ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် ဆိုးလ်ရှိ စာသင်ကျောင်းများ ပြန်ပိတ်

ဆိုးလ် ၂၆ သြဂုတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ အစုလိုက်အပြုံလိုက် ဖြစ်ပွားနေသောကြောင့် အွန်လိုင်းသင်တန်းများ ရပ်ဆိုင်းရန် တိုင်းပြည်လူဦးရေ ၅၂ သန်းခန့်၏ ထက်ဝက်ခန့်နေထိုင်ရာ မြို့တော်ဆိုးလ်ရှိ စာသင်ကျောင်းများ၊ မူကြိုကျောင်းများအား တောင်ကိုရီးယားနိုင်ငံအစိုးရက ယနေ့ ညွှန်ကြားလိုက်သည်။

စံနမူနာတစ်ခုဖြစ်ခဲ့

တောင်ကိုရီးယားနိုင်ငံ၏ ဗိုင်းရပ်စ် ထိန်းချုပ်ရန် ခြေရာခံ၊ စမ်းသပ်၊ ကုသသောစနစ်က ကမ္ဘာ့နိုင်ငံများအတွက် စံနမူနာတစ်ခု ဖြစ်ခဲ့သော်လည်း တောင်ကိုရီးယားနိုင်ငံက ယခုအခါ ဗိုင်းရပ်စ်ဖြစ်ပွားမှုများ ထိန်းချုပ်ရန် ကြိုးပမ်းနေရပြီး ကူးစက်မှုအများစုမှာ ခရစ်ယာန် ဘုရားကျောင်းများနှင့် ဆက်စပ်နေသည်။

တောင်ကိုရီးယားနိုင်ငံ၌ ယနေ့ ဗိုင်းရပ်စ်ကူးစက်မှုသစ် ၂၈၀ ရှိခဲ့ရာ ကူးစက်မှုစုစုပေါင်း ၁၇၉၄၅ အထိရှိ လာခဲ့သည်။ ယနေ့ကူးစက်မှုမှာ မတ်လအစောပိုင်း နောက်ပိုင်း နေ့အလိုက် အမြင့်ဆုံးကူးစက်မှု ဖြစ်ခဲ့သည့် သြဂုတ် ၂၂ ရက်က ကူးစက် မှု ၃၉၇ ထက် လျော့နည်းသွားခဲ့ခြင်း ဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်မှုသစ် အများစုမှာ မြို့တော်ဆိုးလ်တွင် ဖြစ်ပွားခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၌ တစ်နိုင်ငံလုံး အတိုင်းအတာ ကူးစက်မှုများ ဖြစ်လာ နိုင်သောကြောင့် အိမ်တွင်းနေကြရန် နှင့် ခရီးသွားလာမှု ထိန်းချုပ်ကြရန် အာဏာပိုင်များက ပြည်သူများသို့ ပန်ကြားခဲ့သည်။ တောင်ကိုရီးယား အာဏာပိုင်များက ယခုအခါ ခပ်ခွာခွာ နေစည်းမျဉ်းများ တင်းကျပ်ရန် ကြိုးပမ်းနေပြီး ဆိုးလ်၊ အင်ချွန်းနှင့် ဂျောင်ဂီပြည်နယ်ရှိ စာသင်ကျောင်း များ၊ မူကြိုကျောင်းများကို သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ အွန်လိုင်း သင်တန်းများ ရပ်နားရမည် ဟု ပြောကြားခဲ့သည်။

ပြောကြား

“သြဂုတ်လနောက်ပိုင်း အစုလိုက် ကူးစက်မှုတွေဟာ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေရဲ့ ကူးစက်မှု ဖြစ်လာ ပါတယ်” ဟု ပညာရေးဝန်ကြီး ယိုအွမ်ဟေးက သတင်းထောက်များ သို့ ပြောကြားခဲ့သည်။

ပြီးခဲ့သော နှစ်ပတ်အတွင်း ကျောင်းသား ကျောင်းသူနှင့် ဝန်ထမ်း ၂၀၀ နီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံခဲ့ရကြောင်း ၎င်းက ပြောသည်။ ဆိုးလ်ဒေသ၌ ဗိုင်းရပ်စ် ထိန်းချုပ်မှု များကို ပြီးခဲ့သည့်အပတ်က တင်းကျပ်ခဲ့ပြီး သြဂုတ် ၂၃ ရက်တွင် ကန့်သတ်ချက်များ တစ်နိုင်ငံလုံး၌ တိုးချဲ့ခဲ့သည်။

အစီအမံများတွင် ဘာသာရေး အခမ်းအနားများကဲ့သို့သော လူစုဝေး မှုများ ကန့်သတ်ခြင်းနှင့် နိုက်ကလပ်၊ ကာရာအိုကေနှင့် ဆိုက်ဘာကဖေးများ ပိတ်သိမ်းခြင်းတို့ ပါဝင်သည်။

ဘာသာပြန်-ကျော်ထိုက်စိုး

ကိုးကား-စီအင်န်အေ