ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

ဆရာကြည်

(၉-၃-၂၀၂၄ ရက်နေ့မှအဆက်)

ရောဟိနီမင်းသမီးအကြောင်း

ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းသို့ အရှင်အနုရုဒ္ဓါမထေရ် ရောက်သောအချိန်၌ ယင်းကျောင်းသို့ ၎င်း၏ဆွေတော်အပေါင်းတို့သည် လာရောက်ကြကုန်သည်။ ၎င်း၏ညီမဖြစ်သူ ရောဟိနီမင်းသမီးသည် အရေပြားရောဂါစွဲကပ်နေသောကြောင့် ရှက်သဖြင့် မလာရောက်ပေ။

ထိုအခါ၌ အရှင်အနုရုဒ္ဓါသည် သူ့ညီမ ရောဟိနီ မင်းသမီးအားခေါ်၍ မိမိ၌ဆင်ထားသော ရတနာတန်ဆာများကို ရောင်းချ၍ ဆွမ်းစားဇရပ် ဆောက်လုပ်ပြီး လှူဒါန်းလော့ဟူ၍ မိန့်ဆိုလေသည်။ ဆွေတော်မျိုးတော်များကလည်း သစ်စသောပစ္စည်းများ ယူဆောင်ပေးလေသည်။ ရောဟိနီသည် ယင်းတန်ဆာကို ရောင်းရာ ငွေတစ်သောင်း ရရှိသည်။

မထေရ်က နှစ်ထပ်ကျောင်းဆောင် ဆွမ်းစား ဇရပ်ဆောက်လုပ်ရန် စီစဉ်လေသည်။ ရောဟိနီ အားလည်း “ရောဟိနီ သင်သည် ဤဇရပ် ဆောက်လုပ်စဉ် ပျဉ်ခင်းပြီးသည်မှစ၍ နေ့စဉ် ဇရပ်အောက်၌ မပျက်တံမြက်လှည်း၊ မပျက် သောက်ရေအိုးများရေဖြည့်” ဟု မိန့်တော်မူသည်။ ၎င်းကလည်း မထေရ် မိန့်တော်မူသည့်အတိုင်း လုပ်ဆောင်သည်။ ဇရပ်ဆောက်လုပ်ပြီးသောအခါ ရဟန်းအပေါင်းတို့သည် ဇရပ်အောက်၌ နေကြပေသည်။ ရောဟိနီသည် ဇရပ်အောက်၌ တံမြက်လှည်းစဉ်ကပင် သူ၏ အရေပြားရောဂါသည် ညှိုးနွမ်းသွားလေသည်။

ယင်းဆွမ်းစားဇရပ်ပြီးသောအခါ ဘုရားအမှူးရှိသော ရဟန်းသံဃာတို့အား ပင့်ဖိတ်၍ ဆွမ်းကပ်လှူဒါန်းလေသည်။ ယင်းအလှူသို့ ရောဟိနီ မင်းသမီးသည် ရှက်၍မလာပေ။ ဘုရားရှင်က ဤအလှူသည် မည်သူ့အလှူဖြစ်သနည်းဟု မေးတော်မူသည်။ အရှင်အနုရုဒ္ဓါက သူ့ညီမရောဟိနီ အလှူဖြစ်ကြောင်း၊ ကိုယ်ရေပြားရောဂါဖြစ်၍ ရှက်သဖြင့် မလာကြောင်းကို လျှောက်ထားလေသည်။ ဘုရားရှင်က ရောဟိနီမင်းသမီးအား ခေါ်စေပြီး “ရောဟိနီ သင်သည် ရှေးအခါ မိဖုရားဖြစ်စဉ်က မင်းကြီး၏ ကချေသည်မကို ရန်ငြိုးထား ဒေါသထွက်ပြီး ယင်းကချေသည်၏ အဝတ်အစား၊ ခြုံထည်၊ အိပ်ရာများပေါ်သို့ ခွေးလှေးယားသီးမှုန့်များကို မသိအောင် ကြဲဖြန့်ထားသည်။ ကိုယ်၌ယားယံ၍ အိပ်ရာ၌ သွားအိပ်သော်လည်း ခွေးလှေးယားသီးမှုန့်များကြောင့် ပြင်းပြသောဝေဒနာကို ခံစားရလေသည်။ ဤသို့ ဒေါသကိုမှီ၍ ပြုလုပ်ခဲ့သောကြောင့် ယခုဘဝတွင် ဤရောဂါကို ခံရပေ၏” ဟု ဘုရားရှင်က ရှေးအတိတ်ကံအကြောင်းကို ဟောပြလေသည်။

ဘုရားရှင်က ဆက်လက်၍ “ရောဟိနီ အနည်းငယ်မျှ အမျက်ထွက်ခြင်း၊ ငြူစူခြင်းငှာ မပြုသင့်၊ အမျက်ဒေါသကို စွန့်ပယ်ရ၏။ မာနကို စွန့်ရ၏။ သံယောဇဉ်အားလုံးကို ကျော်လွန်ရ၏။ ရုပ်နာမ်၌ တွယ်ကပ်ခြင်းမရှိ၊ ကြောင့်ကြခြင်းမရှိသော သူတို့၌ ဤဆင်းရဲဒုက္ခသည် မကျရောက်နိုင်” ဟု ဂါထာဖြင့် ဟောကြားလေသည်။ ဤသို့ တရားကိုနာကြားပြီးသောအခါ ရောဟိနီသည် သောတာပန်ဖြစ်လေသည်။ ကိုယ်ရေပြားရောဂါလည်း ပျောက်ကင်းကာ ၎င်း၏ကိုယ်သည် ရွှေအဆင်းနှင့် ပြည့်စုံမှုဖြစ်လာလေသည်။ ရောဟိနီသည် ဤဘဝမှ သေလွန်သော အခါ တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏မိဖုရား သွားဖြစ်လေသည်။

ဘုရားရှင်၏ ဦးရီးတော် သုပ္ပဗုဒ္ဓ မြေမျိုခံရခြင်း

သုပ္ပဗုဒ္ဓမင်းသည် ဘုရားရှင်မယ်တော်၏ မောင်တော်အရင်း ဖြစ်သည်။ ၎င်းသည် ဘုရားရှင် အား အချက်နှစ်ချက်ပေါ်မူတည်၍ ရန်ငြိုးဖွဲ့ထားသည်။ (၁) သုပ္ပဗုဒ္ဓမင်းသည် သူ့သမီးတော်ကိုပစ်၍ ဘုရားရှင်က တောထွက်သွားခြင်း၊ (၂) သုပ္ပဗုဒ္ဓမင်း ၏သားဖြစ်သည့် ဒေဝဒတ်အား ရဟန်းဝတ်ပေးပြီး နေရာမပေးဘဲ ရန်သူသဖွယ် ဆက်ဆံခြင်းဟူသော အချက်များပေါ် အထင်လွဲမှား ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပါသည်။

သို့ဖြစ်၍ သုပ္ပဗုဒ္ဓမင်းကြီးသည် အထက်ပါ ရန်ငြိုးများကြောင့် ဘုရားရှင် ဆွမ်းစားဖိတ်ရာ အရပ်သို့ မသွားနိုင်အောင် ပြုလုပ်ရန် ကြံလေသည်။ ဘုရားရှင်သည် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ တစ်ဆယ့်ငါးဝါမြောက် ဝါကပ်တော်မူချိန် ဖြစ်သည်။ တစ်နေ့သောအခါ ဘုရားရှင်က ဆွမ်းစားရန် ဖိတ်သောနေရာလမ်းကို သူ၏ဦးရီးတော် သုပ္ပဗုဒ္ဓသည် သေရက်များသောက်၍ လမ်းပိတ်ထားလေသည်။ ထို့အပြင် သုပ္ပဗုဒ္ဓသည် မင်းချင်းတစ်ဦးအား ခေါ်ပြီး “ငါ့တူဘုရားကို အခြားလမ်းမှသွားရန် ပြောလိုက်။ ငါ့ထက် အသက်ငယ်တဲ့ ဤဂေါတမ ဘုရားကို လမ်းမပေးနိုင်ဘူး” ဟု ပြောခိုင်းလေသည်။ ဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက်ကြွလာစဉ် ဦးရီးတော်၏စကားကိုကြားလျှင် ပြန်လှည့်၍ ကြွတော်မူလေသည်။

သုပ္ပဗုဒ္ဓသည် သူ၏ သူလျှိုတစ်ယောက်ကို လွှတ်၍ “ဂေါတမဘုရား ပြောသည့်စကားကို နားထောင်၍ ပြန်လာခဲ့လော့”ဟု စေခိုင်းလိုက်သည်။ ဘုရားရှင်က လှည့်ပြန်ရာမှာပင် “ချစ်သားအာနန္ဒာ ဦးရီးတော် သုပ္ပဗုဒ္ဓမင်းကြီးသည် ငါကြွရာလမ်းကို မဖယ်ပေးသောကြောင့် ကြီးလေးသော အကုသိုလ်အမှုကို ပြုခဲ့ချေပြီ။ ယင်းနေ့မှ နောက် ခုနစ်ရက်မြောက်သောနေ့၌ သုပ္ပဗုဒ္ဓမင်းကြီးသည် သူ၏ပြာသာဒ်အောက်ရှိ စောင်းတန်းလှေကားရင်း၌ မြေမျိုခံရပေလတ္တံ့”ဟု မိန့်တော်မူလေသည်။

ထိုစကားကို သုပ္ပဗုဒ္ဓမင်းကြီး၏ သူလျှိုသည် မင်းကြီးအား ပြန်ပြောပြလေသည်။ “ငါ့တူ ဂေါတမ ပြောသည့်အတိုင်း ဖြစ်တတ်၏။ သို့ရာတွင် ဘုရားရှင် ဂေါတမ၏ စကားကို မမှန်အောင် ပြုပေအံ့” ဟု သုပ္ပဗုဒ္ဓသည် “ငါသည် ဤနေ့မှစ၍ ခုနစ်ရက်ပြည့် သည်အထိ ထိုစောင်းတန်းလှေကားရင်းသို့ မသွားဘဲ နေအံ့၊ ခုနစ်ရက်ပြည့်၍ မြေမျိုမခံရလျှင် သူ့အား ငါက မုသာဝါဒဖြင့် နိုင်ပေအံ့” ဟု ကြံလေသည်။

သုပ္ပဗုဒ္ဓမင်းကြီးသည် ၎င်း၏ အသုံးအဆောင်ပစ္စည်းများကို ဘုံခုနစ်ဆင့် ပြာသာဒ်ပေါ်၌ ထားစေသည်။ စောင်းတန်းလှေကားများကိုလည်း ဖြုတ်ထားပေသည်။ တံခါးများကိုလည်း ပိတ်ထားလေသည်။ တံခါးတစ်ခုစီ၌ နပန်းနှစ်ဦးစီကိုထားပြီး “ငါမေ့ပြီး အောက်သို့ဆင်းလျှင် အမောင်တို့က မဆင်းရအောင် တားမြစ်ကြလော့”ဟု မှာထားပြီး ဘုံခုနစ်ဆင့် ပြာသာဒ်ဆောင်၌ နေတော်မူသည်။ 

ဘုရားရှင်သည် ရဟန်းများထံမှ ဦးရီးတော် သုပ္ပဗုဒ္ဓ၏ ပြုမူဆောင်ရွက်ထားချက်ကို ကြားလျှင် “ရဟန်းတို့ သုပ္ပဗုဒ္ဓသည် ပြာသာဒ်ပေါ်၌ နေသည် ဖြစ်စေ၊ ကောင်းကင်ထက်၌ ပျံတက်နေသည် ဖြစ်စေ၊ လှေတို့ဖြင့် သမုဒ္ဒရာ၌ နေသည်ဖြစ်စေ၊ တောင်လိုဏ်ဂူတို့၌ ဝင်နေသည်ဖြစ်စေ၊ ငါဘုရား၏ စကားတော်မှာ မှန် မမှန်၊ ဟုတ် မဟုတ် နှစ်ခွမရှိ အဟုတ်အမှန် တစ်မျိုးတည်းသာရှိသည်။ ငါ ဘုရား ဆိုထားသည့်အတိုင်း သုပ္ပဗုဒ္ဓသည် မြေမျိုခံရပေ လတ္တံ့” ဟု ဂါထာဖြင့် မိန့်တော်မူလေသည်။ 

ဘုရားရှင်အား လမ်းပိတ်ဆို့သည့်နေ့မှ ခုနစ်ရက်မြောက်နေ့ နံနက်ခင်းသို့ ရောက်သောအခါ သုပ္ပဗုဒ္ဓမင်းကြီးသည် ၎င်း၏မင်္ဂလာမြင်း ကြိုးလွတ်၍ မြည်ဟည်းပြီး ထိုထိုနံရံတို့ကို ကန်သည်ကို ကြားရလေသည်။ ထိုအခါ ၎င်းသည် မင်္ဂလာမြင်းကို ဖမ်းယူစွဲကိုင်လိုသောစိတ်ဖြစ်ပေါ်၍ ပြာသာဒ်လှေကားများသို့ ဆင်းလာလေသည်။ ယင်းလှေကားရှိ တံခါးများကလည်း အလိုလိုပွင့်သွားလေသည်။ ဖြုတ်ထားသော လှေကားများကလည်း နေရာအတိုင်း ဖြစ်နေလေသည်။ နပန်းသမားများကလည်း သူ့ လည်ပင်းကို ဆွဲကိုင်၍ အောက်သို့ပစ်ချလေသည်။ အောက်ဆုံးရှိ တံခါးအသီးသီး၌ စောင့်နေကြသော နပန်းသမားများကလည်း ၎င်း၏လည်ပင်းကို ဆွဲကိုင်၍ အောက်သို့ပစ်ချလေသည်။ ၎င်းသည် အောက်ဆုံးလှေကားခြေရင်းသို့ ရောက်သည့်ခဏ ၌ပင် မြေကြီးသည် အက်ကွဲ၍ မြေမျိုလေသည်။ ဤသို့ဖြင့် သုပ္ပဗုဒ္ဓမင်းသည် တောက်လျှောက် အဝီစိ ငရဲသို့ ရောက်သွားလေသည်။ 

သိကြားမင်းက ပြဿနာလေးပါးကို လျှောက်ထားခြင်း
ဘုရားရှင်သည် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ တစ်ဆယ့်ငါးဝါ သီတင်းသုံးတော်မူပြီး ချေချွတ်ထိုက်သူများကို ချေချွတ်တရားများ ဟောကြားခဲ့ပြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ကြွမြန်းတော်မူလေသည်။ 

ဤအချိန်တွင် တာဝတိံသာနတ်ပြည်၌ နတ်အပေါင်းတို့အလယ်တွင် အောက်ဖော်ပြပါ ပြဿနာလေးပါး ပေါ်လျက်ရှိနေသည်။ ဤပြဿနာကို မည်သူမျှ မဖြေနိုင်ကြပေ။ 

(၁) အလှူအပေါင်းတွင် အဘယ်အလှူသည် အမြတ်ဆုံးနည်း။ 

(၂) အရသာအပေါင်းတွင် အဘယ်အရသာက အမြတ်ဆုံးနည်း။ 

(၃) မွေ့လျော်ခြင်းအပေါင်းတို့တွင် အဘယ် မွေ့လျော်ခြင်းသည် အမြတ်ဆုံးနည်း။ 

(၄) တဏှာကုန်ခြင်းဖြစ်သော အရဟတ္တဖိုလ်ကိုသာ အဘယ်ကြောင့် အမြတ်ဆုံးနည်း။ 

အထက်ပါ ပြဿနာလေးပါးကို နတ်အပေါင်းတို့ တစ်ဦးပြီးတစ်ဦး အချင်းချင်း မေးမြန်းကြသည်။ စကြဝဠာတိုက်အပေါင်းတို့၌ ၁၂ နှစ်ကြာ လှည့်လည်မေးမြန်း စုံစမ်းကြပါသော်လည်း မည်သူမျှ မဖြေနိုင်။ ဖြေနိုင်သူတစ်ဦးတစ်ယောက် မျှ မတွေ့ရ၍ နောက်ဆုံး စတုမဟာရာဇ်နတ် မင်းကြီးလေးဦးထံသို့ သွားရောက်မေးမြန်းကြသည်။ သို့သော်လည်း ဤအဖြေကို မရဘဲ ဖြစ်နေသည်။ 

နောက်ဆုံး သိကြားမင်းထံ ဤပြဿနာ လေးရပ်ကို မေးမြန်းကြသည်။ သိကြားမင်းက လည်း သူလည်းမသိ၊ မဖြေကြားနိုင်ပါဟုပြော၍ ဤလေးပါးပြဿနာ ဖြေကြားခြင်းသည် ဘုရားရှင် သာဖြစ်ပါမည်ဟု ပြောဆိုလေသည်။ 

(ဆက်လက်ဖော်ပြပါမည်)