ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားလာမှုကြောင့် အိန္ဒိယခရီးစဉ်ရွှေ့ဆိုင်း

လန်ဒန်၊ ၅ ဇန်နဝါရီ

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပိုမိုဆိုးရွားလာခဲ့ပြီးနောက် ယခုလအတွင်း အန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသော ၎င်းအစီအစဉ်ကို ယနေ့ရွှေ့ဆိုင်းလိုက်သည်။

 

“ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီလနှောင်းပိုင်းမှာ အိန္ဒိယနိုင်ငံကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတဲ့အတိုင်း မဖြစ်နိုင်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်မိပါတယ်” ဟု ဂျွန်ဆင်က အိန္ဒိယဝန်ကြီးချုပ်မိုဒီအား တယ်လီဖုန်းဖြင့် ယနေ့ဆက်သွယ်ပြောကြားကြောင်း ဝန်ကြီးချုပ်ရုံးက ပြောကြားသည်။

 

ဂျွန်ဆင်သည် ပြင်းထန်သော ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီ ၄ ရက်က အင်္ဂလန်တစ်ဝန်းလုံးတွင် အသွားအလာကန့်သတ်မှုအသစ် ချမှတ်မှတ်ရန် ကြေညာလိုက်ပြီး ယင်းရောဂါကူးစက်မှု တားဆီးကာကွယ်ရေးအတွက် အရေးပေါ်လုပ်ဆောင်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် ပတ်သက်၍ ပြည်တွင်းတုံ့ပြန်မှုအပေါ် အာရုံစူးစိုက်နိုင်ရန် မိမိအနေဖြင့် ယူကေ၌ ဆက်လက်ရှိနေရန် အရေးကြီးကြောင်းဂျွန်ဆင်က ပြောကြားသည်။

 

သို့သော် ဝန်ကြီးချုပ်ဂျွန်ဆင်သည် ယခုနှစ်ကုန်ပိုင်းတွင် ဗြိတိန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ မတက်ရောက်မီ ယခုနှစ်ပထမနှစ်ဝက်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ရန် မျှော်လင့်နေဆဲဖြစ်သည်။

 

ဝန်ကြီးချုပ် ဂျွန်ဆင်သည် ဥရောပသမဂ္ဂမှ ထွက်ခွာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကုန်သွယ်ရေးစာချုပ်သစ် ချုပ်ဆိုရန် ကြိုးစားလျက်ရှိသည့်အတွက် ဇန်နဝါရီ ၂၆ ရက်တွင် ကျရောက်မည့် အိန္ဒိယသမ္မတနိုင်ငံထူထောင်သည့် နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

 

အိန္ဒိယသို့ သွားရောက်လည်ပတ်မည့် ခရီးစဉ်သည် ဗြိတိန်နှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးကို အကြီးအကျယ် တိုးတက်ပြောင်းလဲစေလိမ့်မည်ဖြစ်ကြောင်း ဂျွန်ဆင်က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။

 

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ