ဗြိတိန်ဘုရင်မကြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအထိုးခံမယ်လို့ သိရ

လန်ဒန်၊  ၆  ဒီဇင်ဘာ

 

ဗြိတိန်ဘုရင်မကြီး Pfizer-BioNTech ဆေးကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ဆေးကို လာမယ့် သီတင်းပတ်တွေ အတွင်းမှာ အထိုးခံမှာဖြစ်ကြောင်း ဒီနေ့(တနင်္ဂနွေနေ့) the Mail မှာ ရေးသားထားပါတယ်။

 

အဲလိဇဘတ်သ်၂ ဘုရင်မကြီး (သက်တော် ၉၄ နှစ်) နဲ့ ခင်ပွန်း မင်းသားကြီး ဖိလစ် (သက်တော် ၉၉ နှစ်) တို့ဟာ အသက်အရွယ်အရ ကာကွယ်ဆေးရရှိမယ့် အရွယ်တွေ အဖြစ်တဲ့အတွက်သာ ကာကွယ်ဆေးထိုး ခံရမှာဖြစ်ကြောင်း၊ အခွင့်ထူးခံတဲ့အနေနဲ့ ရရှိတာမျိုးမဟုတ်ကြောင်း the Mail မှာ ရေးသားထားပါတယ်။

 

Pfizer-BioNTech ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို ဒီဇင်ဘာ ၂ ရက်နေ့က ဗြိတိန်နိုင်ငံက ကာကွယ်ဆေးအဖြစ် အသုံးပြုသွားမယ်လို့ ကြေညာသွားပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ နိုင်ငံသားတွေကို ထိုးနှံပေးဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

 

ကာကွယ်ဆေးကို ပထမဆုံးရရှိမယ့်သူတွေဟာ စောင့်ရှောက်ရေးဂေဟာမှာနေထိုင်တဲ့ အဖိုးအဖွားတွေ ဖြစ်ပြီး အဲဒီနောက် အသက် ၈၀ နဲ့ အထက် အဖိုးအဖွားတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေး ဂေဟာဝန်ထမ်းကို ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။

 

အင်္ဂလန်အတွင်းရှိ ဆေးရုံ ၅၀ အား ကာကွယ်ဆေးထိုးနှံပေးမယ့် ဆေးရုံတွေအဖြစ် ကနဦးအနေနဲ့ ရွေးချယ်ထားကြောင်း သိရပါတယ်။

 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က Pfizer-BioNTech ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးတွေ ရောက်ရှိခဲ့ပြီး လာမယ့် သီတင်းပတ်အတွင်းမှာလည်း ကာကွယ်ဆေး အလုံးရေ ၈၀၀,၀၀၀ ထပ်မံရောက်ရှိမယ်လို့ ဆိုပါတယ်။

 

ဗြိတိန်နိုင်ငံက Pfizer-BioNTech ဆေးကုမ္ပဏီထုတ်ကာကွယ်ဆေး သန်း ၄၀ မှာထားကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP