ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲများ မတ် ၁၃၊ ၁၄ ရက် စတင်မည်

၁၁ မတ်

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲများကို မတ် ၁၃ ရက်တွင် စတင် ကျင်းပမည်ဖြစ်ပြီး ပထမတန်းအသင်းရှစ်သင်းနှင့် MNL ကလပ် နှစ်သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။

ပထမအဆင့်ပွဲများကို နှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး အနိုင်ရသည့် အသင်းမှာ ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ပထမအဆင့်ပွဲများအဖြစ် မတ် ၁၃ ရက်တွင် သုဝဏ္ဏကွင်း၌ ကချင်ယူနိုက်တက်အသင်းနှင့် မြဝတီအသင်း၊ အောင်ဆန်းကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ ပဒုမ္မာကွင်း၌ ရွိုင်ရယ်သန်လျင်အသင်းနှင့် တက္ကသိုလ်အသင်း၊ မတ် ၁၄ ရက်တွင် သုဝဏ္ဏကွင်း၌ မောရဝတီအသင်းနှင့် ဒဂုံအသင်း၊ အောင်ဆန်းကွင်း၌ Chinland အသင်းနှင့် ငွေကြယ်ပွင့်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

၂၀၁၉ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ရလဒ်ကောင်းနေသည့် ရာသီဝက်ချန်ပီယံ အား/ကာသိပ္ပံနှင့် ချင်းယူနိုက်တက်တို့၏ တွေ့ဆုံမှုမှာ ပြိုင်ဆိုင်မှုပြင်းထန်ဖွယ်ရှိပြီး ယခုရာသီတွင် MNL သို့ ပထမဆုံးတန်းတက်ခွင့်ရထားသည့် ဒဂုံအသင်းမှာမူ မောရဝတီအသင်းနှင့် ပွဲကျပ်ကစားရမည်ဖြစ်သည်။

ဒုတိယအဆင့်ပွဲများတွင် MNL ကလပ်အသင်းများ ပါဝင်လာမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရန်ကုန်အသင်းသာ ကွာတားဖိုင်နယ်မှ စတင်ကစားရမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် မေလမှ ဇွန်လဆန်းအထိ ရှုံးထွက်ပွဲစဉ်များ ဆက်တိုက်ကျင်းပမည်ဖြစ်ပြီး ဒုတိယအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် ပထမအကျော့နှင့် ဒုတိယအကျော့တို့ ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကိုမူ စက်တင်ဘာမှသာ ကျင်းပမည်ဖြစ်သည်။

ရှုံးထွက်ပြိုင်ပွဲ ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၅ ရာသီမှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်