ဗီယက်နမ်အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် ရေကြီးမှုဖြစ်ပွား လူ ငါးဦး သေဆုံး

၂ ဒီဇင်ဘာ

 

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုဖြစ်ပွားသဖြင့် ပြီးခဲ့သည့်ရက်အနည်းငယ်က လူငါးဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

အဆိုပါ သေဆုံးသူငါးဦးမှာ ခန်ရှ်ဟိုအာပြည်နယ်ရှိ မိသားစုတစ်စုမှသုံးဦးနှင့် လမ်ဒေါင်ပြည်နယ်တွင် လည်ပတ်နေသော ခရီးသွားအမျိုးသမီးနှစ်ဦးတို့ ဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ၏ နောက်ဆုံးထုတ်ပြန်ချက်များအရသိရသည်။

 

မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုတို့ကြောင့် ခန်ရှ်ဟိုအာ၊ ဒတ်ခ်လက်ခ်နှင့် ကွမ်နမ်ပြည်နယ်တို့ရှိ လမ်းများတွင် ရေလွှမ်းမိုးခဲ့ပြီး နေအိမ်ရှစ်လုံး အကြီးအကျယ် ပျက်စီးသွားကြောင်း  သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟိုကော်မတီက ယနေ့တွင် ပြောကြားခဲ့သည်။

 

ကွမ်နမ်၊ ကွမ်နိုင်း၊ ခန်ရှ်ဟိုအာနှင့် ဒတ်ခ်လက်ခ် ပြည်နယ်များရှိ အိမ်ထောင်စု ၁၄၆၈ စုနှင့် လူဦးရေ ၅၆၇၄ ဦး တို့ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု ထိုကော်မတီက ဆိုသည်။

 

နိုင်ငံအလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် ပြီးခဲ့သည့် စနေနေ့မှ တနင်္လာနေ့အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ အချို့ဒေသများတွင် မိုးရေချိန် မီလီမီတာ ၉၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။

 

သဘာဝဘေးအန္တရာယ်များ၊ မြေပြိုမှုများ၊ ရေကြီးမှုများနှင့် မိုးသီးများကျရောက်ခြင်းတို့ကြောင့် ယခုနှစ် ပထမ ၁၀ လအတွင်း လူ ၃၃၅ ဦး ထက်မနည်း သေဆုံး၊ပျောက်ဆုံးမှု ဖြစ်ပွားကာ ဗီယက်နမ်ဒေါင် ၂၁ ထရီလီယံကျော် ဆုံးရှုံးခဲ့သည်ဟု ထိုကော်မတီက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို