ဗလင်စီယာအသင်းကို အနိုင်ရပြီး ဘာစီလိုနာအသင်း ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်

ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ ပွဲစဉ်(၂၄) အဖြစ် ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ဗလင်စီယာ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ဗလင်စီယာအသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိပြီး စပိန်လာလီဂါ ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့

အဲဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ ပထမပိုင်းပွဲကစားချိန် ၂၃ မိနစ်နဲ့ ၃၇ မိနစ်တို့မှာ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ၃၂ မိနစ်မှာ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဖရန့်ကီဒီဂျောင်ရဲ့ သွင်းဂိုးတစ်ဂိုးတို့ရရှိခဲ့တာကြောင့် ပထမပိုင်းပြီးချိန်မှာ သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန် ၅၂ မိနစ်မှာ ဗလင်စီယာအသင်းဟာ ကားလို့စ်ဆိုလာရဲ့ သွင်းဂိုးနဲ့ ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ပေမယ့် ပွဲကစားချိန် ၆၃ မိနစ်မှာ ဘာစီလိုနာ အသင်းက တိုက်စစ်မှူး အူဘာမီယန်ရဲ့ သွင်းဂိုးထပ်မံရရှိခဲ့တာကြောင့် အူဘာမီယန်ဟာ အခုပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို ဘာစီလိုနာအသင်းဟာလည်း ဗလင်စီယာအသင်းကို အဝေးကွင်းမှာ လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဟက်ထရစ်သွင်းဂိုး

တိုက်စစ်မှူး အူဘာမီယန်ရဲ့ ဟက်ထရစ်သွင်းဂိုးဟာ ဘာစီလိုနာအသင်းနဲ့အတူ ပထမဆုံး သွင်းယူ နိုင်ခဲ့တဲ့ ဟက်ထရစ်သွင်းဂိုးဖြစ်ပြီး အူဘာမီယန်ဟာ ဖေဖော်ဝါရီ ၂ ရက်က အာဆင်နယ်အသင်းကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါ ပွဲစဉ် ၂၄ ပွဲ ကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ၄၂ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်လေးနေရာမှာ ရပ်တည်ခွင့်ရရှိခဲ့ပြီး ဗလင်စီယာအသင်းကတော့ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့လို့ လာလီဂါ ၂၅ ပွဲကစားပြီးချိန်မှာ ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

သရေရလဒ်ထွက်ပေါ်

စပိန်လာလီဂါရဲ့ အခြားသောပွဲစဉ်တွေမှာ ဘီဘာအိုအသင်းက ရီးယဲလ်ဆိုစီဒက်အသင်းကို လေးဂိုး-ဂိုးမရှိ၊ ရီးယဲလ်ဘတ်တစ်အသင်းက မာယော့ကာအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အက်စ်ပန်ညို အသင်းနဲ့ ဆီဗီလာအသင်းတို့ပွဲစဉ်မှာတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်