ဗန်းမော်မြို့၌ ကျေးလက်အခြေခံ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း ဖွင့်လှစ်

ဗန်းမော် ၅ နိုဝင်ဘာ

 

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြီးမှူး၍ ကျေးလက်အခြေခံ တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ (၄) ရက် နံနက် (၉) နာရီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက် ခရိုင်မွေးမြူရေးနှင့် ကုရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

 

ကျေးလက်အခြေခံ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီနိုင်ရန် နှင့် အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ အဆိုပါ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဗန်မော်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာထွန်းထွန်းမင်းက ပြောသည်။

 

သင်တန်းတွင် သင်တန်းဆရာ ဒေါက်တာထွန်းထွန်းမင်းနှင့် ဒေါက်တာကျော်မင်းခန့် တို့က ရောဂါမှတ်တမ်းများအား စနစ်တကျကောက်ယူခြင်း၊ Vaccination and EarTagging၊ ယေဘူယျ လက္ခဏာများစစ်ဆေးခြင်း၊ အစာပြုပြင်ကျွေးမွေးခြင်း၊ မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်များ၏ ဖွဲ့စည်းမှုအလိုက် ရောဂါများနှင့် ဆေးကုသမှုများကို သင်ကြားပေးသွားမည်ဖြစ်သည်။

 

ထို့ပြင် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျွဲ၊ နွား၊ ဝက် စာရင်းဝင် ကူးစက်ရောဂါ လက္ခဏာများ၊ ဇီဝလုံခြုံမှု၊ အာဖရိက ဝက်အပြင်းဖျားရောဂါများ ဖြစ်ပေါ်လာပါက သတင်းပေးပို့ခြင်း၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သား၏ အကျိုးပြုနိုင်မှုနှင့် တာဝန်ဝတ္တရားများ စသည့်အကြောင်းအရာများကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသားဉီးရေ ၂၀ တက်ရောက်သင်ကြား၍ သင်တန်းကာလမှာ နိုဝင်ဘာ (၄)ရက်မှ နိုဝင်ဘာ (၈) ရက် အထိ ၅ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆီမီးခုံ-နန်းရီ