ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

ဆရာကြည်

(၁၈-၄-၂၀၂၃ ရက်နေ့မှအဆက်)

သူဌေးကြီးသုံးဦးက သူတို့ဆောက်လုပ်လှူဒါန်းသော ကျောင်းတိုက်များ အလှူခံရန် လျှောက်ထားခြင်း

ဘုရားရှင်သည် မာဂဏ္ဍီလင်မယားနှစ်ဦးအား တရားခြွေချွတ်ပြီးနောက် ရဟန်းအပေါင်းခြံရံလျက် ကောသမ္ဗီပြည်သို့ ဦးတည်၍ ဒေသစာရီ ကြွတော်မူသည်။ ယင်းကောသမ္ဗီပြည်သို့ ရောက်သောအခါ သူဌေးကြီးသုံးဦးသည် ဘုရားရှင်အား ပင့်ဆောင်၍ သူတို့ဆောက်လုပ်ထားသော ကျောင်းတိုက်ကို လက်ခံပေးရန် လှူဒါန်းလေသည်။

ဘုရားရှင်သည် သူဌေးသုံးဦး၏ တောင်းခံလျှောက်ထားခြင်းကြောင့် လက်ခံပြီး ဤကျောင်းတိုက်သုံးတိုက်တို့တွင် တစ်လှည့်စီသီတင်းသုံး၍ “နဝမဝါ” ကပ်တော်မူလေသည်။

သူဌေးကြီးသုံးဦးသည် ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတော်တို့အား ကြီးစွာအလှူကို ပေးလှူကြသည်။ ဘုရားရှင်သည် တစ်နေ့တစ်ရက်စီ ကျောင်းတိုက်သုံးတိုက်ကို သီတင်းသုံးသည်။ ပထမ ဃောသိတအိမ်သို့ကြွကာ ဆွမ်းဘုဉ်းပေးပြီး ယင်းကျောင်းတော်၌ သီတင်းသုံးသည်။ ဒုတိယရက်တွင် ကုက္ကုဋာရုံ၌ သီတင်းသုံးလျက် ၎င်း၏ အိမ်တော်တွင်ကြွ၍ ဆွမ်းဘုဉ်းပေးသည်။ တတိယရက်တွင် ပါဝါရိကသူဌေးအိမ်၌ ဆွမ်းဘုဉ်းပေးပြီး ပါဝါရိကာရုံကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည်။ ဤသို့ ဘုရားရှင်က တစ်ကျောင်းတိုက်စီ သီတင်းသုံးသည်။

ထိုသူဌေးသုံးဦးသည် တစ်ဦးတစ်ရက်ကျစီ အလှည့်ကျ အလှူကြီးပေး၍ တစ်လကြာသောအခါ ဘုရားရှင်မှာ အလုံးစုံသောလူတို့အား သနား စောင့်ရှောက်တော်မူသဖြင့် ချီးမြှောက်ရန် ပွင့်တော်မူခြင်းဖြစ်သည်။ ထို့ကြောင့် အခြားလူများကို ကုသိုလ်ကောင်းမှု ပြုခွင့်ပေးကြကုန်အံ့ဟု ဘုရားရှင်က ကောင်းမှုပြုခွင့်ကို နှိုးဆော်တိုက်တွန်းတော်မူလေသည်။

ဤနေ့ ဤအချိန်မှစ၍ မြို့သူမြို့သားအပေါင်းသည် လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ အသင်းအဖွဲ့အလိုက် အလှူဒါနကို ကြီးကျယ်ခမ်းနားစွာ ပေးကြကုန်သည်။

သာမာဝတီမိဖုရားနှင့် ၎င်းအား ခြံရံထားသော မိဖုရားငါးရာသောတာပန်ဖြစ်ခြင်း

ကောသမ္ဗီပြည့်ရှင် ဘုရင်မင်းမြတ်၌ မိဖုရား သုံးဦးရှိသည်။ ၎င်းတို့မှာ(၁) သာမာဝတီ၊ (၂) ဝါသုလ ဒတ္တာ၊ (၃) မာဂဏ္ဍီ အမည်ရှိသော မိဖုရားများဖြစ်ကြသည်။ ၎င်းမိဖုရားသုံးဦးသည် တစ်ဦးလျှင် မောင်းမ မိဿံ ငါးရာစီခြံရံလျက် ပြာသာဒ်တစ်ဆောင်စီ၌ နေတော်မူသည်။

သာမာဝတီမိဖုရားတွင် “ခုဇ္ဇုတ္တရာ”မည်သော ကျွန်မတစ်ဦးရှိသည်။ ၎င်းကို နေ့စဉ် မိဖုရားအား ပန်းများဆက်သရန် ငွေရှစ်ကျပ်ပေးထားသည်။ ၎င်းသည် တစ်ဝက်ဖြစ်သော လေးကျပ်ကိုသာ ပန်းများဝယ်၍ ကျန်လေးကျပ်ကို ခိုးယူထားလေသည်။

တစ်နေ့သောအခါ၌ သူဌေးကြီးသုံးဦး အလုပ်အကျွေးပြုသော ပန်းသည်သုမနသည် ဘုရားရှင်နှင့် တကွသော ရဟန်းသံဃာတို့အား ဆွမ်းကပ်ခွင့်တောင်းခံပြီး တစ်ရက်မျှ ဆွမ်းကပ်သည်။ ထိုအချိန်၌ သာမာဝတီမိဖုရားကြီးအား နေ့စဉ်ပန်းဆက်နေရသော ကျွန်မခုဇ္ဇုတ္တရာသည် ပန်းဝယ်ရန်သွားချိန်၌ ဘုရားရှင်က ဆွမ်းအနုမောဒနာတရား ဟောကြားသည်နှင့်ကြုံ၍ တရားနာလိုက်ရသောကြောင့် ခုဇ္ဇုတ္တရာကျွန်မသည် သောတာပန်ဖြစ်သွားလေသည်။ဘုရားရှင်၏ တရားဓမ္မကြောင့် ခုဇ္ဇုတ္တရာ ကျွန်မသည် သူနေ့စဉ်ဆက်သနေရသော ပန်းဖိုးထဲမှ ပန်းဖိုးခိုးယူ အသပြာငွေတစ်ဝက်ခွဲကို မခိုးယူတော့ဘဲ ပန်းကို ရှစ်ကျပ်ဖိုးအပြည့်ဝယ်ဆက်သည်။ မိဖုရားသည် ပန်းများလာ၍ သူ့အား ချစ်ခင်တိုးပွားသောကြောင့် ပန်းများများ တိုးပွားရခြင်းဖြစ်သလားဟု ခုဇ္ဇုတ္တရာကျွန်မကို မေးလေသည်။ ကျွန်မက အကျိုးအကြောင်းအမှန်ကို ပြောပြသောအခါ သာမာဝတီမိဖုရားကြီးကလည်း သူနာကြားခဲ့ရသော တရားကို သူ့အား မျှပါဟု တောင်းခံသည်။ အခြွေအရံမောင်းမများကလည်း ဤသို့ပင် သူတို့အားလည်း မျှတပါဟု တောင်းခံကြလေသည်။ ဤတရားကို ခုဇ္ဇုတ္တရာကလည်း သူနာကြားခဲ့ရသော တရားအတိုင်း မိဖုရားတို့အား ပြန်ပို့ချဟောကြားပေးသည်။ ၎င်းသည် ဉာဏ်ပညာထက်မြက်သူဖြစ်သဖြင့် တရားသဘောကို နားလည်ပြီး ပြန်ဟောပြနိုင်ခြင်း ဖြစ်သည်။

မှတ်ချက် ။ ။ ခုဇ္ဇုတ္တရာသည် ရှေးယခင် အတိတ်ဘဝကံ ကဿပဘုရားလက်ထက်၌ ၎င်းမှာ ဉာဏ်ပညာပါရမီရှိသူဖြစ်သောကြောင့် တစ်ကြိမ်တရားနာလိုက်ရုံဖြင့် စ၊ လယ်၊ ဆုံး သုံးပါးလုံး နားလည်သဘောပေါက်နိုင်သော ပါရမီရှိသည်။ သို့သော် ၎င်းသည် သူ၏သူငယ်ချင်းဖြစ်သော ရဟန်းမကို စေခိုင်းလိုက်သည့် မကောင်းမှုကံကြောင့် ယခုဘဝ၌ သူတစ်ပါးအိမ်တွင် ကျွန်ဖြစ်ရခြင်း ဖြစ်သည်။ သူသည် ဟိုရှေးယခင်ဘဝကလည်း ဗာရာဏသီမင်းသမီး၏ ကျွန်မဖြစ်စဉ်က ပစ္စေကဗုဒ္ဓါ ရှစ်ပါးအား ဆင်စွယ်လက်ကောက်တို့ကို သပိတ်ခြေအဖြစ် လှူဒါန်းခဲ့သော ကုသိုလ်ကံကြောင့် ယခုဘဝ၌ ဉာဏ်ပညာကြီးမားသော ပုဂ္ဂိုလ်ဖြစ်ရခြင်း ဖြစ်သည်။ ခါးကုန်းသော ပစ္စေကဗုဒ္ဓါတစ်ပါး၏ အမူအရာသွားဟန်ကို ပြက်ရယ်ပြုမှုကြောင့် ယခု ဘဝ၌ ခါးကုန်းနေခြင်းဖြစ်သည်။

၎င်း၏ ဟောကြားခြင်းကြောင့် သာမာဝတီ မိဖုရားနှင့်အပေါင်းပါ မောင်းမငါးရာတို့သည် သောတာပန်များဖြစ်ကြသည်။ ၎င်းတို့ ဘုရားရှင်ကို နေ့စဉ်မပြတ် ပူဇော်ကြချင်သည်။ သို့သော် ဥတေနမင်းကြီးသည် သဒ္ဓါတရားမရှိသူဖြစ်သည်။ ၎င်းတို့သည် မင်းကြီးအား ကြောက်ကြသဖြင့် နေ့စဉ်မပြတ် ပန်းတစ်ပွင့်မျှပင် မလှူရဲကြပါ။ ထိုသို့ဖြစ်ခြင်း ကြောင့် မိဖုရားနှင့် မောင်းမငါးရာတို့သည် ဘုရားရှင် ဆွမ်းခံရာတွင် ကြည့်ရှု၍ ပြာသာဒ်မှ ဖူးမြော် ကန်တော့ကြသည်။ဤသို့ ဖူးမြော်ကန်တော့ရာတွင် နေရာမလုံလောက်၍ နံရံ၌ အပေါက်ငယ်များဖောက်ပြီး ၎င်းအပေါက်များမှ ဘုရားရှင်အား ဖူးမြော် ကန်တော့ကြသည်။ 
ဘုရားရှင်အား မာဂဏ္ဍီမိဖုရားက ရန်ငြိုးဖြင့် ပြုမူ ဆောင်ရွက်ခြင်း
မာဂဏ္ဍီမိဖုရားကြီးသည် ဘုရားရှင် ကောသမ္ဗီပြည်သို့ ကြွလာမည်ဟု သတင်းစကားကြားလေသော် ယခင်က ဘုရားရှင်၏ ပြောဆိုချက်အပေါ် မကျေနပ်သည့် ရန်ကြွေးကြောင့် မသင့်တော်သည်ကို ကြံလေသည်။ ဘုရားရှင်နှင့် ရဟန်းသံဃာများ ဤပြည်သို့ ဝင်ရောက်လာသော် နားမချမ်းသာအောင် ဆဲရေးခြိမ်းခြောက်ရန် အရက်သေစာ သောက်စားသည့် လူမိုက်လူယုတ်အား တံစိုးလက်ဆောင်ပေး၍ မာဂဏ္ဍီမိဖုရားက ခိုင်းစေသည်။

၎င်းလူမိုက်၊ လူယုတ်မာတို့ကလည်း မိဖုရားကြီးတံစိုးလက်ဆောင်ကြောင့် ဘုရားရှင်နှင့်ရဟန်း သံဃာများ ဤပြည်ထဲသို့ ဝင်လာသောအခါ မာဂဏ္ဍီ မိဖုရားခိုင်းသည့်အတိုင်း ဆဲရေးခြိမ်းခြောက်ကြသည်။ ထိုအခါ အရှင်အာနန္ဒာက ဘုရားရှင်သို့ လျှောက်ထားသည်။ ဤမျှဆိုးသော ပြည်သူပြည်သားများရှိသောနေရာသို့ မကြွဘဲ အခြားတစ်နေရာသို့ကြွရန် လျှောက်ထားသည်။ဘုရားရှင်က အရှင်အာနန္ဒာအား “ဘုရားတို့မည်သည် တွေ့ကြုံလာသော လောကဓံတရားရှစ်ပါးကို ခံနိုင်ရပါမည်။ မတုန်လှုပ်သင့်ကြောင်း စစ်မြေပြင်၌ ဆင်ပြောင်ကြီးထံသို့ မြားများ မည်မျှရောက်လာပါစေ ရှောင်ပြေးခြင်းမရှိဘဲ ကြံ့ကြံ့ခံသကဲ့သို့ မိမိတို့အား မိုက်မဲ သီလမရှိသူတို့၏ ဆဲရေးခြင်းကို သည်းခံခြင်းသည် ဘုရားရှင်တို့၏တာဝန်ဖြစ်ကြောင်း” မိန့်မြွက်သည်။ ထို့အပြင် အရှင်အာနန္ဒာလျှောက်ထားသည့်အတိုင်း တခြားနေရာသို့ ရှောင်ပြေးခြင်းသည် နောက်တစ်နေရာမှလည်း ဤသို့ဆိုလျှင် မည်သို့မျှ ဆုံးမည်မဟုတ်ပါ။ ယင်းသို့သော ပြဿနာကို ရင်ဆိုင်ဖြေရှင်းရမည်။ ဤသို့ ဆဲရေးခြိမ်းခြောက်ခြင်းသည် ခုနစ်ရက်ကြာလျှင် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ဘုရားရှင်က မိန့်ကြားသည်။ ဤသို့ မိန့်ကြားသည်ကိုကြားလျှင် လူဆိုးလူမိုက်တို့က ဘုရားရှင်အား ကြည်ညိုသွားလေသည်။

မာဂဏ္ဍီမိဖုရားသည် ယခုသို့ ဆောင်ရွက်လုပ်ဆောင်သည်မှာ မအောင်မြင်သော် နောက် တစ်နည်းကြံလေသည်။ ၎င်းသည် သာမာဝတီမိဖုရား နေသောအဆောင်သို့ သွားသောအခါ နံရံများတွင် အပေါက်များ ဖောက်ထားသည်ကိုတွေ့၍ မေးလေ သည်။ သာမာဝတီမိဖုရားနှင့် မောင်းမတို့က ဘုရားရှင်အား ဖူးမြော်စဉ်က ယင်းအပေါက်များဖောက်၍ ကြည်ညိုဖူးခြင်းဖြစ်ကြောင်း ပြောဆိုလေသည်။

ထိုအကြောင်းကိုသိရသော မာဂဏ္ဍီသည် ကောသမ္ဗီဘုရင်ကြီးအား သာမာဝတီမိဖုရားသည် အရှင်မင်းကြီးအား မချစ်ကြောင်း၊ ခရီးလှည့်လည် သွားနေသော ဂေါတမအား ကြင်နာစုံမက်၍ ယင်းသို့ အပေါက်များဖောက်ကြောင်း ကုန်းချော လေသည်။ သူတို့ဖောက်ထားသောနံရံမှ အပေါက်များကို သွားကြည့်ပါလောဟု လျှောက်ထားသည်။

ဥတေနမင်းကြီးသည် သွားရောက်ကြည့်ရှု စုံစမ်းသောအခါ အကြောင်းစုံကိုသိရသဖြင့် အမျက်ဒေါသမထွက်ဘဲ ဖောက်ထားသောအပေါက်များ ပိတ်စေပြီး လေသာပြတင်းပေါက်များကို များများဖောက်ပေးစေလေသည်။

ထို့နောက် မာဂဏ္ဍီမိဖုရားသည် ကျေးဇူးရှိသော လင်ယောက်ျား၏ကျေးဇူးကို မသိ၊ ကျေးဇူးမရှိသော အရှင်ဂေါတမကို ဂုဏ်ပြုချီးမွမ်းလေ့ရှိသည်။ အရှင်အား ချစ်သည်မမြင်ဟူ၍ လျှောက်ထားသည်။ ထို့အပြင် ဤသို့သိလိုပါက အရှင်မင်းကြီးအတွက် ကြက်ရှစ်ကောင်ကို သတ်ဖြတ်၍ ပို့စေလော့ဟု ခိုင်းစေပြီး စုံစမ်းရန် အကြံပြုလေသည်။

မင်းကြီးသည် မာဂဏ္ဍီဆိုသည့်အတိုင်း ဆောင်ရွက်ရာ သာမာဝတီနှင့် မောင်းမငါးရာတို့က ကြက်အရှင်တို့ကို မည်ကဲ့သို့ချက်ရမည်နည်းဟူ၍ ဆိုနေကြလေသည်။

မင်းကြီးအား နောက်တစ်ဖန် မာဂဏ္ဍီက အရှင်ဂေါတမဘုရားအား ကြက်များချက်၍ ပို့စေပါဟု လျှောက်ထားသည်။ မင်းကြီးလည်း မာဂဏ္ဍီ မိဖုရား ပြောဆိုသည့်အတိုင်း ဆောင်ရွက်စေသည်။

မင်းချင်းတို့ကလည်း မာဂဏ္ဍီ၏ တံစိုး လက်ဆောင်ကြောင့် ကြက်များသတ်၍ သွားပို့လေ သည်။ သာမာဝတီမိဖုရားတို့သည်လည်း ထိုကြက်တို့ကိုချက်၍ ဘုရားရှင်ထံသို့ ပို့ကြလေသည်။ မာဂဏ္ဍီသည် ဤအကြောင်းကို မင်းကြီးထံသို့ အသိပေးအကြောင်းကြား ကုန်းချောသည်။ သို့သော် ဥတေနမင်းကြီးသည် စဉ်းစားချင့်ချိန်၍ သာမာဝတီ မိဖုရားတို့အား အမျက်မထွက်ပါချေ။ မင်းကြီးသည် မိဖုရားတို့၏ အဆောင်ကိုသွားလေ့ရှိသည်။ မိဖုရား တစ်ဦး၏အဆောင်တွင် ခုနစ်ရက်စီနေလေသည်။ ယင်းသို့ သွားသောအခါ “ဟတ္ထိကန္တ”မည်သော စောင်းကို ယူသွားလေ့ရှိသည်။ ၎င်းစောင်းသည် အလွန်မှ တန်ခိုးကြီးသည်။

ဤသို့ဖြင့် ဥတေနမင်းကြီးသည် မာဂဏ္ဍီအဆောင်မှ သာမာဝတီမိဖုရားအဆောင် ကူးသောအခါ အလွန်အဆိပ်ပြင်းသည့် မြွေဟောက် တစ်ကောင်အား စောင်းထဲသို့ အလုံပိတ်၍ ထည့်ပေးလိုက်သည်။ ထို့အပြင် အမိုက်မ မာဂဏ္ဍီမိဖုရားက သာမာဝတီမိဖုရားသည် ဘုရားရှင်၏ အလုပ်အကျွေးဖြစ်ကြောင်း သတိထားသွားရန် မှာကြား လိုက်လေသည်။

ခုနစ်ရက်ကြာပြီး သာမာဝတီမိဖုရားထံမှ ပြန်ထွက်လာသောအခါ မာဂဏ္ဍီမိဖုရားသည် စောင်းကို လှုပ်လိုက်သောအခါ သွင်းထားသော မြွေဟောက်ထွက်လေသည်။ မာဂဏ္ဍီက ဤသို့ပြ၍ မင်းကြီးအား မကောင်းကြံကြောင်း ကုန်းချောလေသည်။ ထိုအခါ ဥတေနမင်းကြီးသည် သာမာဝတီ အားခေါ်၍ အဆိပ်လူးမြားကို လေးတင်လျက် ပစ်လေသည်။ ထိုသို့ ပစ်သောအခါ သာမာဝတီ မိဖုရားနှင့် အပေါင်းပါ မောင်းမငါးရာတို့သည် မင်းကြီးအား မေတ္တာပွား၍နေလေသည်။ မင်းကြီးက ပစ်သော်လည်း မြားမှာမထွက်ဘဲရှိလေသည်။ သာမာဝတီမိဖုရားက အခြားနေရာသို့ ပစ်ကြည့်ပါ ဟု လျှောက်လေသည်။ မြေပြင်သို့ မြားများကို ပစ်လွှတ်သောအခါ မြားများထွက်သောကြောင့် မင်းကြီးသည် အသက်မရှိသည့် မြားတောင် မိဖုရားကျေးဇူးသိလျက် အသက်ရှိသည့်သူက မသိဖြစ်ရမလားဟူ၍ဆိုပြီး မိဖုရားအား ပခုံးပေါ်တင်၍ ချစ်ခင်မြတ်နိုးသောအားဖြင့် မာဂဏ္ဍီမိဖုရား၏ ကုန်းချောစကားကြောင့် ပစ်မှားပြုမိကြောင်း တောင်းပန်လေသည်။ မင်းကြီးက ဘုရားရှင်အား ဖူးမြင်ခြင်း၊ လှူဒါန်းခြင်း၊ တရားနာခြင်းတို့ ခွင့်ပြုတော်မူလေသည်။ သာမာဝတီမိဖုရားတို့က အရှင်မင်းကြီး ဘုရားရှင်အား ဖူးတော်မူပါ။ သူတို့အား တရားပြသပေးနိုင်သော ရဟန်းတစ်ပါးစေလွှတ်ပေးရန် ဘုရားရှင်ထံလျှောက်ထားရန် မင်းကြီးကိုခွင့်တောင်းသည်။ သာမာဝတီမိဖုရား ပြောသည့်အတိုင်း မင်းကြီးက ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က အရှင်အာနန္ဒာကို စေလွှတ်တော်မူသည်။ သာမာဝတီမိဖုရားတို့ကလည်း တစ်လတစ်ခါ ရဟန်းသံဃာတို့အား သင်္ကန်းတို့ဖြင့် ပူဇော်ကြလေသည်။ ။ 

(ဆက်လက်ဖော်ပြပါမည်)