ဗလင်စီယာကို အနိုင်ယူပြီး ကိုပါဒယ်ရေးဖလား ဆွတ်ခူးနိုင်ခဲ့သည့် ဘက်တစ်

စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရီးရဲဘက်တစ် အသင်းနှင့် ဗလင်စီယာအသင်းတို့ ပွဲစဉ်ကို ဧပြီ ၂၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ပယ်နယ်တီအဆုံးအဖြတ်တွင် ဘက်တစ် အသင်းက ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် ဘက်တစ်အသင်းသည် ကိုပါဒယ်ရေးဖလားကို ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။ ဘက်တစ်အသင်းအနေဖြင့် ကိုပါဒယ်ရေးဖလား ဆွတ်ခူးနိုင်ခြင်းမှာ အသင်း သမိုင်းတစ်လျှောက် အဓိကဖလား လေးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဘက်တစ်အသင်း သည် ယခုဖလားမဆွတ်ခူးမီ ၁၉၃၄-၃၅ ခုနှစ်က လာလီဂါဖလား တစ်ကြိမ်၊ ၁၉၇၇ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တွင် စပိန်ဖလား နှစ်ကြိမ် ဆွတ်ခူးထားသည်။ ထို့အပြင် အသင်းနည်းပြ ပယ်လီဂရီနီသည် ၂၀၁၅-၂၀၁၆ နှစ်က မန်စီးတီးအသင်းနှင့် လိဂ်ဖလား ကိုင်မြှောက်ခွင့်ရရှိပြီးနောက် ယခုအခါ ပထမဆုံးအကြိမ် ဖလားကိုင်မြှောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် ဗိုလ်လုပွဲစဉ် ဖြစ်သည့်အတွက် နှစ်သင်းစလုံး အားထားရသည့် ကစားသမားများ ဖြင့် ပွဲထွက်လာခဲ့သောကြောင့် အကြိတ်အနယ်ရှိခဲ့သည်။ ပွဲကစားချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့သည့်အတွက် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး ဗလင်စီယာအသင်းမှ မူဆာလွဲချော်ခဲ့ သည့်အတွက် ဘက်တစ်အသင်းက ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဦးဆောင်ဂိုးကို ဘက်တစ်အသင်းက ပွဲချိန် ၁၁ မိနစ်တွင် စတင်ရရှိခဲ့ပြီး ဘော်ဂျာက သွင်းယူပေးခဲ့သည်။ ဗလင်စီယာအသင်း အတွက် ချေပဂိုးကို ပွဲချိန် မိနစ် ၃၀ တွင် ဒူရိုက သွင်းယူပေးခဲ့သည်။

အောင်ဇော်