ဗုဒ္ဓဂယာမှ မင်းတုန်းမင်းတရားကြီးလှူဒါန်းခဲ့သော သာသနိကအဆောက်အအုံများနှင့် ပတ်သက်၍ သာဓုအနုမောဒနာပြုစရာ

ရွှေဘိုဆရာတော် ဒေါက်တာအရှင်ဝိသုတ

ဤအရှင်သည် ၁၉၉၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နာလန္ဒာ တက္ကသိုလ်သို့ BA ဘွဲ့သင်ကြားရန် စတင်ရောက်ရှိခဲ့ပါ သည်။ BA ဘွဲ့ရရှိပြီးနောက် MA ဘွဲ့နှင့် Ph.D ကျမ်းပြု အောင်မြင်သည်အထိ ပညာသင်ကြားခဲ့ပါသည်။ နာလန္ဒာ တက္ကသိုလ်သို့ ရောက်ရှိပြီး သုံးနှစ်ခန့်အကြာတွင် မြန်မာနိုင်ငံမှ ဘုရားဖူးများအား သံဝေဇနိယလေးဌာန များသို့ ဘုရားဖူးဦးဆောင်လမ်းပြ ပို့ဆောင်ခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ဗုဒ္ဓဂယာရှိ မင်းတုန်းမင်းတရားကြီးလှူဒါန်းခဲ့သည့် သာသနိက အဆောက်အအုံ များသို့လည်း ရောက်ရှိပြသပေးခဲ့ပါသည်။ ထိုသို့ပြသခဲ့ရာ တွင် ပျက်စီးယိုယွင်းနေသော မြန်မာတို့၏ ဘာသာရေး အမွေအနှစ်ဖြစ်သည့် ထိုသာသနိက အဆောက်အအုံများ ကို ပြုပြင်ထိန်းသိမ်းလိုသည့်ဆန္ဒများ ဖြစ်ပေါ်ခဲ့ပါသည်။ သို့ရာတွင် ဤအရှင်တစ်ဦးတည်းအနေဖြင့် မည်သို့မျှ စွမ်းဆောင်နိုင်ခြင်းမရှိသဖြင့် ရောက်ရှိလာသည့် ဘုရား ဖူးများကို ဤသာသနိက အဆောက်အအုံများ၏ သမိုင်း ကြောင်းနှင့် ပျက်စီးယိုယွင်းနေသည့် အခြေအနေများအား ပြုပြင်ထိန်းသိမ်းနိုင်မည့်နည်းလမ်းများ မိမိတို့တတ်နိုင် သမျှ ရှာဖွေကြရန် ရှင်းပြခဲ့ပါသည်။

 

adg
 

ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ သိရှိပြီး ဖြစ်ကြသည့်အတိုင်း လွန်ခဲ့သော နှစ်ပေါင်း ၁၆၀ ခန့်က မင်းတုန်းမင်းကြီးသည် ဗုဒ္ဓဂယာတွင် မဟာဗောဓိစေတီ နှင့် မဟာဗောဓိညောင်ပင်ကို စောင့်ရှောက်နိုင်ရန်ရည်ရွယ် ၍ ရဟန်းတော်များ သီတင်းသုံးနေထိုင်ရန် ကျောင်းတော် တစ်ဆောင်၊ ကျောက်စာများထားရှိရန် ကျောင်းဆောင် နှစ်ဆောင်၊ ကျောက်စာချပ်နှစ်ခုနှင့် ခေါင်းလောင်းတော် များကို လှူဒါန်းခဲ့ပါသည်။ မင်းတုန်းမင်းကြီး၏ ရည်ရွယ်ချက်မှာ ယင်းကျောင်းဆောင်တွင် သံဃာတော် နှစ်ပါးထားရှိရန် ရည်ရွယ်ခဲ့သော်လည်း ဤသာသနိက အဆောက်အအုံများကို ထိုအချိန်အခါက ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သည့် ဟိန္ဒူသူတော်စင် မဟန့်အား အပ်နှံခဲ့ရသည့်အတွက် မြန်မာရဟန်းတော်များ ထားရှိ ခွင့် မရရှိခဲ့ပါ။


နှစ်အတန်ငယ်ကြာပြီးနောက် သီဟိုဠ်နိုင်ငံမှ ဗုဒ္ဓ ဘာသာဝင်သူတော်စင် အနာဂါရိယဓမ္မပါလအမည်ရှိ ပုဂ္ဂိုလ်သည် ဗုဒ္ဓဂယာသို့ ရောက်ရှိခဲ့ပါသည်။ ထိုပုဂ္ဂိုလ် ကြီးသည် ဗုဒ္ဓမြတ်စွာဘုရား၏ အထွတ်အမြတ်နေရာ များကို ဗုဒ္ဓဘာသာဝင်သူတော်စင်များ၏ လက်ထဲသို့ ရောက်ရှိရမည်ဟူသော သန္နိဋ္ဌာန်ချမှတ်ပြီး ကြိုးစား ဆောင်ရွက်ခဲ့ပါသည်။ အနာဂါရိယဓမ္မပါလ၏ စွမ်းဆောင် မှုများကြောင့် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်များအကြား ဗုဒ္ဓဂယာနှင့်ပတ်သက်၍ နိုးကြားမှုများ ရှိလာခဲ့ပါသည်။


သီရိလင်္ကာနိုင်ငံသား အနာဂါရိယဓမ္မပါလ စွမ်းနိုင် သမျှရရှိနိုင်ရန် ကြိုးစားဆောင်ရွက်ပြီးသည့်နောက် ရခိုင် ဆရာတော်ကြီး အရှင်စန္ဒာမုနိသည် ဗုဒ္ဓဂယာသို့ ရောက်ရှိ လာပြီး ဗုဒ္ဓဂယာအား ဗုဒ္ဓဘာသာဝင်များ၏ လက်ထဲ သို့ ပြန်လည်ရောက်ရှိစေရန်နှင့် မင်းတုန်းမင်းကြီး၏ သာသနိက အဆောက်အအုံများ ပြန်လည်ရရှိရေးကြိုးစား ဆောင်ရွက်ခဲ့ပါသည်။ အရှင်စန္ဒာမုနိသည် အသက် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်ကိုပင် အခက်အခဲများကို ရင်ဆိုင်၍ မကြောက်မရွံ့၊ မဆုတ်မနစ်သည့် ကြိုးစား အားထုတ်မှုဖြင့် ဆောင်ရွက်ချက်ကြောင့် ဤသာသနိက အဆောက်အအုံများအား အပြည့်အဝ ပြန်လည်မရရှိခဲ့ သော်လည်း အိန္ဒိယဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဦးဆောင်ရေးဆွဲခဲ့သူ ရခိုင်ဆရာတော်ကြီး ဦးစန္ဒာမုနိ၏ တပည့် တရားသူကြီးချုပ် ဥပဒေပညာရှင် ဒေါက်တာ အမ်ဘေကာ ဦးဆောင်မှုဖြင့် ဟိန္ဒူဇာတ်နိမ့်လူမျိုး ငါးသောင်းကျော်မှာ ၁၉၅၃ ခုနှစ်က နာဂပူမြို့တွင် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်လာပါသည်။ ယင်းနောက် ဒေါက်တာ အမ်ဘေကာ၏ ကူညီပံ့ပိုးမှုကြောင့် အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ပြန်လည်နိုးကြားလာပြီး ဗုဒ္ဓဂယာအား ပြန်လည် ထိန်းသိမ်းခွင့်များ ပြန်လည် ရရှိခဲ့ပါသည်။ သို့ရာတွင် ဗုဒ္ဓဘာသာဝင်များ၏ လက်ထဲသို့ အပြည့်အဝ မရောက်ရှိခဲ့သေးပါ။

 

hjdd


ဤအရှင်သည် အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်မှ Ph.D ဘွဲ့ရရှိပြီးနောက် ဘီဟာပြည်နယ် ဗုဒ္ဓဂယာတွင် ဝင်းဝင်းနို့ဆီမိသားစုက လှူဒါန်းသော ကျောင်းမြေနှင့် ကျောင်းတွင် ကျောင်းထိုင်ဆရာတော်အဖြစ် ၂၀၁၂ ခုနှစ်မှ စတင်၍ သီတင်းသုံးနေထိုင်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံတွင် ၁၈ နှစ်ကြာနေထိုင်လာခဲ့သည့်တိုင် မြန်မာတို့၏ ဘာသာ ရေးအမွေအနှစ်ဖြစ်သော မင်းတုန်းမင်းကြီး၏ သာသနိက အဆောက် အအုံများအား ပြန်လည်မွမ်းမံလိုသည့်ဆန္ဒ မပြည့်ဝခဲ့ပါ။ ဤသို့နှင့် မြန်မာနိုင်ငံမှ ဘုရားဖူးများ လာရောက်သည့်အချိန်တိုင်း ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ယိုယွင်းပျက်စီးနေသော ဤသာသနိကအဆောက်အအုံ များနှင့် သမိုင်းကြောင်းတို့အား ရှင်းလင်းပြောပြဖြစ်ခဲ့ ပါသည်။ ဤအမွေအနှစ်များနှင့်ပတ်သက်၍ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး နည်းလမ်းများ ကြိုးစား ရှာဖွေကြရန် တိုက်တွန်းနှိုးဆော်ခဲ့သော်လည်း ဘုရားဖူး လာရောက်သူအများစုမှ ၎င်းတို့အနေဖြင့်ငွေကြေးအရ လှူဒါန်းမှုများ ပြုလုပ်ပေးနိုင်သော်လည်း ပြုပြင်မွမ်းမံ ရန်အတွက် နှစ်နိုင်ငံအစိုးရချင်း ဆက်သွယ်ဆောင်ရွက် မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပြန်လည်အကြံပြုဆွေးနွေးမှုများရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် သီတဂူဆရာတော်ကြီး၊ ဗုဒ္ဓဂယာ မြန်မာကျောင်းဆရာတော်ကြီးနှင့် အိန္ဒိယမြန်မာ ကျောင်းသား ရဟန်းတော်များ အဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာ အရှင်ဇဝန၊ ကာလကတ္တား မြန်မာကျောင်း ဆရာတော် ဒေါက်တာ နန္ဒောဘာသနှင့် ဤအရှင်ရွှေဘို ဆရာတော်တို့က ဤနေရာကိစ္စနှင့်ပတ်သက် ၍ ပြုပြင်မွမ်းမံရန် မြန်မာသံရုံးမှတစ်ဆင့် အိန္ဒိယအစိုးရသို့ တင်ပြခဲ့ပါသည်။ အိန္ဒိယ အစိုးရက ဤနေရာသည် အိန္ဒိယအစိုးရ၏ သက်ဆိုင်ရာဝန်ကြီး ဌာနလက်အောက်တွင် မရှိဘဲပုဂ္ဂလိက အဖွဲ့အစည်းတစ်ခု၏အုပ်ချုပ် မှုအောက်တွင် ရှိနေသည့်အတွက် အစိုးရမှ ပြုပြင်မွမ်းမံရန် ဆောင်ရွက်၍ မရနိုင် ကြောင်း အကြောင်းပြန်ကြားခဲ့ပါသည်။ ဤအရှင်အနေဖြင့် ဤကဲ့သို့ အခက်အခဲများ ရှိနေသော်လည်း သီတဂူဆရာတော်ကြီး အားပေးလမ်းညွှန်မိန့်ကြားခဲ့သည့်အတိုင်း ဤကိစ္စကိုမည်သည့်နည်းဖြင့်မဆို ဆက်လက် ဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ သို့ဖြစ်၍ လူမှုကွန်ရက်များတွင် ဖြန့်ဝေခဲ့ရာ မင်းတုန်းမင်းကြီး၏ သာသနိက အဆောက် အအုံများ မွမ်းမံရေးနှင့် ပတ်သက်၍ ဗုဒ္ဓ ဘာသာဝင်များအကြား ပို၍နိုးကြားလာခဲ့ သည်ကို တွေ့ရပါသည်။

 

hsfs


၂၀၁၇ ခုနှစ် မတ်လဆန်းပိုင်းတွင် မြိတ်မြို့နယ်မှ မြိတ်သူမြိတ်သား မိသားစု ဘုရားဖူးအဖွဲ့တစ်ဖွဲ့ ဤအရှင်နေထိုင်ရာ ကျောင်းသို့ ရောက်ရှိလာရာ သံဝေဇနိယ လေးဌာနသို့ ကိုယ်တိုင်လိုက်လံပို့ဆောင်ပေးခဲ့ရင်း မင်းတုန်းမင်း၏ သာသနိကအဆောက် အအုံများ ပျက်စီးယိုယွင်းနေမှုနှင့် ပြုပြင်ရန် ကြိုးစားမှုများ မအောင်မြင်ခဲ့ကြောင်း ရှင်းပြ ခဲ့ပါသည်။ သို့ရာတွင် အစိုးရအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရမည့် ကိစ္စဖြစ်နေ ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အိန္ဒိယ ဝန်ကြီးချုပ်နှင့် ဆက်ဆံရေးကောင်းမွန်သည့် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကသာ အိန္ဒိယဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံမည်ဆိုပါက အဆင်ပြေနိုင်ကြောင်း၊ ဤကိစ္စအား နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တိုက်ရိုက်တင်ပြ ပေးနိုင်သူရှိပါက အဆင်ပြေသွားနိုင်ကြောင်း ပြောကြားဖြစ်ခဲ့ပါသည်။ ဘုရားဖူးအဖွဲ့ထဲတွင် ပါရှိသော ဒါယကာဦးနေစိုးက ဤကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထံ စာရေးသားတင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့ပါ သည်။
ဘုရားဖူးအဖွဲ့ပြန်သွားပြီးနောက် ၂၀၁၇ ခုနှစ် မေလတွင် ဒါယကာကြီး ဦးနေစိုးက ဤအရှင်ပြောပြခဲ့သည့် အကြောင်းအရာကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဆက်သွယ်ပေးပို့ ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဤကိစ္စ အားစိတ်ဝင်စားမှုရှိကြောင်း၊ အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကြောင်း ပြန်ကြားခဲ့သည့်အတွက် ဤအရှင်နှင့်တကွ ဗုဒ္ဓဂယာရှိ ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာ သူတော်စင်များက ဝမ်းမြောက်ဝမ်းသာဖြင့် မျှော်လင့်နေခဲ့မိကြပါသည်။
ကံအားလျော်စွာ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင်အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး အိန္ဒိယ- မြန်မာနှစ်နိုင်ငံပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်အပိုဒ် (၃၀)တွင် Archaeological Survey of India (ASI) မှ မင်းတုန်းမင်းကြီး၏ ကောင်းမှုတော် များကို အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ၏ အစိုးရအဖွဲ့နှင့် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင် သော အစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် ပြုပြင်နေကြောင်း ပါရှိ လာခဲ့ပါသည်။ ထို့ကြောင့် ဗုဒ္ဓဂယာရှိ ဤအရှင်နှင့် အတူ သံဃာတော်များ အားလုံး ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ကြ ရပါသည်။

 

hsddsa


ယင်းနောက် တစ်လ ခန့်အကြာတွင် ပြုပြင် ထိန်းသိမ်းမှုများ စတင်ဆောင်ရွက်ခဲ့ သည်ကို ပူးတွဲပါပုံများတွင် ပါရှိသည့်အတိုင်း တွေ့မြင် ရသည့်အတွက် မြန်မာနိုင်ငံမှ ရောက်ရှိလာ သည့်ဘုရားဖူးများနှင့် ဗုဒ္ဓဂယာရှိ သံဃာတော် များအားလုံးတို့က ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ ကြပါသည်။ ဤကဲ့သို့ အခြေအနေရောက်ရှိရန် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ပေးခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဤအရှင်နှင့် ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူများက အလေး အနက်အသိအမှတ်ပြု၍ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာပြုခဲ့ကြပါသည်။


ဤကဲ့သို့နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကြိုးစား ဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုအခါ ဗုဒ္ဓဂယာဂေါပကအဖွဲ့တွင် ဟိန္ဒူ ဘာသာဝင်လေးဦးနှင့် ဗုဒ္ဓဘာသာဝင် လေးဦး ပါဝင်သည့်အဖွဲ့အစည်းနှင့် ထိန်းသိမ်းစောင့် ရှောက် စီမံခန့်ခွဲလျက်ရှိနေ ပါသည်။ ဤကဲ့သို့ အခြေအနေရောက်ရှိရန်အတွက် ရှေးယခင် ခေတ်ကာလများက ဆောင်ရွက်ပေးကြသည့် သီဟိုဠ်မှ အနာဂါရိယဓမ္မပါလနှင့် ရခိုင်ဆရာ တော်ကြီး ဦးစန္ဒာမုနိတို့၏ ကျေးဇူးတရား အား အထူးအလေး မြတ်ပြုမိပါကြောင်းနှင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် ဗုဒ္ဓ ဘာသာ၏အထွတ်အမြတ်ထားရာအဆောက် အအုံများ ရေရှည်တည်တံ့နိုင်ရေးအတွက် ဆောင်ရွက်ကြရန် ဤအရှင်အနေဖြင့် နှိုးဆော်တိုက်တွန်းအပ်ပါသည်။


စာရေးသူ ဤအရှင်ဝိသုတသည် ယခုအခါ ကိုဗစ်- ၁၉ ကာလဖြစ်၍ အိန္ဒိယ နိုင်ငံမှ မြန်မာနိုင်ငံသို့ ခေတ္တခဏပြန်ရောက် နေပါသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ တွင် အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ် ဒါယိကာမကြီး ဒေါ်အောင် ဆန်းစုကြည်၏ မေတ္တာရပ်ခံပြောကြားပေးမှု အပေါ် နှစ်နိုင်ငံကြေညာချက် အပိုဒ်(၃ဝ)တွင် အိန္ဒိယရှေးဟောင်းသုတေသနအဖွဲ့က တာဝန်ယူဆောင်ရွက်သွားမည်ဟု ပါရှိခဲ့ သည့်အပေါ် ယခုပြင်ဆင်မှုမှာ ၆၅ ရာခိုင် နှုန်းခန့် ပြီးမြောက်နေပြီဖြစ်ပါသည်။


ယခင်က ဝင်ခွင့်မရသော မင်းတုန်းမင်း ကြီး ကျောက်စာနှင့် သိမ်ဇရပ်များနေရာသို့ ယခုအခါ တရားဝင် ဝင်ရောက်လေ့လာခွင့် ရရှိနေပြီ ဖြစ်ပါသည်။ စာရေးသူအနေဖြင့် ထပ်မံတင်ပြလိုသည်မှာ မင်းတုန်းမင်း ကျောက်စာသည် မူရင်းနှစ်ချပ်ဖြစ်ပြီး ယခုအခါ တစ်ချပ်သာ ကျန်ရှိခဲ့၍ ပျောက်ဆုံး နေသောတစ်ချပ်ကို အိန္ဒိယအစိုးရက မေတ္တာ စေတနာရှေ့ထား ရှာဖွေပေးလျှင် ပြန်ရနိုင် မည်ဖြစ်၍ အိန္ဒိယနိုင်ငံအစိုးရအား တိုက်တွန်းပေးစေ လိုပါသည်။ နောက်တစ် ချက်မှာ မင်းတုန်းမင်းကြီး၏ ဇရပ်သည် လည်း ပြုပြင်မွမ်းမံရန် ကျန်ရှိနေသေးပြီး ယင်းဇရပ်မှာ နှစ်ပေါင်း ၁၅၀ ကျော်နေပြီ ဖြစ်၍ မပျက်စီးခင် အချိန်မီ ပြုပြင်နိုင်ပါက ပို၍သင့်တော်မည်ဟု ယူဆပါကြောင်း ကုသိုလ်ပြုရေးသားတင်ပြ လိုက်ရပါသည်။
အန္တရာယ်ကင်း ရန်ဘေးရှင်း၍ ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံ ကြပါစေ။ ။