ဗန်းမောက်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအချို့ ရေကြီးနစ်မြုပ်

ဗန်းမောက် ဇူလိုင် ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ကနန်းဒေသအတွင်း ယနေ့ နံနက် ၇ နာရီခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်မူးမြစ်ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ကျေးရွာအချို့ လူနေအိမ်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မူးမြစ်ရေကြီးရေလျှံမှုကြောင့် လိပ်စောအုပ်စုမှ လိပ်စောကျေးရွာ၊ ဟော်ယောကျေးရွာ၊ ကနန်းမန် ကျည်းကုန်းအုပ်စုမှ မန်ကျည်းကုန်းကျေးရွာနှင့် မူးသားအုပ်စုမှ ပဲနင်းကျေးရွာများအတွင်းသို့ မြစ်ရေ (၂)ပေမှ (၄)ပေခန့်အထိ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

ရေဝင်ရောက်သည့်နေအိမ်များမှ လူများနှင့်တိရိစ္ဆာန်များအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများက ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း လိပ်စောကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 

ရေကြီးနစ်မြုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန် ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နံနက် ၁၀ နာရီတွင်သွားရောက်ခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)