ဗြိတိသျှကိုလိုနီခေတ် တောင်ငူမြို့၏ ပုံရိပ်လွှာများ

သောင်းကေတု

၁၈၅၂ ခုနှစ် ကုန်းဘောင်မင်းဆက် ပုဂံမင်းလက်ထက်တွင် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီး မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ပဲခူးတို့ကို ဆုံးရှုံးခဲ့ရသည်။ ပဲခူးနယ်ဟုဆိုသော်လည်း မြန်မာနိုင်ငံ၏ အကောင်းဆုံး ကျွန်းတောကြီးများကို သိမ်းပိုက်နိုင်ရန်အတွက် စစ်တောင်းမြစ်ဝှမ်းတွင် ရေနီအထိ၊ ဧရာဝတီမြစ်ဝှမ်းတွင် သရက်၊ မြေထဲမြို့များအထိ သိမ်းယူခဲ့သည်။ မြန်မာဘုရင်လက်ထက် စစ်တမ်းများတွင် ဟံသာဝတီ ၃၂ မြို့ ၊ မုတ္တမ ၃၂ မြို့ ၊ ပုသိမ်၃၂ မြို့၊ ကေတုမတီ ၅၂ မြို့ဟုဖော်ပြသော မြို့၊ ရွာများ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရပြီး ကေတုမတီ ၅၂ မြို့တွင် မြန်မာမင်းပိုင်နက်၌ ဇေယျသိမ်၊ (ဧလာ) တောင်ညို၊ ရန်အောင်မြင်၊ ပျဉ်းမနား (နင်းကြမ်း)၊ ဝါးနွယ်ကုန်း(လယ်ဝေး)၊ မင်းပြင်၊ ဝက္ကမူ၊ ကျောက်ချက်၊ ကျည်တောင်၊ လယ်မ၊ ချောင်းဂွ၊ တောင်ဝင်းစသော ၁၂ မြို့သာ ကျန်ခဲ့သည်။

ကေတုမတီတောင်ငူမြို့ကို သိမ်းယူပြီးမကြာမီ ၁၈၆၄ ခုနှစ်တွင် မြို့၏အရှေ့တောင်ထောင့်တွင် ခံတပ်တစ်ခုကို ဆောက်လုပ်ခဲ့ကြသည်။ မြို့အရှေ့တောင် ထောင့်တွင် တည်ထားသော သာရမဉ္ဇူမြို့ထောင့်စေတီကို ဖြိုဖျက်ပြီး အရှေ့ဘက်မြို့ရိုးနှင့် တောင်ဘက်မြို့ရိုးပေါ်တွင် အုတ်ရိုးထပ်မြှင့်သည်။ မြောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် အုတ်တံတိုင်းအသစ် ကာရံသည်။ တောင်ငူ မြို့သားများက မြို့လေးဟုခေါ်သော ခံတပ်ဖြစ်သည်။ ယခုတောင်ငူဘူတာဘက်တွင် အဝင်ဂိတ်ကြီးတစ်ပေါက်၊ အရှေ့ဘက်မြို့ရိုး တောင်ဘက်အစွန်ဆုံး တကောင်းတံခါးဝတွင် ဂိတ်ပေါက်တစ်ခု စုစုပေါင်းဂိတ်ပေါက် နှစ်ပေါက်ရှိသည်။

တောင်ငူမြို့ကို မြို့ကွက်သစ်ဖော်ထုတ်ပြီး လမ်းဖောက်သည်။ အရှေ့ဘက်မြို့ရိုး အလယ်တံခါး (အောင်နန်းတံခါး)မှ အနောက်ဘက်မြို့ရိုးစင်တံခါး၊ အရှေ့အနောက်တည့်တည့် လမ်းမတော်လမ်း (ယခုဗိုလ်မှူးဖိုးကွန်းလမ်း)၊ တောင်ဘက်မြို့ရိုး ဒုတိယတံခါးဖြစ်သော ကုလားတံခါးမှ မြောက်ဘက်မြို့ရိုး ရန်အောင်မြင်တံခါးသို့ ဖောက်ထားသော ဘုရားလမ်းတို့မှာ မြို့ရိုးကို တိုးလျှိုပေါက် ဖောက်ထားသော လမ်းများဖြစ်သည်။ လမ်းအများစုမှာ အရှေ့အနောက်တည့်မတ်စွာ ထောင့်မှန်ကျကျ ဖောက်လုပ်ထားသည်။ မြန်မာမင်းများလက်ထက်က မြို့မှာ မြို့ရိုးအတွင်းပိုင်းတွင်သာရှိပြီး ဗြိတိသျှခေတ်တွင် မြို့ရိုးအပြင်ဘက် အရှေ့ဘက်၊ အရှေ့တောင်ဘက်နှင့် တောင်ဘက်သို့ တိုးချဲ့လာခဲ့သည်။ စစ်တပ်ဧရိယာ (Cantonment Area)၊ အရေးပိုင်ရုံး၊ သစ်တောရုံးများ၊ တရားရုံး မီးရထားဌာန၊ မိုင်ဒါကွင်း၊ အစိုးရနော်မံကျောင်း၊ သာသနာပြုကျောင်းများကို တိုးချဲ့မြို့ကွက်များတွင် တည်ဆောက်ခဲ့သည်။

ယခု(၁၉)ရပ်ကွက်နေရာသည် ယခင်က စစ်တပ်များ ထားရှိရာဖြစ်၍ တပ်မြေရပ်ကွက်ဟု ခေါ်သည်။ လမ်းအမည်များကို အင်္ဂလိပ်အမည်များ မှည့်ခဲ့ကြသည်။ ဥပမာ ဒင်နီယယ်လမ်း (ယခု မင်္ဂလာလမ်း)၊ ရောဂျာလမ်း (မင်းကြီးညိုလမ်း)၊ ဟတ်ဆင်လမ်း (သီတာလမ်း)၊ ကင်နီလမ်း (သုခလမ်း)၊ ဒါရင်လမ်း (ဒေါနလမ်း)၊ ပတ်တလေလမ်း (စာတိုက်လမ်း)၊ စတီးလမ်း (ရန်ကုန်-မန္တလေးလမ်း)၊ မက္ကမံလမ်း (တပင်ရွှေထီးလမ်း)။

ထိုစဉ်က တောင်ငူမြို့သည် အင်္ဂလိပ်တို့အတွက် အရေးပါသော ရှေ့တန်းနယ်ခြားမြို့တစ်မြို့ ဖြစ်သည်။ ၁၈၇၂ ခုနှစ် သန်းခေါင် စာရင်းအရ တောင်ငူမြို့တွင် လူဦးရေ ၁၀၇၃၅ ဦးရှိပြီး နှစ်စဉ်လူဦးရေ တိုးပွားလျက်ရှိသည်။

 

mdn

 

အထက်မြန်မာနိုင်ငံကို မသိမ်းပိုက်မီ စစ်ဘက်ဆိုင်ရာလူဦးရေများပြားလာ၍ ၁၈၇၂- ၈၁ကြားတွင် လူဦးရေ ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးလာပြီး အထက်မြန်မာနိုင်ငံ သိမ်းယူအပြီးတွင် တပ်အင်အား ပြောင်းရွှေ့သွား၍ ၁၈၉၁-၁၉၀၁ ကြားတွင် လူဦး ရေလျော့နည်းသွားခြင်း ဖြစ်ပါသည်။ နောက်ပိုင်းနှစ်များတွင် လူဦးရေမှန်မှန် တိုးတက်သွားသည်ကို တွေ့ရပါသည်။ ၁၉၁၁ ခုနှစ် တွင် သန်းခေါင်စာရင်းအရ တောင်ငူမြို့မ၌ အိမ်ခြေ ၃၂၈၁ အိမ်၊ လူဦးရေ ကျား ၁၁၁၀၆၊ မ ၇၄၄၀ စုစုပေါင်း ၁၈၅၄၆ ဦး ရှိပါသည်။

တောင်ငူမြို့သည် တနင်္သာရီတိုင်းတွင် ပါဝင်ခဲ့ပြီး လွတ်လပ်ရေးရပြီးမှ ပဲခူးတိုင်းအတွင်း ပြန်လည်ပါဝင်လာခဲ့သည်။ ၁၈၇၄ ခုနှစ် နယ်မြေပိုင်းခြားပုံမှာ-

(၁)ရခိုင်၊ (၂)ပဲခူးနယ်၊ (၃) တနင်္သာရီနယ်ဟု သုံးနယ်ခွဲခြားပြီး ၎င်းနယ်များတွင်-

(၁)ရခိုင်= (က) စစ်တွေ စီရင်စု၊ (ခ) ရမ်းဗြဲစီရင်စု၊ (ဂ) သံတွဲစီရင်စု၊ (ဃ) ရခိုင်တောင်ရိုးစီရင်စု၊

(၂)ပဲခူးနယ် = (က) ရန်ကုန်စီရင်စု၊ (ခ) ပုသိမ်စီရင်စု၊ (ဂ) မြန်အောင်စီရင်စု၊ (ဃ) ပြည်စီရင်စု၊ (င)သရက်စီရင်စု၊

(၃)တနင်္သာရီနယ်= (က) ကျိုက္ခမီစီရင်စု၊ (ခ) ထားဝယ်စီရင်စု၊ (ဂ) မြိတ်စီရင်စု၊ (ဃ) ရွှေကျင်စီရင်စု၊ (င) တောင်ငူစီရင်စု တို့ ဖြစ်ကြပါသည်။  (၁၈၉၅ ခုနှစ်တွင် ရွှေကျင်ကို တောင်ငူစီရင်စုထဲသို့ ထည့်သွင်းသည်။) တစ်ခုစီအတွက် အရေးပိုင်တစ်ဦး၊ ၎င်း၏အောက်တွင် တရားသူကြီး၊ မြို့ပိုင်၊ နယ်ပိုင်၊ အခွန်ဝန်၊ မြို့သူကြီး၊ ကျေးရွာသူကြီး အဆင့်ဆင့်ခန့်ထားသည်။

အင်္ဂလိပ်-မြန်မာနယ်ခြားဖြစ်သော အာလံမြို့နှင့် တောင်ငူမြို့တွင်ရှိသော အကောက်ရုံးစာရင်းများအရ ၁၈၇၂ ဝင်ကုန်/ ထွက်ကုန်တန်ဖိုးမှာ အောက်ပါအတိုင်း ဖြစ်သည် –

 

mdn

 

လမ်းပန်းဆက်သွယ်ရေး

ရှေးအခါက တောင်ငူမှ ရန်ကုန်သို့ ကုန်းလမ်းခရီးမှသွားလျှင် ရက် ၂၀ ခန့် သွားရသည်။ ၁၈၇၇ ခုနှစ်တွင် ရန်ကုန်-ပြည် ရထားလမ်း ဖွင့်လှစ်ပြီးနောက် ရန်ကုန်မှ တောင်ငူသို့ ရထားလမ်းဖောက်လုပ်ရန် စီစဉ်ခဲ့သည်။ ပဲခူး-တောင်ငူ မြေသားလမ်းပေါ်တွင် ရထားလမ်းပြုလုပ်ခဲ့ပြီး စစ်တောင်းမြစ်ဝှမ်း အစိုးရမီးရထားလမ်း (Rangon and Sittang vally state railway) ဟုခေါ်သည်။ ရူပီးငွေ ၁၃သန်း ကုန်ကျသည်။ ရန်ကုန်မှ ၉၃ မိုင်ဝေးသော ညောင်လေးပင်လမ်းပိုင်းကို ၁၈၈၄ ခု ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် လည်းကောင်း၊ ညောင်လေးပင်မှ ၇၄ မိုင်ဝေးသော တောင်ငူလမ်းပိုင်းကို ၁-၇-၁၈၈၅ ရက်နေ့တွင် လည်းကောင်း၊ ၁၈၈၆ ခုနှစ်တွင် မန္တလေးသို့ ဆက်လက်ဖောက်လုပ်ခဲ့ရာ ၁-၃-၁၈၈၉ ရက်နေ့တွင် ရန်ကုန်မှ ၃၈၅ ဒသမ ၅ မိုင်ဝေးသော မန္တလေးအထိ ရထားလမ်း ပေါက်ခဲ့သည်။ ရထားဖြင့် ခရီးသည်ကုန်စည်သယ်ဆောင်မှု တိုးတက်လာပြီး ရထားလမ်းဘေးတွင် မြို့ ၊ ရွာများ ပေါ်ပေါက် လာခဲ့သည်။

၁၈၇၄ ခုနှစ်တွင် ပဲခူး-စစ်တောင်း တူးမြောင်းအရှည် ၃၇ မိုင်ကို ဖောက်လုပ်ခဲ့ရာ တောင်ငူမှာ သစ်ဖောင်များကို စစ်တောင်းမြစ်မှ မျှောချပြီး တူးမြောင်းမှတစ်ဆင့် ရန်ကုန်သို့ ပို့ဆောင်နိုင်သဖြင့် စီးပွားရေးဖွံ့ ဖြိုးလာပါသည်။ တောင်ငူ-သံတောင်လမ်း ၂၈ ဒသမ ၅) မိုင်ကို ၁၈၈၂ ခုနှစ် ဘုရင်ခံချုပ် သံတောင်သို့ လာရောက်ပြီးနောက်တွင် ဖောက်လုပ်ခဲ့သည်။ သံတောင်တွင် ဗြိတိသျှစစ်တပ် အနားယူစခန်းပြုလုပ်ရန် ရွေးချယ်ခဲ့သည်။ ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ်ဆောင်ရွက်ခဲ့ပြီး ရူပီးငွေ ၉၂၁၀ဝဝ ကုန်ကျသည်။ ၁၉၀၅ ခုနှစ်တွင် စစ်တောင်းမြစ်ကူး တံတားကြီးကို ရူပီးငွေ ၃၈၀ဝဝဝ အကုန်အကျခံပြီး ဆောက်လုပ်ခဲ့ပါသည်။

မြူနီစီပယ်ကော်မတီ

၁၈၇၄ ခုနှစ်တွင် ရန်ကုန် - မန္တလေး - မော်လမြိုင် - စစ်တွေ - ပုသိမ် - ပြည်နှင့် တောင်ငူမြို့များတွင် မြူနီစီပယ်ဥပဒေ ပြဋ္ဌာန်း၍ ကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ တောင်ငူမြူနီစီပယ်အဖွဲ့တွင် အစိုးရအရာရှိကြီး သုံးဦး၊ ခန့်ထားသူခြောက်ဦး၊ ရွေးချယ်တင်မြှောက်သူ ခြောက်ဦး စုစုပေါင်း ၁၅ ဦးပါဝင်သည်။ အရေးပိုင်၊ ခရိုင်ဆရာဝန်ကြီးနှင့် PWD လမ်းလုပ်ငန်းဌာန အင်ဂျင်နီယာတို့မှာ အစိုးရခန့်ထားသူ အရာရှိကြီး သုံးဦးဖြစ်သည်။ မြူနီစီပယ်အဖွဲ့တွင် အတွင်းရေးမှူးတစ်ဦး၊ အင်ဂျင်နီယာတစ်ဦးနှင့် စာရေးသုံးဦး ပါဝင်သည်။ ဖွားသေစာရင်း မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးသည်။

တောင်ငူမြူနီစီပယ်အဖွဲ့၏ (၁၉၁၁-၁၂) ရသုံးငွေစာရင်း

 

mdn

 

ထိုစဉ်က မြူနီစီပယ်ကော်မတီဝင်လူကြီးများအမည်ဖြင့် မှည့်ခေါ်ထားသော လမ်းများမှာ ဦးမှန်းလမ်း၊ ဦးပန်းဖြူလမ်း၊ ဦးမှဲ့လမ်း၊ ဦးကာလမ်း (ဦးကာမှာ မြန်မာပညာရှိ အမတ်ကြီးဦးပေါ်ဦး၏ မြစ်ဖြစ်ပြီး နောင်တွင် တောင်ငူမဲဆန္ဒနယ်မှ အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါသည်)။

မြို့တွင်းလမ်းများကို ကတ္တရာလမ်းခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် စုစုပေါင်း ၂၄ မိုင်ကို ပြုပြင်ထိန်းသိမ်းခဲ့ကြောင်း တောင်ငူခရိုင် ဂေဇက်တီးယားတွင် ဖော်ပြထားပါသည်။

၁၉၀၆ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ရဲအတတ်သင်ကျောင်းကို တောင်ငူမြို့တွင် ပထမဆုံးဖွင့်လှစ်ခဲ့ပါသည်။ ၁၉၁၂ ခုနှစ်တွင် မန္တလေးမြို့သို့ ပြောင်းရွှေ့သွားပါသည်။

ပညာရေး

မြန်မာမင်းများလက်ထက်က ဘုန်းတော်ကြီးကျောင်းများသည် မြန်မာတို့၏ အဓိကပညာဖြန့်ဝေရာ ဌာနများဖြစ်ခဲ့ပါသည်။ ၁၈၇၀ ပြည့်နှစ်တွင် တောင်ငူမြို့၏ ပညာရေးအခြေအနေမှာ ဘုန်းတော်ကြီးကျောင်း ၁၃၃ ကျောင်း၊ ကိုရင် ၁၇၆၄ ပါး၊ ကျောင်း သား ၄၇၃ ဦး စုစုပေါင်း ၂၂၃၇ ဦး ရှိပြီး လူကျောင်း ကိုးကျောင်း၊ ကျောင်းသား၂၉၅ ဦး ရှိပါသည်။ နိုင်ငံခြားခရစ်ယာန်သာသနာပြုများ တောင်ငူမြို့သို့ ၁၈၅၃ ခုနှစ်တွင် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာပြီး အပြိုင်အဆိုင် သာသနာပြုခြင်းဖြင့် ခေတ်ပေါ်အနောက်တိုင်း စာပေသင်ကြားရေး ဖွံ့ဖြိုးတိုးတက်လာပါသည်။ ၁၈၅၃ ခုနှစ် အောက်တိုဘာလတွင် အမေရိကန် နှစ်ခြင်းသာသနာပြုဆရာ Rev: F. Mason ထားဝယ်မှ ရောက်ရှိလာပြီး ကရင်လူမျိုးများအကြားတွင် သာသနာပြုခဲ့ပါသည်။ ပကူးကရင်၊ ဘွဲနှင့် မြန်မာ ဟု ၃ စုခွဲကာ သာသနာပြုသည်။ ၁၉၁၁ ခုနှစ်တွင် တောင်ငူခရိုင်၌ ဘုရားရှိခိုးကျောင်း ၁၈၇ ကျောင်း၊ စာသင်ကျောင်း ၈၉ ကျောင်း၊ ဘာသာဝင် ၁၈၅၁၆ ဦးရှိပါသည်။

ဒုတိယအဖွဲ့မှာ ရိုမန်ကက်သလစ်သာသနာပြုအဖွဲ့ ဖြစ်ပြီး ၁၈၆၇ နှစ်တွင် တောင်ငူသို့ ရောက်ရှိသည်။ လိပ်သိုတွင် အခြေစိုက်ပြီး တောင်တန်းဒေသ ကရင်၊ ကရင်နီနှင့် ရှမ်းပြည်အထိ တိုးချဲ့စည်းရုံးသည်။ ၁၈၉၀ တွင် ဂိုဏ်းအုပ်ဘုန်းတော်ကြီး(Bishop)တစ်ပါး ခန့်အပ်ခြင်းခံရသည်။ ဘုရားရှိခိုးကျောင်းခြောက်ခု ဝတ်ပြုဆုတောင်းနေရာ ၁၆၄ ခုနှင့် စာသင်ကျောင်း ၂၈ ကျောင်း၊ သီလရှင်မိဘမဲ့ကျောင်းများရှိသည်။ ၁၉၁၁ ခုနှစ်တွင် ဘာသာဝင် ၉၉၄၀ ရှိပါသည်။ SPG အဖွဲ့သည် ၁၈၇၅ ခုနှစ်တွင် ရောက်ရှိလာသည်။ တောင်ငူခရိုင် အရှေ့မြောက်ပိုင်းရှိ ဘွဲကရင်၊ ပကူးနှင့် စကောကရင်များကြားတွင် သာသနာပြုခဲ့ပါသည်။ ဘုရားရှိခိုးကျောင်း ၅၁ ကျောင်း၊ စာသင်ကျောင်း ၂၃ ကျောင်းနှင့် ဘာသာဝင် ၄၀၄၃ ရှိကြောင်း ၁၉၁၁ ခုနှစ် သန်းခေါင် စာရင်းတွင် တွေ့ရှိရပါသည်။

တောင်ငူမြို့သည် ထိုအချိန်က ပညာရေးဗဟိုဌာနတစ်ခုဖြစ်ပြီး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်။ တောင်ငူမြို့ပေါ် တွင် သာသနာပြုအဖွဲ့များမှ ဖွင့်လှစ်ထားသော ကျောင်းများမှာ-

၁။ SPG ကျောင်း (ဆေးရုံဟောင်းလမ်း မြို့ရိုးပေါ်ရှိ ယခု မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနေရာ)၊

၂။ A.B.M အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့ ၏ BIXBY (ဈေးကြီးမြောက်ဘက် နဂါးရုံဘုရားနှင့် ပွဲစားလမ်းကြား) ကျောင်း၊

၃။ St Joseph Convent (Roman Catholic ) အထက ၃ ၊ ယခုပညာရေးကောလိပ်၊

၄။ St Luke အထက်တန်းကျောင်း (ယခု အထက ၄)၊

၅။ St John Convent  အလယ်တန်းကျောင်း (ယခုစစ်သားစုဆောင်းရေးနေရာ)၊

၆။ Bunker Memoreal High School (ယခု အထက ၆)၊

၇။ Paku Karen High School (ယခု အထက ၅)၊

၈။ St .Paul မူလတန်းကျောင်း (အရှေ့ဘက်ကမ်းခြင်္သေ့ဦး)၊

၉။ St. Anotony မူလတန်းကျောင်း၊ မိဘမဲ့ဂေဟာ (ရွှေဆံတော်ဘုရား အရှေ့ဘက်မုခ်)၊

၁၀။ St. Peter အထက်တန်းကျောင်း (မြစ်အရှေ့ဘက်ကမ်း)တို့ ဖြစ်သည်။

မြန်မာပြည်အရပ်ရပ်မှ ကျောင်းအိပ်ကျောင်းစား လာရောက်ပညာသင်ယူသူ အများအပြားရှိသည်။ အင်္ဂလိပ်စာပါမောက္ခ ဒေါ်သိန်းညွန့်နှင့် ပထဝီဝင်ပါမောက္ခ ဒေါက်တာဒေါ်သင်းကြည်တို့မှာ St Joseph Convent ကျောင်းထွက်များ ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ် အပြီးတွင် အမျိုးသားကျောင်းများ ပေါ်ပေါက်လာပါသည်။ တောင်ငူတွင် ရွှေဆံတော် ဘုရားမြောက်မုခ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ဦးသုမနကျောင်းတွင် ပထမဆုံး အမျိုးသားကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး ကျောင်းအုပ်ကြီးမှာ အရေးပိုင်ဟောင်း ဦးညီပုဖြစ်ပါသည်။ ထို့နောက် ဆရာကြီးဦးဖိုးကွန်း (ဗိုလ်မှူးဖိုးကွန်း) က ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ပါသည်။ ၁၉၃၀ ပြည့်နှစ်တွင် နန်းတော်ဟောင်းမြေကွက်ကို ရယူနိုင်ခဲ့ပြီး အမျိုးသားကျောင်း (ယခု အထက ၂) ကို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။

 

mdn

 

Government Normal Teacher Training School  အစိုးရ ဆရာဖြစ်သင် နော်မံကျောင်း ယခု အထက(၁)နေရာ စစ်တောင်းမြစ်ကမ်းပါးတွင် တည်ရှိသည်။ ၁၉၀၈ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးတွင် အစိုးရနော်မံကျောင်း ၁၂ ကျောင်းရှိသည်။ ဆရာများအတွက် ရှစ်ကျောင်းနှင့် ဆရာမများအတွက် လေးကျောင်းဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ စစ်တွေနှင့် တောင်ငူတွင် ရှိသည်။ ၁၉၁၁ ခုနှစ်တွင် တောင်ငူအစိုးရ နော်မံကျောင်း၌ ဆရာဖြစ်သင်တန်းသား ၃၈ ဦး တက်ရောက် သင်ကြားခဲ့ပါသည်။ အစိုးရနော်မံ ကျောင်းနှင့်အပြိုင် ဆရာတော် ဦးလက္ခဏ၏ ဗုဒ္ဓဘာသာဆရာဖြစ်အောင် နော်မံကျောင်းကို တောင်ငူမြို့ လေးကျွန်းကန်တော်ကြီးအနီး ကန်တော်ကျောင်းတွင် ၁၉၃၀ ခန့်က ဖွင့်လှစ်ခဲ့ပါသည်။ ထိုကျောင်းမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ ဆရာမြောက်မြားစွာ မွေးထုတ်ခဲ့ပြီး တောင်ငူနယ်၏ ပညာရေးကို ထွန်းတောက်စေခဲ့သည်။ ၁၉၃၀-၁၉၄၂ အတွင်း ဆရာဖြစ်သင်တန်းသား ၈၀ဝ ကျော် မွေးထုတ်နိုင်ခဲ့သည်။ နိုင်ငံတစ်နံတစ်လျား ဒေသအနှံ့အပြား ရခိုင်၊ မွန်၊ ထီးလင်း၊ ဂန့်ဂေါ ၊ ရွှေဘိုကျွန်းလှ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများမှ တက်ရောက်သင်ကြားခဲ့ကြသည်။ ဆရာတော် ဦးလက္ခဏသည် အမြော်အမြင်ကြီးစွာဖြင့် ဆရာ ဆရာမများ မွေးထုတ်သလို အခမဲ့ မူလတန်းကျောင်းများကို ဘုရားနှစ်ဆူ၊ ဗိုလ်ကတော်၊ ဆူးတပ်၊ ပိတောက်ကုန်း၊ စပါးကြွယ်၊ ခုနစ်မိုင်ကျေးရွာများတွင် ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျွန်တော်တို့ မူလတန်းကျောင်းနေစဉ် ကျောင်းအုပ် ဆရာကြီး၊ ဆရာမများမှာ ဆရာတော်ဦး လက္ခဏကျောင်းထွက်များပင် ဖြစ်ပါသည်။

မြန်မာ့အလင်း