ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

 

ဆရာကြည်

 

(၃၁-၈-၂၀၂၃ ရက်နေ့မှအဆက်)

 

ဝေရဉ္ဇာပြည်မှ ဗာရာဏသီပြည်သို့ ကြွတော်မူခြင်း

နန္ဒိယဥပါသကာ ကျောင်းလှူဒါန်းခြင်း

 

ဘုရားရှင်သည်  ဝေရဉ္ဇာပြည်တွင် တစ်ဆယ့် နှစ်ဝါမြောက် သီတင်းသုံးတော်မူပြီးနောက် ဝါကျွတ်သော် ရဟန်းငါးရာတို့နှင့် ခရီးဒေသစာရီကြွတော်မူလေသည်။ ထိုသို့ကြွတော်မူရာတွင် တစ်ဝါတွင်းလုံး အစာရေငတ်မွတ်ခြင်းဒဏ်ကိုခံရသော ရဟန်းတို့ ပင်ပန်းနွမ်းနယ်နေ၍ ၎င်းတို့အား ငဲ့ညှာတော်မူလေသည်။ ထို့ကြောင့် သောရေယျမြို့၊ သင်္ကဿမြို့၊ ကဏ္ဏကုဇ္ဇမြို့တို့သို့မဝင်ဘဲ လမ်းဖြောင့်အတိုင်း ပယာဂဆိပ်ကမ်းသို့ ဘုရားရှင်နှင့် ရဟန်းငါးရာတို့ တောက်လျှောက်ကြွတော်မူလေသည်။ ထိုဆိပ်ကမ်းမှ ဂင်္ဂါမြစ်ကိုကူးဖြတ်၍ ဗာရာဏသီပြည်သို့ ကြွတော်မူခဲ့သည်။

 

ယင်းအချိန် ဗာရဏသီပြည်တွင် သဒ္ဓါအလွန် ပြည့်ဝသော “နန္ဒိယအမည်ရှိ သတို့သားသည် မိဘတို့ပေးစားသော ဦးရီးတော်၏သမီး ရေဝတီအမည်ရှိ အမျိုးသမီးနှင့် လက်ထပ်အိမ်ထောင်ပြု၍နေသည်။ ရေဝတီသည် ရတနာသုံးပါးကို ကြည်ညိုခြင်းမရှိ၊ လင်ခင်ပွန်းနှင့် ယောက္ခမများက ခိုင်း၍သာ ရဟန်းသံဃာတို့အား ဝတ်ကြီးဝတ်ငယ်ပြု လျက်ရှိပါသည်။

 

နန္ဒိယသည် မိဘများ ကွယ်လွန်သောအခါ အမွေပစ္စည်းဥစ္စာများရရှိလေသည်။ ၎င်းသည် သဒ္ဓါ တရား ထက်သန်သူဖြစ်သောကြောင့် တစ်နေ့သောအခါ ဘုရားရှင်ဟောသည့်တရားကို နာကြားရပြီး ကျောင်းဆောက်လုပ် လှူဒါန်းရခြင်း၏ အကျိုးကို မှတ်သားကာ ဗာရာဏသီပြည်အနီးရှိ ဣသိပတန မဟာဝိဟာရကျောင်းတိုက်အနီး၌ ကျောင်းဆောက်လှူဒါန်းသည်။ ကျောင်းဆောက်လုပ်ရာတွင် တိုက်ခန်းလေးသွယ် အထွတ်ပြာသာဒ်တို့ ခြယ်သ၍ ဆောက်လုပ်သည်။ ကျောင်းကြီးကိုလည်း ညောင်စောင်းစသည့် ပရိဘောဂများနှင့်တကွ ဘုရားရှင်အား ရေစက်ချလှူဒါန်းသည်။ ယင်းသို့ လှူဒါန်းသောကြောင့် သူ့အတွက် တာဝတိံသာနတ်ပြည်၌ နတ်သမီးနှင့်တကွ ဘုံဗိမာန်ကြီး ပေါ်ပေါက်နေလေသည်။

 

အရှင်မဟာမောဂ္ဂလာန်သည် တစ်နေ့သောအခါ၌ တာဝတိံသာနတ်ပြည်သို့သွားသောအခါ ဤဗိမာန်ကြီးကို မြင်လေသည်။ ၎င်းက ဤဗိမာန်ကြီးသည် မည်သူ့အတွက် ပေါ်ပေါက်လာရသနည်းဟု မေးလေသည်။ နတ်သမီးများသည် ဤဗိမာန်မှ ဆင်းသက်လာပြီး ဣသိပတနအရပ်၌ ကျောင်းဆောက်လှူဒါန်းသော နန္ဒိယသူကြွယ်အတွက် ပေါ်ပေါက်ရခြင်းဖြစ်ကြောင်း လျှောက်ထားကြလေသည်။ သူတို့သည် နန္ဒိယ၏ အလုပ်အကျွေးများ ဖြစ်သည်ဟူ၍ လျှောက်ထားသည့်အပြင် နန္ဒိယမရောက်သေး၍ ပျင်းရိကြောင်း အမြန်ရောက်အောင် မိန့်တော်မူပေးရန် လျှောက်ထားကြလေသည်။

 

အရှင်မဟာမောဂ္ဂလာန်သည် နတ်ပြည်မှ ဆင်းသက်လာပြီး ဘုရားရှင်အား ဤသို့လျှောက် ထားလေသည်။ မြတ်စွာဘုရား လူ့ပြည်၌ လူတို့ကောင်းမှုပြုသည်ကိုပင် ဤသူတို့အတွက် နတ်ပြည်၌ နတ်စည်းစိမ်ကို ပြင်ဆင်ကောင်းပါ၏လောဟူ၍ မေးလျှောက်လေသည်။

 

ဘုရားရှင်က ချစ်သားမောဂ္ဂလာန် သင်သည် နတ်ပြည်၌ နန္ဒိယအတွက် ကြိုတင်ပြင်ဆင်ထား သောနတ်ဗိမာန်ကို မြင်လာသည်မဟုတ်လော။ အဘယ်ကြောင့် ဤမေးခွန်းကို ငါဘုရားအား မေးသနည်း။ နတ်တို့သည် လူ့ပြည်၌ ကုသိုလ်ကောင်းမှုပြု၍ နတ်ပြည်ရောက်လာမည့်သူတို့ကို ဆွေမျိုးရင်းချာကဲ့သို့ မြန်မြန်ရောက်လာသည်ကို အလိုရှိကုန်သည်။ ကောင်းမှုပြု၍ လူ့ပြည်၌ ကွယ်လွန်ပြီး နတ်ပြည်ရောက်ကြကုန်သူတို့အား သူ့ထက်ငါ ခရီးဦးကြိုလျက် ဝမ်းမြောက်စွာ ရှိကုန်သည်ဟူ၍ စကားပြေနှစ်ဂါထာဖြင့် ဟောကြားတော် မူလေသည်။

 

ဗာရာဏသီပြည်မှ ဝေသာလီပြည်သို့ ကြွတော်မူခြင်း

သုဒိန္နသူဌေးသားရဟန်းပြုခြင်း

 

ဘုရားရှင်သည် ဗာရာဏသီပြည်တွင် ချွတ်ထိုက်သူများ ချေချွတ်ပြီး ဝေသာလီပြည်သို့ ကြွတော်မူလေသည်။ ဝေသာလီပြည်သို့ ရောက်သောအခါ ဘုရားရှင်သည် မဟာဝုန်တော၌ စုလစ် မွမ်းချွန် အထွတ်တပ်ဆင်ထားသော ကုဋာဂါရ ကျောင်းတိုက်၌ သီတင်းသုံးတော်မူသည်။ ယင်း နေရာတွင်ပင် ဘုရားရှင်သည် ကျွတ်ထိုက်သူများ အား တရားရေအေးတိုက်ကျွေး၍ ချေချွတ်တော်မူသည်။

 

ယင်းအချိန်၌ ဝေသာလီပြည်တွင် တန်ဆောင်မုန်းလပြည့် ကြတ္တိကာနက္ခတ်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပနေသည်။ ဝေသာလီပြည်အနီးရှိ ကလန္ဒမည်ရှိရွာမှ ကုဋေလေးဆယ်ကြွယ် သူဌေးသား သုဒိန္န(သုဒိန်)သည် အရောင်းအဝယ်ကိစ္စ၊ ကြတ္တိကာ ပွဲသဘင်၌ ပျော်ပါးလိုသောကြောင့် သူငယ်ချင်း တို့နှင့် ဝေသာလီမြို့သို့ ရောက်လာလေသည်။ ဝေသာလီမြို့သားတို့သည်လည်း နံနက်စာ စားသောက်၍ ဝတ်စားဆင်ယင်ကာ ပန်းနံ့သာများစွဲလျက် ဘုရားရှင်ထံသို့ သွားကြလေသည်။ ယင်းသုဒိန်သူဌေးသားသည် ၎င်းတို့ကို မြင်သောအခါ ဘယ်သို့သွားကြမည်ကိုမေးသည်။ ၎င်းတို့က အကြောင်းစုံပြောပြ၍ သုဒိန်က လိုက်ပါမည်ဟု ပြောပြီး လိုက်သွားလေသည်။

 

ဘုရားရှင်သည် ဗြဟ္မာမင်း၏အသံနှင့်တူသော အသံဖြင့်တရားကို ဟောကြားနေသည်။ ယင်းသို့ ဟောကြားသည့် အသံကို ကြားရ၍ သုဒိန်သူဌေးသားသည် ဘုရားရှင်၏ သာသနာတွင် နေလိုသောကြောင့် ဘုရားထံသို့ ရဟန်းပြုခွင့်တောင်းသည်။ ဘုရားရှင်က မိဘတို့၏ ခွင့်ပြုချက်မရှိဘဲ ရဟန်းဝတ်ပေးခွင့်မရှိဟု မိန့်ဆိုသောကြောင့် ကလန္ဒရွာ မိဘများရှိရာသို့ သုဒိန်သူဌေးသား ပြန်သွားသည်။

 

၎င်းသည် ရဟန်းဝတ်လိုသောကြောင့် မိဘများထံ ခွင့်ပြုချက်တောင်းခံသည်။ မိဘများကလည်း တစ်ဦးတည်းသောသားဖြစ်၍ ခွင့်မပြုကြောင်း ပြောသည်။ ၎င်းကလည်း သုံးကြိမ်တိုင် ပြောဆိုခွင့်ပြုချက် တောင်းခံသည်။ ခွင့်မပြုသောကြောင့် နေရာတွင် လှဲချ၍စကားမပြောဘဲ အစာငတ်ခံလေသည်။ ယင်းသို့အားဖြင့် ခြောက်ရက် မြောက်သောနေ့တွင် မိဘများက သားကိုချစ်၍ အသက်သေမည်စိုးသဖြင့် ရဟန်းဝတ်ရန် ခွင့်ပြု လိုက်သည်။ သူသည် ဝမ်းသာအားရဖြင့် အစာများကို ပြန်စား၍ ဘုရားထံသို့သွားပြီး မိဘတို့၏ခွင့်ပြု ချက်ရပြီဖြစ်၍ သူ့အား ရဟန်းဝတ်ခွင့်ပြုရန် တောင်းခံသည်။ ဘုရားရှင်ကလည်း ခွင့်ပြုလိုက်သဖြင့် ရဟန်းပြုပြီး ကလန္ဒသူဌေးသား အရှင်သုဒိန် ဟူ၍ အမည်ခေါ်တွင်လေသည်။

 

အရှင်သုဒိန်သည် ကိလေသာခေါင်းပါးစေသော ဓူတင်အကျင့်ကို ကျင့်ဆောင်လေသည်။ ဝေသာလီ ပြည်ရှိ သူ့မိတ်ဆွေများသည် သူ့ထံသို့ မကြာခဏလာကြသောကြောင့် မိတ်ဆွေများ လာရောက်ခြင်းကို ငြီးငွေ့၍ ဝဇ္ဇီတိုင်းအတွင်းရှိ ရွာငယ်တစ်ခုကို အမှီပြုပြီး တရားအားထုတ်နေလေသည်။

 

ထို့နောက် အရှင်သုဒိန်သည် ထိုအရပ်တွင် ငတ်မွတ်ခြင်းဘေးကြုံသောကြောင့် ဝေသာလီ ပြည်သို့ပြန်လာသည်။ မဟာဝုန်တောရှိ ကုဋာဂါရ ကျောင်းတိုက်၌ နေတော်မူသည်။ အရှင်သုဒိန်သည် သာသနာတော်၌ အလွန်ပျော်မွေ့ကာ လူ့ဘဝကို မနှစ်မြို့၍ ပြန်လှည့်မကြည့်ဘဲ နေလေသည်။ သူသည် သီလစင်ကြယ်၍ ကောင်းစွာ ကျင့်ကြံအားထုတ်နေသူဖြစ်သည်။

 

ယင်းသို့နေစဉ် မမျှော်မှန်းထားသည့် အခက်အခဲတစ်ခု ကြုံတွေ့ရသည်။ သူ့မိဘများသည် ကွယ်လွန်ခါနီးဖြစ်၍ သူတို့စီးပွားဥစ္စာများကို ဆက်လက်ထိန်းသိမ်းရန် သားမြေးလိုနေလေသည်။ ထို့ကြောင့် ၎င်းတို့သည် သားရှိရာ အရှင်သုဒိန်ထံလာ၍ အခွင့်အရေးတစ်ခု တောင်းခံလာပါသည်။ လူမထွက်လျှင်လည်းနေပါ၊ သူတို့အား အရှင်သုဒိန်၏မျိုးစေ့ကို ပေးသနားပါဟု မိဘများက လျှောက်ထားလေသည်။ ထိုအခါ၌ သူသည် ရဟန်း မလဲရလျှင် ပြီးရောဆိုပြီး မိဘများတောင်းဆို သောအခွင့်အရေးကို လက်ခံလိုက်လေသည်။

 

ထို့နောက် မဟာဝုန်တောရှိ အရှင်သုဒိန် နေသည့်နေရာသို့ သူ၏ဇနီးဟောင်းမယားကို မိဘများစေလွှတ်ပြီး မေထုန်ပြုစေလေသည်။ ၎င်း၏အကြောင်းကို မူတည်၍ ဘုရားရှင်သည် “ပထမ ပါရာဇိကသိက္ခာပုဒ်ကြီး ပညတ်လေတော့သည်။ အရှင်သုဒိန်သည် နောင်တကြီးစွာရ၍ သာသနာတော်၌ စိတ်ဆင်းရဲစွာ နေထိုင်ရလေသည်။

 

ဝေသာလီပြည်မှ သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူခြင်း

ဘုရားရှင်သည် အရှင်ရာဟုလာအား တရားများစွာ ဟောကြားခြင်း

 

ဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော၌ သီတင်းသုံးတော်မူပြီး ကလန္ဒသူဌေးသား သုဒိန်အား ချေချွတ်သည့်အပြင် ကျွတ်ထိုက်သူများကို ချေချွတ်၍ ရဟန်းအပေါင်းခြံရံလျက် ဒေသစာရီ ကြွတော်မူခဲ့သည်။ သာဝတ္ထိပြည်သို့ ရောက်သောအခါ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသည်။

 

အရှင်ရာဟုလာသည် သက်တော် (၁၈) နှစ် ပြည့်ပြီးချိန် သာမဏေဝါသည် ၁၁ ဝါ ပြည့်ချိန်ဖြစ်သည်။ တစ်နေ့သောအခါ၌ ဘုရားရှင်သည် သားတော်အရှင်ရာဟုလာနှင့်အတူ သာဝတ္ထိမြို့ထဲ သို့ ဆွမ်းခံကြွလေသည်။ ထိုအခါ သားတော်အရှင်ရာဟုလာသည် ဘုရားရှင်၏နောက်ပါးမှ ထက်ကြပ်မကွာလိုက်ပါလျက် ဆွမ်းခံကြွလေသည်။

 

ဤမြင်ကွင်းကြည့်လျှင် ဘုရားရှင်နှင့် အရှင်ရာဟုလာတို့သည် သားအဖဖြစ်ကြ၍ ရုပ်ရည်တူ တင့်တယ်လှပသည်။ နှစ်ပါးစုံညီ လှပတင့်တယ် ဆွမ်းခံကြွနေစဉ် ရာဟုလာသည် သူ့ခမည်းတော် ဘုရားရှင်၏တစ်ကိုယ်လုံးကို ကြည့်ရှုပြီး မိမိကိုယ်ကိုလည်း ကြည့်ရှုသောအခါ သူလည်းလှပသည်၊ တင့်တယ်လှပသည်ဟု တွေးထင်၍စဉ်းစားသည်။ အကယ်၍သာ ဘုရားရှင်သည် စကြာမင်းဖြစ်ပါက မိမိကလည်း သားကြီးသြရသဖြစ်မည်။ အိမ်ရှေ့အရာ၌ ထားတော်မူပေမည်။ ဤသို့ဖြစ်လျှင် ဇမ္ဗူဒိပ်ကျွန်း၌ တင့်တယ်လှပစွဟူ၍ ကြံစည်ကာ ဂေဟဿိတ (လူ့ဘောင်၌မှီသော) တဏှာလောဘများ ပွားများလေသည်။

 

(ဆက်လက်ဖော်ပြပါမည်)