ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

ဆရာကြည်

(၉-၁၀-၂၀၂၂ ရက်နေ့မှအဆက်)

ဘုရားရှင်သည် ထိုနေ့မိုးသောက်ယံ၌ သမန္တစက္ခုဖြင့် တစ်လောကလုံးကို ကြည့်တော်မူရာတွင် ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကွန်ရက်တွင် စူဠပန်ဝင်ရောက်လာသည်ကိုမြင်၍ ၎င်း၏ရှေ့မှ ကြိုတင်ဦးစွာ ဘုရားရှင်က စင်္ကြံကြွတော်မူလေသည်။ ဘုရားရှင်က အနီးသို့ရောက်သောအခါ စူဠပန်အား အကျိုးအကြောင်းကို မေးတော်မူလေသည်။ 

ဘုရားရှင်က စူဠပန်၏ စကားကြားသောအခါ ရဟန်းအဖြစ်သည် ဘုရားရှင်နှင့်သာဆိုင်ကြောင်း သင့်နောင်တော်နှင့်မဆိုင် ယင်းကိစ္စ အဘယ်ကြောင့် ဘုရားရှင်အား မပြောသလဲဟူ၍ နှစ်သိမ့်စကားပြောသည်။ ထို့အပြင် ဘုရားရှင်သည် စူဠပန်အား ဦးခေါင်းကို သုံးသပ်လျက် ဂန္ဓကုဋိတိုက်သို့ ခေါ်သွားလေသည်။ 

ဂန္ဓကုဋိတိုက်သို့ ရောက်သောအခါ ဘုရားရှင်ကတန်ခိုးဖြင့် ဖန်ဆင်းထားသော အဝတ်ဖြူပိုင်းကို စူဠပန်အားပေး၍ “ရဇောဟရဏံ” ဟု ရွတ်ဆိုပြီး ဤဝတ်ဖြူပိုင်းကို ဆုပ်နယ်၍ ဤနေရာ၌ နေရန် မိန့်တော်မူလေသည်။ စူဠပန်သည် ဘုရားမိန့်တော်မူသည့်အတိုင်း လုပ်ဆောင်ရာ အဝတ်သည် ညစ်နွမ်းရလေသည်။ ထိုအဖြစ်ကိုမြင်၍ ဤအဝတ်ဖြူကား အတ္တဘောကိုဆောင်၍ တရားဆောင်လျက် မမြဲပါတကားဟု ဝိပဿနာကို ပွားများလေသည်။ ဘုရားရှင်သည် ယင်းအကြောင်းကိုသိသော် စူဠပန်ထံသို့ လွှတ်တော်မူပြီး ၎င်းရှေ့၌ ကိုယ်တော်ကို ထင်ရှားပြလျက် ဤပုဆိုးပိုင်းဝတ်ဖြူသည် ညစ်နွမ်းစေတတ်သော မြူကြောင့်မဟုတ်၊ သင့်ခန္ဓာကိုယ်တွင်းရှိ ညစ်နွမ်းစေတတ်သော ရာဂမြူကို ပယ်လော့ဟု ဟောကြားတော်မူလေသည်။ 

စူဠပန်သည် ဘုရားရှင်ဟောကြားသော တရားများနာ၍ သင်္ခါရတရားတို့သည် ဉာဏ်၌ ထင်လာပြီး ပဋိသမ္ဘိဒါလေးပါး၊ အဘိညာဉ်ခြောက်ပါးနှင့်တကွ ရဟန္တာဖြစ်လေသည်။ 

ဇီဝကက ဘုရားနှင့်တကွသော ရဟန်း၊ သံဃာတော်များအား ဆွမ်းယာဂု စသည်တို့ကို ကပ်သော် ဘုရားသည် သပိတ်တော်မပေးဘဲ ကျောင်းတွင် သံဃာတစ်ပါး ကျန်သေးကြောင်း မိန့်တော်မူလေသည်။ မဟာပန်မထေရ်သည် ဘုရားရှင်အား မရှိကြောင်း လျှောက်ထားပါသည်။ ဇီဝကလည်း သူ၏လူတစ်ဦးကို ကျောင်းတော်သို့စေလွှတ်၍ စုံစမ်းခိုင်းသည်။ စူဠပန်သည် နောင်တော်၏စကားသံကို ကြားထား၍ ဇီဝကသရက်ပင်ဥယျာဉ်ကျောင်းတော်များ၌ ရဟန်းများ အလုပ်အမျိုးမျိုး လုပ်နေပုံကို ဖန်ဆင်းထားလေသည်။ ထိုရဟန်းများကို မြင်လျှင် ထိုယောက်ျားသည် ဇီဝကကို ပြန်ပြောသည်။ ဘုရားရှင်က စူဠပန်ရဟန်းတစ်ပါးကိုသာ ပင့်ပါဟု မိန့်မှာလေသည်။ နောက်တစ်ကြိမ်၌ စူဠပန်ရဟန်းများ အားလုံးဖြစ်နေ၍ ထိုယောက်ျားပြန်လာပါသည်။ ထိုအခါ ဘုရားရှင်က ပထမဦးဆုံး စူဠပန်ဟု ဆိုသူကိုသာ ပင့်ဆောင်လာပါဟု မိန့်တော်မူသည်။ ထိုယောက်ျားသည် ဘုရားရှင် မိန့်မှာသည့်အတိုင်း ပြုသော် နိမ္မိတ (ဖန်ဆင်းထားရုပ်ပွား) များ ကွယ်ပျောက်သွားလေသည်။ စူဠပန်တစ်ပါးတည်း ကိုသာပင့်လာလေသည်။ ဆွမ်းများဘုဉ်းပေးပြီးသော် ဘုရားရှင်က စူဠပန်အား အနုမောဒနာတရားကို ဟောရန်မိန့်ကြား၍ ခြင်္သေ့မင်းကဲ့သို့ ရဲတင်းသောအသံဖြင့် စူဠပန်သည် ဟောကြားတော်မူလေသည်။ 

ရဟန်းအပေါင်းတို့သည် ညနေချမ်းအခါ၌ တရားသဘင်တွင် ဘုရားရှင်၏ ကျေးဇူးကြီးမား သောအကြောင်း စူဠပန်နှင့်ပတ်သက်၍ အံ့ဩစွာ ပြောကြားနေကြသည်။ ထိုအဖြစ်ကို ဘုရားရှင် ကြွလာပြီးမေးသော် ရဟန်းတို့က ဖြေကြားသည်။ ဘုရားရှင်သည် ဤစူဠပန်အား အတိတ်ဘဝကာလ သူ သူဌေးဖြစ်တုန်းက ချမ်းသာအောင် မစဖူးကြောင်း စူဠသေဋ္ဌိဇာတ်တော်ကို ဟောကြားလေသည်။ ထို့နောက် ဘုရားရှင်သည် သာသနာတော်တွင် လုံ့လ၊ ဝီရိယကြိုးကုတ်အားထုတ်သော သူသည်ရဟန္တာအဖြစ်သို့ ရောက်လေသည်ဟု တရားဒေသနာ ဟောကြားလေသည်။

အရှင်ဥပသေနအကြောင်း

အရှင်ဥပသေနသည် ရာဇဂြိုဟ်ပြည်၏အနီး နာဠန္ဒမည်သော ရွာကြီး၏တံခါး၌ မွေးခဲ့ပါသည်။ ဝင်္ကန္တပုဏ္ဏားနှင့် သာရီပုဏ္ဏေးမတို့၏သားဖြစ်ပြီး ဘုရားရှင်၏ လက်ယာရံ အရှင်သာရိပုတ္တရာ၏ ညီအရင်းဖြစ်သည်။ ၎င်းသည် အရွယ်ရောက်သောအခါ ဗေဒင်သုံးပုံကို တတ်ကျွမ်းသည်။ 

“ဥပသေန” လုလင်ပုဏ္ဏားသည် နောင်တော် အရှင်သာရိပုတ္တရာကို ချစ်ခင်လေးစား၍ ဘုရား ကျောင်းတော်သို့ တစ်လတစ်ကြိမ် သွားလေ့ရှိသည်။ ဘုရားရှင်၏တရားတော်ကို နာရသဖြင့် သာသနာ၌ သဒ္ဓါတရားပွားများလာပြီး ရဟန်းပြုလေသည်။ ၎င်းသည် ရဟန်းပြု၍ တစ်ဝါရသောအခါ ဘုရားရှင်၏ သာသနာတော်၌ အရိယာဖြစ်သော ပရိယတ်များကို ပွားများ၍ နှလုံးသွင်းထားလေသည်။ ၎င်းသည် အမျိုးကောင်းသားတစ်ဦးအား ရဟန်းပြုပေးထားပါသည်။ ဥပသေနရဟန်းသည် ဝါကျွတ်သော အခါ၌ ဘုရားရှင်အား ဖူးမြော်ရန် ဆရာတပည့်နှစ်ဦး ကြွသွားလေသည်။

ဘုရားရှင်ထံသို့ ရောက်သောအခါ ဘုရားရှင်က ၎င်းအား ရဟန်းဝတ်သည်မှာ ဘယ်နှဝါရှိပြီလဲဟု မေးသည်။ ၎င်းက နှစ်ဝါရှိပြီဖြစ်ကြောင်း လျှောက်ထားပါသည်။ တစ်ဖန်ဘုရားရှင်သည် သူပါလာသော ရဟန်းသည် ဘယ်နှဝါရှိသည်၊ မည်သို့တော်စပ်သည်လဲ မေးတော်မူပြန်ပါသည်။ ၎င်းကသူ ရဟန်းဝတ် ပေးသောရဟန်းဖြစ်ကြောင်း၊ တစ်ဝါရှိကြောင်း ဖြေကြားပါသည်။ ထိုအခါ၌ ဘုရားရှင်က ဥပသေန ရဟန်းအား “မဂ်ဖိုလ်တရားများကို မရှာဘဲ ပရိသတ် ပွားစေရန် ပြုတော်မူသနည်း၊ သူတစ်ပါး၏ အဆုံးအမကို ခံယူမည့်သူဖြစ်ပါလျက် သူတစ်ပါးပျက်စီးရန် အားထုတ်ဘိသနည်း”ဟု မိန့်မြွက်လေသည်။ 

ဘုရားရှင်၏ ပြစ်တင်ခြင်းကိုခံရသော ဥပသေနရဟန်းသည် ဘုရားရှင်၏ ချီးကျူးခြင်းကို ခံရအောင် သူလုံ့လပြုမည်ဟုကြံပြီး ကြိုးစားအားထုတ်လေသည်။ ၎င်းသည် ကမ္မဋ္ဌာန်းဝိပဿနာ ကို အားထုတ်၍ ကြိုးစားဝီရိယစိုက်သောကြောင့် မကြာမီပင် ရဟန္တာဖြစ်သွားလေသည်။ ထိုအခါမှစ၍ မိမိထံသို့လာကြသော ဒကာ၊ ဒကာမတို့အား “ကာမာ ဒိနဝ နေက္ခမ္မာနိသံသ” ကာမဂုဏ်တို့၏အပြစ်နှင့် ကာမဂုဏ်တို့ကို စွန့်လွှတ်ခြင်းအကျိုး တရားတို့ကို ဆန်းကြယ်စွာဟောပြောဆုံးမလေသည်။ ၎င်းသည် အမျိုးမြတ်သောသူမှ ဆင်းသက် လာခြင်းကြောင့်လည်းကောင်း၊ နှစ်သက်ဖွယ်သော တရားစကားကို ပြောဆိုဟောပြောခြင်းကြောင့်လည်းကောင်း လူများစွာသည် ဘုရားရှင်၏ သာသနာတော်၌ ရဟန်းပြုလာကုန်သည်။ 

ဥပသေနရဟန်းသည် ဆယ်ဝါမြောက်သောအခါ၌ ဝိနည်းဒေသနာတော်ကို အထူးပြုလေ့လာ လျက် အများပြည်သူတို့အား ရဟန်းပြုပေးသည်။ ဤသို့ပြုရာမှ ရဟန်းငါးရာမျှရှိသောအခါ ဘုရားထံသို့ ကြွရောက်ပြီး သာသနာတော်ကို ကြိုးစားအားထုတ်ပုံအကြောင်းကို  လျှောက်ထားလေသည်။ 

ဤသို့လုပ်ဆောင်ပုံကို ဘုရားရှင်က ၎င်းအား ချီးကျူးဝမ်းမြောက်စွာဖြင့် “သာဓု” သုံးကြိမ်ခေါ်ပြီး ကောင်းချီးပေး၍ ကျေးဇူးစကားဖြင့် များစွာချီးမွမ်းတော်မူလေသည်။ 

ထို့နောက် ဘုရားရှင်သည် နောင်သောအခါ၌ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် ရဟန်းတို့အား ဧတဒဂ်ပေးတော်မူသောအခါ သာသနာတော် တည်ကြည်လာအောင် လုပ်ဆောင် သော ရဟန်းများအနက် ဥပသေနရဟန်းသည် အမြတ်ဆုံးဟု ဘုရားရှင်က မိန့်မြွက်တော်မူသည်။ သို့ဖြစ်၍ ၎င်းအား “သမန္တပါသာဒိက ဧတဒဂ်” အရာ၌ ထားတော်မူလေသည်။ 

 ခြောက်ဦးသော တိတ္ထိဆရာကြီးတို့နှင့် စန္ဒကူး သပိတ်အကြောင်း 

 ယင်းအချိန်ကာလ၌ ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီးရှိ မင်္ကုလတောင် ချရားတောကျောင်း၌ ဆဋ္ဌမဝါဆို၍ ဝါကျွတ်သောအချိန်ကာလ ဖြစ်ပါသည်။ ထိုအချိန်တွင် ရာဇဂြိုဟ်ပြည်သူဌေးသည် ဂင်္ဂါမြစ်သို့ သွားရောက်၍ ရေစီးရေလာအထက်မှ ပိုက်ကွန်များကာ၍ ၎င်း၏ ကျေးကျွန်များနှင့်အတူ ရေကစားလေသည်။ 

ထိုအခါက ဟိမဝန္တာတောမှ ကျမျောလာသော စန္ဒကူးသစ်တုံးများသည် မြစ်၏အကွေ့အကောက်၊ ကျောက်ဆောင်စွန်းတို့၌ ရေစီးအဟုန်ကြောင့် တိုက်ခိုက်၍ အပိုင်းပိုင်းပြတ်လျက် အကာမရှိ အနှစ်သားတို့ဖြင့် မျောပါလာလေသည်။ ယင်းမျောလာသော စန္ဒကူးသစ်တုံးများသည် ကာထားသော ပိုက်ကွန်နှင့်ငြိလေသည်။ သူဌေးသည် ၎င်းသစ်တုံး များကိုခုတ်၍ စစ်ဆေးသောအခါ အဖိုးအနဂ္ဃ ထိုက်တန်သော စန္ဒကူးသားအနှစ်များဖြစ်ကြောင်း သိ၍ ယူဆောင်သွားလေသည်။ 

ဤသူဌေးသည် မိစ္ဆာဒိဋ္ဌိလည်းမဟုတ်၊ သမ္မာဒိဋ္ဌိလည်းမဟုတ်ဟု သံသယဖြစ်၍နေသူတစ်ဦးဖြစ်ပါသည်။ သူသည် ဤစန္ဒကူးသစ်တုံးများဖြင့် လောကစီးပွားဖြင့် မဆောင်ရွက်ဘဲ သူ့သံသယကို ပြေလည်အောင် ဖြေရှင်းရန်ကြံသည်။ ဤပြည်၌ ဆရာကြီး အချို့တို့သည် သူတို့ကိုယ်သူတို့ ရဟန္တာဟု အမည်ခံ ကြပါသည်။ ဤသို့အမည်ခံခြင်းသည် အစစ် ဟုတ်၊ မဟုတ်သိရန် အကြံထုတ်၍ လုပ်ဆောင်လေသည်။ အတောင်ခြောက်ဆယ်မျှ  မြင့်သောဝါးများ အဆင့်ဆင့်ဆက်၍ စိုက်ထူပြီး ထိပ်တွင်ချောမွတ် သောသပိတ်များကို ဂင်္ဂါမြစ်မှရလာသည့် စန္ဒကူးသစ်သားနှစ်များဖြင့် လုပ်ဆောင်ပြီး ချိတ်ဆွဲစေသည်။ ယင်းချိတ်ဆွဲထားသော စန္ဒကူးသပိတ်များကို ရဟန္တာအမှန်ဖြစ်ပါက ကောင်းကင်သို့ပျံတက်၍ ယူဆောင်စေသည်။ ဤယူဆောင်နိုင်သူများကို ယင်းသူဌေးက သူတို့မိသားစု အသက်ထက်ဆုံး ကိုးကွယ်မည်ဟု ကြေညာလေသည်။

(ဆက်လက်ဖော်ပြပါမည်)