ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို လိဂ်ပြိုင်ပွဲများအပေါ် မူတည်၍ ကျင်းပမည့်ရက် သတ်မှတ်မည်

၁၉ ဧပြီ

 

COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်းထားရသည့် ၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို လိဂ်ပြိုင်ပွဲများ ပြန်လည်စတင်မည့်အပေါ် မူတည်၍ ကျင်းပမည့်ရက် သတ်မှတ်မည်ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် မတ် ၂၄ ရက်မှစ၍ ပြည်တွင်းပြိုင်ပွဲအားလုံး ကျင်းပမှုကို ရပ်နားခဲ့ပြီး ဧပြီ ၈ ရက်တွင် စတင်ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲပါ ပါဝင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုရာသီ ရှုံးထွက်ပြိုင်ပွဲကို အသင်းအရေအတွက် တိုးမြင့်ထားပြီး အပျော်တမ်းအသင်းငါးသင်းအပါအဝင် စုစုပေါင်း ၂၅ သင်းဖြင့် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ယခင်ရေးဆွဲထားသည့် ပွဲစဉ်အနေအထားအရ ပထမအဆင့်ပွဲစဉ်များကို ဧပြီ ၈၊ ၉ ရက်တွင် စတင်ကာ ဗိုလ်လုပွဲကို စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး ဒုတိယအဆင့်မှစတင်ကာ MNL ကလပ်အသင်းများ ပါဝင်လာမည်ဖြစ်သည်။ ရှုံးထွက်ပြိုင်ပွဲကို ပရော်ဖက်ရှင်နယ်စနစ် ပြောင်းလဲပြီးနောက်ပိုင်း ၂၀၁၀ ပြည့်နှစ်မှစ၍ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၃ ခုနှစ်မှလွဲ၍ နှစ်စဉ် ကျင်းပခဲ့သည့် ပြိုင်ပွဲဖြစ်သည်။ ထို့ပြင် ၂၀၁၅ ခုနှစ်မှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့ပြီး ယခုနှစ်မှာ ၁၀ ကြိမ်မြောက် ကျင်းပမည့်ပြိုင်ပွဲလည်းဖြစ်သည်။ ပြီးခဲ့သည့်ကိုးကြိမ်တွင် ဧရာဝတီနှင့် ရန်ကုန်အသင်းတို့က သုံးကြိမ်စီဖြင့် အအောင်မြင် ဆုံးအသင်းအဖြစ် ရပ်တည်နေကာ ဟံသာဝတီ၊ မကွေးနှင့် ရှမ်းယူနိုက်တက်အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းပြိုင်ပွဲများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါအခြေအေန တည်ငြိမ်ပြီး နိုင်ငံတော်မှ ပွဲလမ်းသဘင်နှင့် အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ပြုမှသာ ကျင်းပမည်ဖြစ်ပြီး ကလပ်အသင်းများကိုလည်း ပြင်ဆင်ချိန်ရရန် သုံးပတ်မှ လေးပတ်အထိ ကြိုတင်အကြောင်းကြားမည်ဖြစ်သည်။ ယခုရာသီတွင် လိဂ်ပြိုင်ပွဲလေးခု ကျင်းပလျက်ရှိပြီး MNL စီနီယာလိဂ်ပြိုင်ပွဲ၊ MNL-2 (ပထမတန်း) ပြိုင်ပွဲ၊ လူငယ်ပြိုင်ပွဲများဖြစ်သည့် MNL ယူ-၂၁ ပြိုင်ပွဲနှင့် ယူ-၁၉ ပြိုင်ပွဲတို့ ကျင်းပလျက်ရှိကာ MNL နှင့် MNL-2 ကလပ်အသင်းများ ယှဉ်ပြိုင်ခွင့်ရှိသည့် ရှုံးထွက်ပြိုင်ပွဲကိုလည်း ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ရှုံးထွက်ပြိုင်ပွဲကို လိဂ်ပြိုင်ပွဲအပေါ် မူတည်၍ ကျင်းပမည့်ရက် အတည်ပြုမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်