ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရန် အသွားအလာကန့်ထားတဲ့မြို့တွေထဲမှ လီဗာပူးကိုလည်း ထည့်သွင်းလိုက်ပြီ

၂ အောက်တိုဘာ

 

 

ဗြိတိန်အစိုးရက အင်္ဂလန်မြောက်ပိုင်းရှိ လီဗာပူးကိုလည်း အသွားလာကန့်သတ် (lockdown)လိုက်ကြောင်း ကြာသပတေးနေ့က ဗြိတိန် အစိုးရက ကြေညာလိုက်ပါတယ်။

 

လူဦးရေ ၁ ဒသမ ၅ သန်းနေထိုင်တဲ့ လီဗာပူး ဒေသခံတွေဟာ လူစုဝေးခြင်းအရေအတွက် ကန့်သတ်ကြောင်း၊ အဲဒီစည်းမျဉ်းဟာ အဆောက်အအုံ/နေအိမ်အတွင်းမှာပါ အကျုံးဝင်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

အင်္ဂလန်မြောက်ပိုင်းရှိ လီဗာပူးဝန်းကျင်က ဝါရင်တန်၊ မစ်ဒယ်ဘရော့နဲ့ ဟတ်တယ်ပူး ဒေသတွေပါ လူစုဝေးခြင်းမှာ အရေအတွက် ကန့်သတ်ခြင်း စည်းမျဉ်းအောက်မှာထားရှိ ပြီး ဖြစ်ပါတယ်။

 

အဲဒီဒေသတွေမှာ နေထိုင်သူတွေဟာ အာကစားပွဲတွေမှာ ပရိတ်သတ်အဖြစ် ကြည့်ရှုခွင့် မရှိခြင်း၊ ဘိုးဘွားရိပ်သာလိုမျိုး စောက်ရှောက်ရေးဂေဟာတွေကို အရေးပေါ်အခြေအနေမှ လွဲပြီး သွားရောက်လည်ပတ်ခွင့် မရှိခြင်းနဲ့ ကျောင်းနဲ့ အလုပ်လို ကိစ္စမှလွဲပြီး ခရီးသွားလာခြင်းမပြုရန် ကန့်သတ်ထားပါတယ်။

 

အင်္ဂလန်မြောက်ပိုင်းက မြို့တချို့အား အသွားအလာကန့်သတ်ထားတဲ့အတွက် လူပေါင်း ၁၆ သန်းဟာ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်တဲ့ စည်းမျဉ်းအောက်မှာ နေထိုင်ရကြောင်း သိရပါတယ်။

 

အခုသီတင်းပတ်မှာ လီဗာပူး မြို့တွင် လူ ၁သိန်းမှာ ပိုးတွေ့ရှိသူ ၂၅၈ နှုန်း ရှိပြီး၊ ဝါရင်တန်မှာ ၁၆၃ ဦးနှုန်း နဲ့ ဟတ်တယ်ပူး နဲ့ မစ်ဒယ်ဘရော့ ဒေသတွေမှာ ၁၂၁ ဦးနှုန်း နဲ့ ပိုးတွေ့ရှိသူဖြစ်လာကြောင်း သိရပါတယ်။

 

ဗြိတိန်နိုင်ငံမှာ ၂၄ နာရီအတွင်းပိုးတွေ့ရှိသူ ၆,၉၁၄ ဦးနဲ့ သေဆုံးသူ ၅၉ ဦးရှိရာ စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄၆၁,၀၄၄ ဦးနဲ့ သေဆုံးသူအရေအတွက်ဟာ ၄၂,၂၀၂ ဦးရှိကြောင်း ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား- AFP