ဗီယက်နမ်နိုင်ငံ၌ ကျောက်မီးသွေးတွင်းမီးလောင်မှုကြောင့် လေးဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ

ဧပြီ ၃

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Quang Ninh ပြည်နယ်တွင် မီသိန်းဓါတ်ငွေ့မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ယမန်နေ့က ကျောက်မီးသွေးတွင်းလုပ်သားလေးဦး သေဆုံးပြီး အခြားခုနစ်ဦးဒဏ်ရာရရှိကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြထားသည်။ အဆိုပါကျောက်မီးသွေးတွင်းသည် ကမ်ဖာမြို့တွင် ၂၃ စတုရန်းမီတာ အကျယ်အဝန်းရှိပြီး မတော်တဆမှုဖြစ်ပွားချိန်က ယင်းကျောက်မီးသွေးတွင်းတွင် တူးဖော်လုပ်ကိုင်နေချိန်ဖြစ်သည်ဟုသိရသည်။  ထိုကျောက်မီးသွေးတွင်းသည် ဗီယက်နမ်အမျိုးသားကျောက်မီးသွေးနှင့်သတ္တုတွင်းလုပ်ငန်းအုပ်စု၏ Thong Nhat ကျောက်မီးသွေးတွင်းကုမ္ပဏီလက်အောက်တွင်လုပ်ဆောင်နေသည့်တွင်းဖြစ်သည်။ ဒဏ်ရာရတွင်းလုပ်သားခုနစ်ဦးသည် ဒေသတွင်းဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်။ ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို