန်ခဲ့ပါတယ်။ သူတို့ကို ကျွန်မခံစားရသလို မခံစားစေချင်ပါဘူး။

အတုယူစရာ အပြုအမူတစ်ခု

ကျွန်မတို့ ဆရာမကြီးတစ်ယောက် တစ်ခါမှာ စာသင် ချိန်နောက်ကျပြီးမှ ရောက်လာပါတယ်။ နောက်ကျသွား တာကို တောင်းပန်စကား‌ပြောတော့ ကျွန်မတို့က အားနာ ပြီး ရပါတယ်ဆရာမကြီးလို့ ပြောတော့.. ဆရာမကြီး ကျွန်မတို့ကို ပြန်ပြောခဲ့တာကို ကျွန်မ ဒီနေ့အထိ မမေ့ပါ ဘူး။ ဆရာမကြီးရဲ့ လေသံအတိုင်းပြောရရင် ‘‘ဒီမယ် သမီးတို့ သားသမီးကမှ မိဘကို၊ တပည့်ကမှ ဆရာကို လေးစားရတာမဟုတ်ဘူး၊ မိဘကရော၊ ဆရာကရော သားသမီး တပည့်ကို လေးစားဖို့လိုတယ်။ ဆရာမကြီးဆို အိမ်မှာ သားသမီးတွေကို ငါမိဘပဲဆိုပြီး သူတို့ကို ပြောချင် သလို ပြောလို့မရဘူး။ ပြောသင့်တာကိုပဲ ပြောရတယ်’’ တဲ့။ ကျွန်မ ဆရာမကြီးပြောခဲ့သလို ကျွန်မ ဆရာစဖြစ်ချိန် ကနေ ဒီနေ့အထိ ကျွန်မဘက်က တစ်ခုခုကြောင့် နောက်ကျခဲ့တာ၊ ပျက်ကွက်ခဲ့တာရှိရင် မဖြစ်မနေ တောင်းပန်တတ်ပါတယ်။ အဲဒီ အလေ့အကျင့်ကောင်း ကိုလည်း ကျွန်မတပည့်တွေကို လိုက်နာတတ်အောင် လေ့ကျင့်ပေးပါတယ်။ ဆရာမကြီး ပြောသလိုပါပဲ။ အပြန်အလှန် လေးစားတာဟာ အပြုသဘောဆောင်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေပါဘူး။ ဗုဒ္ဓရဲ့ သူ့တပည့်များအပေါ် လေးစားမှုကို ပြတာ အတုယူစရာ ပါပဲရှင်။

ဗုဒ္ဓက တပည့်သာဝကတွေကို ဆင်းရဲချမ်းသာ၊ အမျိုးညံ့၊ အမျိုးကောင်း မခွဲခြားဘဲ တန်းတူ ဆက်ဆံတာ၊ အခွင့်အရေးအတူပေးခဲ့တာကလည်း ဆရာကောင်း တစ်ယောက်ရဲ့ အရည်အချင်းပါပဲ။ ဒါကို ဗုဒ္ဓက ‘နာမည် အသီးသီးရှိတဲ့ မြစ်တွေ ဂင်္ဂါမြစ်ထဲရောက်ရင် မူရင်း နာမည်ပျောက်ပြီး ဂင်္ဂါမြစ်လို့ပဲ ခေါ်ကြပါတယ်။ အသား အရောင်၊ အဆင့်အတန်းတွေ ဘယ်လိုပဲရှိရှိ သာသနာ တော်ထဲ ရောက်ရင်တော့ ရဟန်းဆိုတဲ့ နာမည် အောက်ကို အကုန်ရောက်တယ်’ လို့ ဆိုပါတယ်။ ရဟန်းဖြစ်ရင် အခွင့်အရေးတန်းတူ ရတာကိုလည်း သာမညဖလသုတ်မှာ ကျွန်မတို့ တွေ့ရှိရမှာပါ။ ကျောသားရင်သားမခွဲခြားဘဲ တပည့်များကို စောင့်ရှောက်ခဲ့တဲ့ ဗုဒ္ဓရဲ့ ဆရာ့စိတ်ဓာတ် ကလည်း အတုယူစရာပါပဲ။

တကယ်တော့ ဆရာတွေဟာ မိဘတွေနဲ့ မခြားပါဘူး။ မိဘကမှ သားသမီးရှိလှ ဆယ်ဦးပါ။ ဆရာတွေ ကတော့ မရေတွက်နိုင်တဲ့ သားသမီးတွေ အများကြီးကို ပိုင်ဆိုင်ထားကြတာပါ။ တပည့်တွေကိုလည်းတော်လို့၊ ညံ့လို့၊ ချမ်းသာလို့၊ ဆင်းရဲလို့၊ လိမ္မာလို့၊ မိုက်လို့ ခွဲခြားဆက်ဆံလို့မရပါဘူး။ အားလုံးကို တန်းတူထားပြီး ဆက်ဆံရပါတယ်။ သူတို့ ဘယ်ကပဲလာလာ၊ ဘယ်သူပဲဖြစ်ဖြစ် အားလုံးကို ဆရာဖြစ်နေတဲ့ ကျွန်မတို့ဆီရောက်ရင် ကျွန်မတို့ တပည့်အဖြစ် လက်ခံရမှာပဲ ဖြစ်ပါတယ်။

မရှိသင့်သော အကြောက်တရား

ဗုဒ္ဓဟာ တပည့်တွေကို အ‌ကြောက်တရားနဲ့ မဆက်ဆံခဲ့ပါဘူး။ အပေါ်မှာ ကျွန်မလေ့လာမိသလောက် ပြောပြခဲ့တာကိုကြည့်ရင် ကြောင်းကျိုးပြပြီး ဆုံးမသိမ်း သွင်းခဲ့တာဖြစ်ပါတယ်။ ဆရာနဲ့ မနီးစပ်ဘဲ ဝေးကွာနေတဲ့ အကြောင်းတရားတွေထဲမှာ အကြောက်တရားလည်း ပါမယ်ထင်ပါတယ်။ အကြောက်တရားကြောင့်၊ အကြောက်တရားရဲ့ လွှမ်းမိုးမှုတွေကြောင့် ကျွန်မတို့ တပည့်တွေ ကျွန်မတို့နဲ့ ဝေးကွာသွားနိုင်တယ်။ စာသင် ခန်းတွေကို ကျောခိုင်းသွားနိုင်တယ်။ ထူးချွန်ထက်မြက်တဲ့ တပည့်တွေ နည်းသွားနိုင်ပါတယ်။ ဒါတွေကိုလည်း ဆရာတွေဖြစ်တဲ့ ကျွန်မတို့ သတိပြုရမှာပါ။ ကျွန်မတို့ မျက်နှာလွှဲလိုက်လို့ မဖြစ်ပါဘူး။ ကျွန်မတို့ ဥပေက္ခာ ပြုလိုက်လို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲ။ ကျွန်မတို့က ဆရာဖြစ်နေလို့ပါပဲ။ ကျွန်မတို့ဟာ တစ်ချိန်တည်းမှာ လူသုံးယောက်ဖြစ်နေတာပါ။ ချစ်ခြင်းမေတ္တာပေးတဲ့ မိဘ၊ ပညာသင်ပေးတာသာမက အကာအကွယ်ပေးတဲ့ ဆရာ၊ ခံစားချက်တွေ မျှဝေပေးနိုင်တဲ့ သူငယ်ချင်းကောင်းတွေပါ။

ကျွန်မတို့က ‘ဆရာကြီးကို ကြောက်လို့’ ဆိုတဲ့စကား ကို ကျွန်မတို့ဆရာကြီးတစ်ယောက် တော်တော်လေးကို သဘောမကျပါဘူး။ သူ့ကို ကြောက်တယ်ဆိုတာကို မကြိုက်ဘူးလို့ ပြောခဲ့ပါတယ်။ ဒီစကားကို ကျွန်မ ဆရာ ဖြစ်မှ ကောင်းကောင်းနားလည်ခဲ့ပါတယ်။ ကျွန်မလည်း ကျွန်မကို ကြောက်တယ်ပြောရင် မကြိုက်တတ်ပါဘူး။ အကြောက်တရားနဲ့ ကျွန်မတပည့်တွေကို ကျွန်မ မဆုံးမခဲ့ပါဘူး။ အကျိုးအကြောင်း ပြပြီးပဲ ဆုံးမခဲ့ပါတယ်။ ဆရာအပေါ်မှာ ရိုသေစိတ်၊ လေးစားစိတ်၊ တန်ဖိုးထားစိတ် ထားတတ်ဖို့ကိုပဲ သွန်သင်ခဲ့ပါတယ်။ ကျွန်မ လုပ်သက် တစ်လျှောက် ကျွန်မကံအကောင်းဆုံးအချက်ကတော့ ဆရာကို ရိုသေလေးစား တန်ဖိုးထားတဲ့ တပည့်တွေနဲ့ တွေ့ဆုံရတာပါပဲ။ အဲဒီအတွက် ကျွန်မကိုယ် ကျွန်မ အတော်လေး ဂုဏ်ယူမိပါတယ်ရှင်။

ဆရာတစ်ဦးရဲ့ပီတိ

ဆရာဖြစ်တဲ့ ကျွန်မကတော့ တပည့်ဘဝမှာရော၊ ဆရာဘဝမှာပါ နေခဲ့ဖူးတာကြောင့် နှစ်ဖက်လုံးရဲ့ ခံစား ချက်ကို ပိုသိနိုင်ပါတယ်။ တပည့်တွေဘက်ကနေ တပည့် ရဲ့ စိတ်ခံစားချက်ကို ခံစားပေးလို့ရသလို ဆရာတွေဘက် ကနေလည်း ဆရာ့ရဲ့ စိတ်ခံစားချက်ကို ခံစားပေးလို့ရပါ တယ်။ တပည့်အဖြစ်နဲ့ ဆရာတွေအပေါ် လေးစားရိုသေ ဝတ္တရားမပျက်ကွက်ခဲ့သလို ဆရာအဖြစ်နဲ့ တပည့်တွေရဲ့ ရိုသေလေးစားမှုခံယူထိုက်အောင် နေထိုင်ပါတယ်။ ကျွန်မ ဆရာမကြီးတစ်ယောက်က ဆုပေးရင် ဆရာ့ထက် တော်တဲ့သူ ဖြစ်ပါစေဆိုတာကို ကျွန်မဆရာဖြစ်မှ ကောင်းကောင်း သဘောပေါက်နားလည်ခဲ့တယ်။ သူတို့ ထူးချွန်ရင်၊ သူတို့အောင်မြင်ရင် ဆရာတစ်ယောက်ရဲ့ ဝမ်းသာပီတိဖြစ်ရတဲ့ စိတ်ခံစားချက်က ဆရာဖြစ်ဖူးမှ သိနိုင်မှာပါ။

ဒီနေ့ခေတ်မှာတော့ ဆရာနဲ့ တပည့်ကြား၊ ဆရာ၊ တပည့်နဲ့ မိဘတွေကြားမှာ မပြေလည်တာတွေ ဖြစ်နေ တာကို မြင်တွေ့ကြားသိနေရပါတယ်။ ဗုဒ္ဓနဲ့ တပည့်သာဝကတွေကြားက ဆက်ဆံရေးက ဒါတွေကို ကောင်းကောင်းဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့ ဆရာတွေကဘက်ကလည်း စေတနာ၊ ဝါသနာ၊ အနစ်နာမှာ မေတ္တာပါ ပေါင်းစပ်ပြီး တပည့်များကို လမ်းပြပေးရပါမယ်။ ဒီလိုပဲ တပည့်တွေ ဘက်ကလည်း ဆရာတွေရဲ့အပေါ် စောင့်ထိန်းရမယ့် ကျင့်ဝတ်၊ လိုက်နာရမယ့်စည်းကမ်း၊ ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေကို ကျေပွန်ဖို့ အရေးကြီးပါတယ်။

ကမ္ဘာပေါ်မှာ ဆရာတွေ အများကြီးရှိပါတယ်။ တော်တဲ့ဆရာတွေ၊ ကောင်းတဲ့ဆရာတွေလည်း အများ ကြီး ရှိကြမှာပါ။ ဒါပေမယ့် ဆရာနဲ့ တပည့်ကြားမှာရှိတဲ့ နွေးထွေးမှု၊ ရင်းနှီးကျွမ်းဝင်မှု၊ ချစ်ခင်မှု၊ လေးစားမှု၊ တန်ဖိုး ထားမှုတွေကတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာပဲ ရှိပါ တယ်။ ကျွန်မကတော့ ကျွန်မရဲ့ ဖြစ်တည်မှုဖြစ်တဲ့ ဆရာ တစ်ယောက်ရဲ့ ဘဝကို ကျွန်မချစ်တယ်။ တန်ဖိုးထား တယ်။ မြတ်နိုးတယ်။ နိုင်ငံရပ်ခြားမှာ လစာ ကောင်းကောင်းနဲ့ လုပ်ခွင့်ရခဲ့ရင်တောင် ဆရာနဲ့ တပည့် ကြားမှာရှိတဲ့ နွေးထွေးမှု၊ ရင်းနှီးကျွမ်းဝင်မှု၊ ချစ်ခင်မှု၊ လေးစားမှု၊ တန်ဖိုးထားမှုရဖို့ မသေချာတဲ့အတွက် ကျွန်မ မသွားနိုင်ပါဘူးရှင်။

ကျွန်မက ချစ်ခင်လေးစားတန်ဖိုးထားရတဲ့ ကျွန်မရဲ့ ဆရာကြီး၊ ဆရာမကြီးများနဲ့ ကျွန်မလိုပဲ ဆရာအဖြစ် ဘဝကိုတန်ဖိုးထားမြှုပ်နှံထားတဲ့ လုပ်ဖော်ကိုင်ဖက် ဆရာများအားလုံးကို အောက်တိုဘာလ ၅ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဆရာများ‌နေ့မှာ ဒီစာစုနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ ကျန်းမာပျော်ရွှင် ချမ်းမြေ့ကြပါစေရှင်။ ။