ဗန်းမော်မြို့၌ မြို့နယ်အဆင့် ရှမ်းစာပေစာမေးပွဲ ရှမ်းဘာသာဖြင့် ဖြေဆိုယှဉ်ပြိုင်

ဗန်းမော် ၁၅  မေ

 

ကချင်ပြည်နယ် ဗန်းမော်မြို့၌ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကြီးမှူးကျင်းပသော ရှမ်းဘာသာဖြင့် ဖြေဆိုသည့် မြို့နယ်အဆင့် ရှမ်းစာပေ စာမေးပွဲကို မေ ၁၂ ရက်က ပေါက်ကုန်းရပ်ကွက် ရှမ်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။ 

 

ကျေးရွာအုပ်စုအဆင့် ရှမ်းစာပေ စာမေးပွဲတွင် ရှမ်းဘာသာဖြင့် ဖြေဆိုအောင်မြင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသော ရှမ်းတိုင်းရင်းသား လူငယ်မောင်မယ်များက မြို့နယ်အဆင့် ရှမ်းစာပေ စာမေးပွဲသို့ အဆင့်အလိုက် ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ စာမေးပွဲတွင် မူလတန်းအဆင့်၌ ၄၃ ဦး၊ ပထမအဆင့်၌ ၃၂ ဦး၊ ဒုတိယအဆင့်၌ ၁၇ ဦး၊ တတိယအဆင့်၌ ခုနစ်ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ 

 

စာမေးပွဲဖြေဆိုပြီးနောက် ဆရာမ ၁၀ ဦးက အဖြေလွှာများကို စစ်ဆေးခဲ့ကြပြီး အဆင့်အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသော ကျောင်းသား ကျောင်းသူများအား မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းဖိုးလင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ 

 

ယခု မြို့နယ်အဆင့် စာမေးပွဲတွင် အဆင့်အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများသည် ရှမ်းဘာသာဖြင့် ဖြေဆိုသည့် ခရိုင်အဆင့် ရှမ်းစာပေစာမေးပွဲကို ထပ်မံဖြေဆိုခွင့် ရရှိသွားကြပြီး ခရိုင်အဆင့် ရှမ်းစာပေ စာမေးပွဲကိုလည်း မေ ၁၄ ရက်က မိုးဖိန်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း၊ မြို့နယ်အဆင့် ရှမ်းစာပေ စာမေးပွဲများကို ဗန်းမော်မြို့နယ်အပြင် ဗန်းမော်ခရိုင် အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီနှင့် ရွှေကူမြို့နယ်များ၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း ရှမ်းစာပေ စာမေးပွဲ ဖြစ်မြောက်ရေး အကျိုးဆောင် ဦးကျော်ဆွေ ထံမှ သိရသည်။ 

 

ဆီမီးခုံ -နန်းရီ