ဗိုလ်ချုပ်ကြေးရုပ် ရင်ပြင်ပြုပြင်ခြင်းလုပ်ငန်းများ ဇွန်လကုန်တွင် အပြီးသတ်နိုင်မည်

ရန်ကုန်  ၁၁  ဇွန်

 

ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ် ရင်ပြင်ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ ဇွန်လကုန်တွင် လုပ်ငန်းများအပြီးသတ် နိုင်မည်ဖြစ်ကြောင်း ရင်ပြင်ပြုပြင် ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းခွင်မှ သိရသည်။

 

ဗိုလ်ချုပ်ကြေးရုပ် ရင်ပြင်ပြုပြင်ခြင်းလုပ်ငန်းများအနေဖြင့် မြေဖို့ပြုပြင်ခြင်း၊ ကွန်ကရစ်ကြမ်း ခင်းလောင်းခြင်း၊ ခြံစည်းရိုးများ ကာရံခြင်း၊ သံပန်းနှင့် မီးများ တပ်ဆင်ခြင်း၊ ရေနုတ်မြောင်းနှင့် လျောက်လမ်းကွေ့များ တည်ဆောက်ခြင်း၊ ခေတ်မီကြွေပြားတပ်ဆင်ခြင်း လုပ်ငန်းများ ပါဝင်သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု အောက်ခံခုံပြုပြင်ခြင်း လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

 

ရင်ပြင်ကို ပြန်လည်ပြုပြင်ရာတွင် ယခင်က မြေနိမ့်ပိုင်းဖြစ်ခဲ့သည့်အတွက် မြေဖို့ခြင်း၊ ကွန်ကရစ်ခင်းခြင်းဖြင့် မြေသားတစ်ပြေးညီဖြစ်အောင် ဆောင်ရွက်ခဲ့ရကြောင်း ဆောက်လုပ်ရေး လုပ်သားများထံမှ သိရသည်။ ယခုအခါ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်မှာ မူလထက်လေးဆခန့် ပိုမိုကျယ်ဝန်းလာပြီး သပ်ရပ်သော ခြံစည်းရိုး၊ ညီညာသော မျက်ခင်းပြင်တို့ဖြင့် အမြင်တင့်တယ်လျက်ရှိသည်ကို တွေ့ရသည်။  နှစ်ကာလကြာမြင့်၍ ကြေး ရောင်မှေးမှိန်လျက်ရှိသော ဗိုလ်ချုပ်ကြေးရုပ်ကို ကြေးဂျီးချွတ်ဆေးဖြင့် ပွတ်တိုက်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်နေရာသည် နှစ်စဉ် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရာတွင် ပါဝင်လေ့ရှိပြီး ကျောင်းသားလူငယ်များ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် ရဟန်ရှင်လူ ပြည်သူအများ က လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းအား လာရောက်ဂါရဝပြုရာ နေရာတစ်နေရာဖြစ်သည်။

 

ဗိုလ်ချုပ်ကြေးရုပ် ရင်ပြင်ပြုပြင်ခြင်းလုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြေယာ ရှုခင်းနှင့်အားကစားကွင်းများလုပ်ငန်းမှ တာဝန်ယူပြုပြင်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်