ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှု ယခုလကုန်ပြီးစီးမည်

ရန်ကုန် ၁၆ ဇွန်

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက်(ရန်ကုန်) ကြီးကြပ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် အဆောက်အအုံထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုလကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

“ဗိုလ်ချုပ်ပြတိုက်ကို အခုလို ကိုဗစ်-၁၉ ကာလမှာ မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ပြတိုက်ဧည့်သည် အဝင်ကိုတော့ မတ် ၂၅ ရက်ကတည်းက လက်မခံခဲ့တာပါ။ လတ်တလောမှာတော့ လာမယ့်(၇၃)နှစ်မြောက် အာဇာနည်နေ့နဲ့ ပတ်သက်လို့ ညွှန်ကြားချက်တွေ မလာသေးဘူး။ အစီအစဉ်တွေ ဘာမှမပြောသေးဘူး။ (၇၃) နှစ်မြောက် အာဇာနည်နေ့ကို ကျင်းပမယ်ဆိုရင်လည်း အဆင်သင့်ဖြစ်အောင်တော့ ဆောင်ရွက်ထားပါတယ်” ဟု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) တာဝန်ခံ ဦးသက်ဝင်းအောင်က ပြောသည်။

 

ယခုအခါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းများကို MIEG ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများကို ဧပြီလဆန်းပိုင်းမှစတင်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြတိုက်ကို ယခင်နှစ်ကလည်း လက်ရန်ပြုပြင်ခြင်းလုပ်ငန်း၊ ဆေးသုတ်ခြင်း လုပ်ငန်းအပါအဝင် အခြားမွမ်းမံမှုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပြီး ယခုနှစ်တွင် အပေါ်အမိုးများ၊ ဆေးသုတ်ခြင်းလုပ်ငန်းများနှင့် အခြား မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ယခင်ကိုဗစ်-၁၉ ကာလမတိုင်မီက ပြည်တွင်းမှ မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာကြည့်ရှုခွင့် ပေးထားပြီး နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ငါးထောင်နှုန်း ကောက်ခံခဲ့သည်။ တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ လေ့လာကြည့်ရှုခွင့်ပြုခဲ့ပြီး နှစ်စဉ် အာဇာနည်နေ့နှင့် နောက်နှစ်ရက်တွင် နံနက် ၆ နာရီမှ ည ၆ နာရီအထိ လေ့လာခွင့်ပေးခဲ့သည်။ ပြီးခဲ့သော အာဇာနည်နေ့ (၇၂)မြောက်နေ့တွင် ပြည်တွင်းမှ လေ့လာသူ သုံးသောင်းကျော်အထိရှိခဲ့ပြီး ပြည်ပနိုင်ငံခြားသား ၁၀ဝ ကျော် လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို-၁ ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)တွင် တည်ရှိပြီး မှတ်တမ်းများအရ ၁၉၂၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ခုအခါတွင် နှစ်ပေါင်း ၉၉ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

 

သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်