ဗြိတိန်နှင့် ဥရောပနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် တတိယအကြိမ် ထပ်မံပို့ဆောင်ခဲ့

၂၇-၇-၂၀၂၀ ရက်၊ လန်ဒန်မြို့

 

အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 ကြောင့် ပုံမှန်လေယာဉ်များ ပျံသန်းမှု ရပ်နားထားသည့် ကာလအတွင်း ဗြိတိန်နှင့် တာဝန်ယူထားသည့် ဆွီဒင်၊ ဒိန်းမတ်နှင့် အိုင်ယာလန်နိုင်ငံတို့မှ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် မြန်မာသံရုံး၊ လန်ဒန်မြို့က ကယ်ဆယ်ရေးလေယာဉ်(Relief Flight) ခရီးစဉ်များ စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

 

တတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်အဖြစ် ကာတာလေကြောင်းမှ စင်းလုံးငှား လေယာဉ်သည် ခရီးသည် စုစုပေါင်း (၃၁၃) ဦးတင်ဆောင်၍ လန်ဒန်-ဒိုဟာ-ရန်ကုန် ခရီးစဉ်အတိုင်း ၂၆-၇-၂၀၂၀ ရက်နေ့၊ မွန်းလွဲ ၁၃:၄၀ နာရီတွင် လန်ဒန်မြို့ ဟီးသရိုးလေဆိပ်မှ ထွက်ခွာသွားခဲ့ရာ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနှင့် သံရုံးမှတာဝန်ရှိသူများက လန်ဒန်မြို့၊ ဟီးသရိုးလေဆိပ်တွင် ပို့ဆောင်၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြသည်။

 

ခရီးသည်များအဖြစ် ဗြိတိန်နှင့် ဥရောပနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိက နိုင်ငံများတွင် ရောက်ရှိနေသည့် သံဃာတော် (၂) ပါး အပါအဝင် သင်္ဘောသားများ၊ ကျောင်းသားများ၊ အစိုးရပညာတော်သင်များ၊ နိုင်ငံတကာ ကုမ္ပဏီဝန်ထမ်းများ နှင့် အလည်အပတ် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအပြင် သံတမန်များ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် စီးပွားရေး လုပ်ငန်းဗီဇာ ကိုင်ဆောင်ထားပြီး မြန်မာနိုင်ငံသို့ တာဝန်နှင့် လူမှုရေးအရ အရေးတကြီး သွားရန်ရှိသည့် နိုင်ငံခြားသားများလည်း လိုက်ပါသွားကြသည်။

 

ထိုသို့စေလွှတ်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ဥရောပ၊ အရှေ့အလယ်ပိုင်း နှင့် အာဖရိက နိုင်ငံများရှိ မြန်မာသံရုံး (၁၁) ရုံးတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 

Credit #Ministry_of_Foreign_Affairs

 

mdn