ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်ဖြစ်ပွားသူဦးရေ တစ်သိန်းကျော်ရှိလာ

ဒီဇင်ဘာ ၂၃

 

ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူဦးရေ တစ်သိန်းကျော်ရှိလာသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က ကိုဗစ်ကူးစက်ခံရသူ ၁၀၆၁၂၂ ဦးရှိသည်။ မကြာသေးမီရက်များအတွင်း ကိုဗစ်ကူးစက်ခံရသူဦးရေ ၉၀၀၀၀ ကျော်ဖြင့် နေ့စဉ်ကူးစက်မှု မြင့်တက်ခဲ့သည်။

 

အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၁၃၀၀၀ ကျော်ရှိရာမှ ၇၄၀၀၀အထိ ကူးစက်မှုမြင့်မားလာခဲ့သည်။ လန်ဒန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းခန့်သည် အိုမီခရွန်ကူးစက်ခံရသူများဖြစ်သည်။

 

ယင်းသို့ကူးစက်ခံရမှုမြင့်မားလာသော်လည်း သေဆုံးသူဦးရေနှင့် အပြင်းဖျားလူနာအရေအတွက်မှာ သိသိသာသာ မြင့်တက်လာခြင်းမရှိပေ။

 

Merck နှင့် Pfizer တို့မှ သီးခြားထုတ်လုပ်သော ကိုဗစ်ရောဂါကာကွယ်ဆေး သောက်ဆေးအမျိုးအစား ၄ ဒသမ ၂၅ သန်းကို ထပ်မံဝယ်ယူရန်လည်း စာချုပ်ချုပ်ဆိုခဲ့သည်ဟု အစိုးရက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကာကွယ်ဆေးများသည် ကိုဗစ်ကူးစက်ခံရသူများအား ပြင်းပြင်းထန်ထန် ဖျားနာမှုမဖြစ်ရန် ကာကွယ်ပေးသည်။

 

အစိုးရက အမေရိကန်ဆေးဝါးကုမ္ပဏီ Merck ကထုတ်လုပ်သော သောက်ဆေးအမျိုးအစားဖြစ်သည့် molnupiravir ကို ပြည်သူများထံ ဖြန့်ဝေပေးပြီး ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို