ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ရန်ကုန်အသင်း ထပ်မံဗိုလ်စွဲ

ရန်ကုန် ၂၄ စက်တင်ဘာ
၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ ၆ နာရီက သုဝဏ္ဏကွင်း၌ ကျင်းပရာ ရန်ကုန်အသင်းက ရှမ်းယူနိုက်တက်အသင်းကို အချိန်ပိုတွင် လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရကာ ချန်ပီယံဆုကို နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့သည်။
MNL ထိပ်သီးအသင်းနှစ်သင်း တွေ့ဆုံသည့်ပွဲဖြစ်သောကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလို အပြန်အလှန် သွင်းဂိုးများဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဗိုလ်စွဲရန် ကြိုးပမ်းခဲ့သော်လည်း ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းသည် မိနစ် ၉၀ အထိ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း အနိုင်ရလဒ်ကို ထိန်းထားနိုင်ခြင်းမရှိဘဲ အချိန်ပိုတွင် သွင်းယူသည့်ဂိုးများဖြင့် ရန်ကုန်အသင်း အနိုင်ရခဲ့ခြင်းဖြစ်ပြီး ရှုံးထွက်ချန်ပီယံဆုကို တတိယအကြိမ် ရယူနိုင်ခဲ့ရာ ဧရာဝတီအသင်း၏ အအောင်မြင်ဆုံးစံချိန်ကို လိုက်မီခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးနောက်ဆုံးပွဲကစားခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ဇင်မင်းထွန်း၊ ဝီလျံ၊ မက်ဆီမင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ရန်ကုန်အသင်းတွင် မီလာနှင့် ကျော်ဇင်ဦးတို့ မပါနိုင်သောကြောင့် ကျော်ဇင်ထက်၊ ရန်အောင်ကျော်၊ ဆယ်လာ၊ မောင်မောင်လွင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစတွင် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၈ မိနစ်တွင် ပြစ်ဒဏ်ဘောကို ဇင်မင်းထွန်းက ပိတ်သွင်းကာ အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရှမ်းအသင်းက ပွဲကိုထိန်းကစားခဲ့ပြီး ရန်ကုန်အသင်းက ချေပဂိုးရရန် ကြိုးပမ်းခဲ့သည်။ ရန်ကုန်အသင်း၏ ချေပဂိုးရရန်ကြိုးပမ်းမှုမှာ ပထမပိုင်းတွင် မအောင်မြင်ခဲ့ဘဲ ၅၃ မိနစ်မှ ဂိုးပြန်ရခဲ့သည်။ ယင်းဂိုးကို တိုက်စစ်မှူး ဆယ်လာက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးပြန်ပေးလိုက်ရသောကြောင့် ရှမ်းယူနိုက်တက်အသင်းသည် ဂိုးပြန်ရရန် အီမန်နျူရယ်နှင့် ဇွဲသက်ပိုင်ကိုထည့်ကာ တိုက်စစ်မြင့်ခဲ့ပြီး ၆၇ မိနစ်တွင် ဒုတိယဂိုးရခဲ့သည်။ ဇွဲသက်ပိုင်၏ ဖြတ်တင်ဘောကို ရန်ကုန်နောက်ခံလူ ဖျက်ထုတ်ရာမှ ဂိုးဝင်သွားခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ရန်ကုန်အသင်းက ချေပဂိုးရရန် ကစားသမားများအပြောင်းအလဲ ပြုလုပ်ကာ တိုက်စစ်မြင့်လာပြီး ရှမ်းအသင်းဂိုးသမား ဘုန်းသစ္စာမင်း သေချာပေါက်ဂိုးသွင်းခွင့်အချို့ကို ကာကွယ်နိုင်ခဲ့၍ နစ်နာခဲ့ရသည်။ မိနစ် ၉၀ တွင် ရန်ကုန်အသင်း ချေပဂိုးပြန်ရခဲ့ပြီး လူစားဝင်ကစားသမား စိုးမင်းနိုင်က သွင်းယူခဲ့ခြင်းဖြစ်သည်။
မိနစ် ၉၀ တွင် နှစ်ဂိုးစီသရေကျနေ၍ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး ၁၀၃ မိနစ်တွင် မင်းကျော်ခန့်က အဝေးကန်ချက်ဖြင့် ရန်ကုန်အသင်းအတွက် တတိယဂိုးသွင်းယူခဲ့ပြီး ယင်းဂိုးမှာ ရှမ်းဂိုးသမား ဘုန်းသစ္စာမင်း၏ အားနည်းချက်ကြောင့် ပေးလိုက်ရခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရသောကြောင့် ရှမ်းအသင်း တိုက်စစ်ပြန်တင်လာပြီး ၁၁၁ မိနစ်တွင် အီမန်နျူရယ်က ချေပဂိုးပြန်သွင်းခဲ့သည်။ အချိန်ပိုတွင်လည်း အပြန်အလှန်သွင်းဂိုးများကြောင့် ပွဲမှာစိတ်ဝင်စားဖွယ်ကောင်းခဲ့ပြီး ရန်ကုန်အတွက် အနိုင်ဂိုးကို ၁၁၆ မိနစ်တွင် ဆယ်လာက သွင်းယူခဲ့သည်။
ပွဲအပြီးတွင် ဆုချီးမြင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရ ရန်ကုန်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ်သိန်း ၃၀ဝ နှင့် ချန်ပီယံဆု၊ ဒုတိယဆုရ ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း ၁၅၀၊ ဗိုလ်လုပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဒိုင်လူကြီးများအား အမှတ်တရဆုတံဆိပ်များကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်