ဗလမင်းထင်တံတားပေါ် ပြည်သူများ ဖြတ်သန်း သွားလာချိန်ကို (၂၄)နာရီ ပိတ်ချိန်မရှိ ခွင့်ပြုပေးရန်နှင့် မလိုအပ်သော စစ်ဆေးရေး ဂိတ်ကို ဖြုတ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း

နေပြည်တော် ၂ သြဂုတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ဝိုင်းမော် မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံးက ဗလမင်းထင်တံတားပေါ် ပြည်သူများ ဖြတ်သန်းသွားလာချိန်ကို (၂၄)နာရီ ပိတ်ချိန်မရှိ ခွင့်ပြုပေးရန်နှင့် မလိုအပ်သော စစ်ဆေးရေး ဂိတ်ကို ဖြုတ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့ကို ဆက်သွယ်ထားသော ဗလမင်းထင် (ဧရာဝတီတံတား) ၌ ဖြတ်သန်းသွားလာချိန် ကန့်သတ်ထားခြင်းနှင့် စစ်ဆေးရေး ဂိတ်ထားရှိရခြင်းသည် ကချင်ပြည်နယ်သို့ လာရောက်သော နိုင်ငံခြားသားများ ကန့်သတ်နယ်မြေများသို့ ကျော်လွန်သွားရောက်ခြင်း မရှိစေရေး စိစစ်ကြပ်မတ်ရန်၊ တရားမဝင် ကုန်ပစ္စည်းများ သွင်း/ထုတ် သယ်ဆောင်ခြင်း မရှိစေရေး စိစစ် ကြပ်မတ်ရန်၊ တရားဝင်သွင်းကုန်/ထုတ်ကုန်ပစ္စည်းများအား ခွင့်ပြုချက်နှင့်ညီညွတ်မှု ရှိ/မရှိ စိစစ် ကြပ်မတ်ရန်၊ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းနှင့် ပေါက်ကွဲစေတတ်သော ဓာတုဗေဒဆိုင်ရာ ကုန်ပစ္စည်းများ သွင်း/ထုတ်သယ်ဆောင်ခြင်းမရှိစေရေး စိစစ်ကြပ်မတ်ရန်၊ အမျိုးသမီးငယ်များနှင့် ကလေးသူငယ်များအား လူကုန်ကူးမှုဖြစ်စဉ်အန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရေး စစ်ဆေးကြပ်မတ်နိုင်ရန်၊ ဗလမင်းထင်တံတားသည် မြန်မာ-တရုတ်-အိန္ဒိယကုန်စည် စီးဆင်းမှု လမ်းကြောင်းပေါ်ရှိသည့်အတွက် တံတားလုံခြုံရေးတို့ကို စိစစ်ကြပ်မတ်နိုင်ရန် တို့ဖြစ်ပါကြောင်း။

ဗလမင်းထင်တံတားသည် မြစ်ကြီးနား-ဝိုင်းမော်-ဗန်းမော်လမ်းပေါ်တွင် တည်ရှိပြီး ဧရာဝတီမြစ်အား ဖြတ်သန်းသွားလာရန် တစ်ခုတည်းသော တံတားတစ်စင်းဖြစ်ပါသဖြင့် တံတား၏လုံခြုံရေးအတွက် တပ်မတော်နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိရာတွင် မြစ်ကြီးနားမြို့နှင့် တံတား၏လုံခြုံရေးအတွက် နေ့စဉ်ည ၉ နာရီမှ နံနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခွင့်အား ကန့်သတ်ထားသော်လည်း ည ၉ နာရီ နောက်ပိုင်းတွင် ခရီးသွားပြည်သူလူထု၏ကျန်းမာရေး၊ လူမှုရေးနှင့်ပတ်သက်ပြီး အရေးပေါ် အခြေအနေအရ ခွင့်ပြုပေးရန်လိုအပ်ပါက စစ်ဆေးပြီးခွင့်ပြု ပေးလျက်ရှိပါကြောင်း။

လတ်တလောနယ်မြေအခြေအနေအရ အဖျက်အမှောင့် ဆောင်ရွက်လိုသူများမှ တံတားအား မိုင်းထောင်ဖောက်ခွဲခြင်း၊ တံတားမှဖြတ်သန်း၍ မြို့တွင်း ၌ အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေးအတွက် လိုအပ်သော စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်နိုင်ရန် လုံခြုံရေး/စစ်ဆေးရေးဂိတ်များအား မဖြစ်မနေထားရှိရမည်ဖြစ်ပါသဖြင့် ဗလမင်းထင်တံတားအား ၂၄ နာရီဖြတ်သန်းခွင့်ပြုနိုင်ခြင်းမရှိပါကြောင်း လုံခြုံရေးစစ်ဆေးရေး ဂိတ်များအား ဖြုတ်သိမ်းရန် လတ်တလော အစီအစဉ်မရှိပါကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များအား ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

MDN
Credit ပြည်သူ့လွှတ်တော်