ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် International Challenge ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ယှဉ်ပြိုင်မည်

၈ ဧပြီ

 

မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် International Challenge ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲကို ဧပြီ ၉ ရက်မှ ၁၄ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ်တွင်ဂျပန်နိုင်ငံ၌ ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းလျက်ရှိပြီး အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရမည့် ကမ္ဘာ့အဆင့်ရရန်အတွက် ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယခုနှစ်ဆန်းပိုင်းတွင် ယူဂန္ဓာနှင့် ကင်ညာနိုင်ငံ၌ ကျင်းပသည့် ပြိုင်ပွဲများတွင် အောင်မြင်မှုရခဲ့ပြီး မတ်လအတွင်းက နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် ပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ဗီဇာအခက်အခဲကြောင့် သွားရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ သက်ထားသူဇာသည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် Internationla Challenge ပြိုင်ပွဲမတိုင်မီ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၏ အစီအစဉ်ဖြင့် ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်များတွင် ပါဝင်ရန် မတ် ၂၆ ရက်ကတည်းက ဗီယက်နမ်နိုင်ငံသို့ ကြိုတင်သွားရောက်နေခြင်း ဖြစ်သည်။

 

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် မတ်လဆန်းအထိ နိုင်ငံတကာပြိုင်ပွဲငါးခု ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲလေးခုတွင် အောင်မြင်မှုရယူနိုင်ခဲ့သည်။ သက်ထားသူဇာသည်အောက်တိုဘာတွင် အီဂျစ်နိုင်ငံ၌ကျင်းပသည့် International Series ပြိုင်ပွဲတွင် ချန်ပီယံဆု၊ ဖေဖော်ဝါရီတွင် ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့် International Series ပြိုင်ပွဲတွင် ချန်ပီယံဆု၊ ဖေဖော်ဝါရီနောက်ဆုံးပတ်မှ မတ်လဆန်းအထိ ကင်ညာနိုင်ငံ၌ ကျင်းပသည့် Future Series ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့ပြီး ဒီဇင်ဘာတွင် နီပေါနိုင်ငံ၌ ကျင်းပသည့် International Series ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ဖိုးသော်ဇင်