ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များနေပေမယ့် တပ်ချ်မဟာ ပြန်ဖွင့်ပြီ

၂၁ စက်တင်ဘာ

 

 

အိန္ဒိယနိုင်ငံရဲ့ ပြယုပ်သင်္ကေတ တစ်ခုဖြစ်တဲ့ တပ်ချ်မဟာအား လာရောက်လည်ပတ်သူတွေအတွက် ဒီနေ့ (တနင်္လာနေ့)မှစပြီး ပြန်လည် ဖွင့်ပေးလိုက်ကြောင်း သိရပါတယ်။ အခုလို ပြန်လည် ဖွင့်လှစ်ပေးခြင်းဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေတာကို ပြနေတာ ဖြစ်ပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန် မတ်လကစပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ပိတ်ထားခဲ့ရာ သန်းချီတဲ့ လူတွေရဲ့ နေ့စဉ်ဘဝတွေမှာ အကျပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

 

 

လူဦးရေ ၁ ဒသမ ၃ ဘီလီယံ နေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ နေ့စဉ် တစ်သိန်း နီးပါးနဲ့ တစ်ထောင်ကျော် သေဆုံးနေတာကို တွေ့ရပါတယ်။

 

 

နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များနေပေမယ့် ဝန်ကြီးချုပ် မိုဒီက တခြားနိုင်ငံတွေလို ဗိုင်းရပ်စ်ပိုး ထိန်းချုပ်တဲ့ စည်းမျဉ်းတွေ ပြန်လည်ပြဋ္ဌာန်းရန် တုံ့ဆိုင်းနေပါတယ်။ အခုလပိုင်းမှာ နိုင်ငံတွင်း လေကြောင်းတွေ ပြန်လည်ပြေးဆွဲခွင့်၊ ဈေးနဲ့ စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်၊ ရထားလိုင်းတွေ ပြန်လည် ပြေးဆွဲခွင့်ပေးခဲ့ပြီး အခုချိန်မှာ တပ်ချ်မဟာကို ပြန်လည်ဖွင့်လိုက်တာ ဖြစ်ပါတယ်။

 

 

တပ်ချ်မဟာကို နှစ်စဉ် လာရောက်လည်ပတ်သူ ၇ သန်းလောက် ရှိပါတယ်။ ဒီနေ့ ပြန်လည်ဖွင့်ခဲ့တဲ့ တပ်ချ်မဟာကို ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ဝင်ခွင့်လက်မှတ်ကို အွန်လိုင်းကပဲ ရောင်းချပြီး တစ်နေ့လျှင် လာရောက်လည်ပတ်သူ ၅,၀၀၀ သာ ဝင်ခွင့်ပေးပါတယ်။ လူဦးရေ ၅,၀၀၀ ဆိုတဲ့ အရေအတွက်ဟာ ဗိုင်းရပ်စ်ပိုး မတိုင်မီက နေ့စဉ် လာရောက်လည်ပတ်သူရဲ့ လေးပုံတစ်ပုံသာရှိကြောင်း သိရပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅ ဒသမ ၄ သန်းကျော်ရှိပြီး သေဆုံးသူ ၈၇,၉၀၉ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn