ဗိုင်းရပ်စ်ပိုး ကူးစက်မှုများနေပေမယ့် lockdown အစီအစဉ်လုပ်ဖို့ မရှိကြောင်း ရုရှားသမ္မတ ပြော

၃၀ အောက်တိုဘာ

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု များနေပေမယ့် အသွားအလာကန့်သတ်မှု lockdown အစီအစဉ်လုပ်ဖို့ မရှိကြောင်း သမ္မတ ပူတင်က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

ရုရှားဆေးရုံတွေမှာ လူနာတွေပြည့်နေပုံ၊ ဆေးကုသမှုခံယူဖို့အတွက် စောင့်နေတဲ့လူနာတွေဟာ လှေကားထစ်တွေပေါ်မှာ လဲလျောင်းနေပုံနဲ့ လူနာတင်ယာဉ်တွေက လူနာတွေကို ဆေးရုံ လွှဲပြောင်းပေးရန် စောင့်ဆိုင်းနေရပုံတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။

ဆိုရှယ်မီဒီပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာ အထူးသဖြင့် ရုရှားနိုင်ငံ မြောက်ပိုင်းမှာ လူနာတွေဟာ ကိုယ်ပိုင်အိပ်ယာတွေ ယူလာပြီး ဆေးရုံကို လာရောက်ဆေးကုသမှု ခံယူနေပြီဖြစ်ကြောင်းနဲ့ လူနာကုတင်ရရန် ၁၀ နာရီကျော် စောင့်ရကြောင်း ပါရှိတာကို တွေ့ရပါတယ်။

သမ္မတ ပူတင်ရဲ့ ပြောကြားချက်ဟာ ဉရောပနိုင်ငံတွေရဲ့ အသွားအလာကန့်သတ်မှု စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီးနောက်ပိုင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေမှာ lockdown သတ်မှတ်ပြီး ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို ပိတ်ကြောင်း ကြေညာချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်က ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ရင်းနှီးမြှုပ်နှံရေးဖိုရမ်မှာ တစ်နိုင်ငံလုံးကို lockdown လုပ်ရန် ရည်မှန်းချက် မရှိကြောင်း၊ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို သိထားတဲ့အတွက် အသွားအလာ ကန့်သတ်တားမြစ်မှာ မဟုတ်ကြောင်း ပြောပါတယ်။

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၇,၇၁၇ ဦးရှိပြီး သေဆုံးသူ ၃၆၆ ဦးရှိကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ကြေညာပါတယ်။ ရုရှားနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကူးစက်မှု စတုတ္ထအများဆုံးနိုင်ငံအဖြစ် အမေရိကန်၊ အိန္ဒိယ နဲ့ ဘရာဇီးနိုင်ငံတို့ရဲ့ နောက်မှာ ရှိနေပါတယ်။

အစိုးရကနေ အကူအညီပေးရေး အစီအစဉ်အတွက် ရုရှားငွေ ရူဘယ် ၁၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃၈.၆ သန်း) သုံးစွဲသွားမယ်လို့ ကြာသပတေးနေ့ နံနက်ပိုင်းက ကြေညာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ သမ္မတပူတင်နဲ့ အစည်းဝေးပွဲမှာ ဒုဝန်ကြီးချုပ်က ပြည်နယ် ၁၆ ခုရဲ့ အခြေအနေတွေကို တင်ပြရာ ဆေးရုံတွေမှာရှိတဲ့ လူနာ ၉၀ ရာခိုင်နှုန်းကျော်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာတွေဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

MDN

ကိုးကား - AFP

 

mdn