ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ကျင်းပ

စစ်ကိုင်း ဇူလိုင် ၁၆

 

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

 

လူငယ်စကားဝိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်စောလင်းက လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားရရှိနိုင်စေရန်၊ အသိပညာများ မျှဝေပေးနိုင်စေရန်၊ ကျောင်းသား/ ကျောင်းသူအချင်းချင်း စည်းလုံးညီညွတ်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိနိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အထကောင်းများ ရရှိနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားကာ မဝင့်ချယ်ရီခိုင် B.Ed (စတုတ္ထနှစ်)က “လူငယ်နှင့်စာပေ”၊ မသင်းသင်းယုခိုင် B.Ed (ဒုတိယနှစ်)က “လူငယ်နှင့်ပညာရေး”၊ မနန်းထက်လွင် B.Ed (ဒုတိယနှစ်)က “ကျွန်မဖတ်ဖူးသော စာအုပ်တစ်အုပ်”၊ မောင်ဝင်းကျော်ထွန်း B.Ed (တတိယနှစ်)က “လူငယ်နှင့်မီဒီယာ”၊ မောင်အောင်ပိုင် B.Ed (တတိယနှစ်)က “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပေးခဲ့ကြသည်။

 

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

           

ဇော်မြင့်နိုင်