ဗီတာမင်ဒီ အဆိပ်သင့်ခြင်း

အရင်က ဗီတာမင်ဒီ အဆိပ်သင့်တယ်ဆိုတာ ရှားပါတယ်။ ခုခေတ်မှာတော့ ဗီတာမင်ဒီအဆိပ်သင့်တယ်ဆိုတာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ အကြောင်းက ဗီတာမင်ဒီက ကျန်းမာရေးကောင်းကျိုးရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြည့်စွက်ဆေးကို အဆမတန် သောက်လာကြတာကြောင့်ပါပဲ။ ဗီတာမင်ဒီက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ မှန်ပါတယ်။ ဖြည့်စွက်ဆေးတွေက တချို့သူတွေအတွက် လိုတယ်ဆိုတာလည်း မှန်ပါတယ်။ ပြဿနာက ဘယ်လောက်လိုလည်းဆိုတာ မသိတာရယ်၊ ပိုသောက်ရင်ဘာဖြစ်မလဲဆိုတာ မသိတာကြောင့် သောက်ရင်း သောက်ရင်းနဲ့ အဆိပ်သင့်တဲ့အဆင့်အထိ ရောက်သွားတာပါ။

 

ဗီတာမင်ဒီတစ်နေ့ဘယ်လောက်လိုသလဲ။

 

မွေးစကနေ တစ်နှစ်အထိဆိုရင် 400IU၊ တစ်နှစ်ကနေ ၇၀နှစ်အထိဆိုရင် 600IU၊ အသက်၇၀အထက်ဆိုရင် 800IU ပါ။ ဒါက တစ်နေ့တာအတွက် ပမာဏပါ။

 

ဗီတာမင်ဒီက ဘာအတွက်ကောင်းတာလဲ။

 

ဗီတာမင်ဒီနဲ့ ပတ်သက်ပြီး အပြောများတာက

•           ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီနဲ့ တွဲသောက်ရင် ကင်ဆာဆဲလ်တွေကို တားဆီးပေးနိုင်ပါတယ်တဲ့။

•           ဗီတာမင်ဒီက သက်ကြီးရွယ်အိုတွေမှာ မှတ်ဉာဏ်ချို့တဲ့တာကို သက်သာစေပါတယ်။

•           မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ မွေးရာပါသွေးထဲမှာ ဖော့စဖိတ်နည်းတာကို ကုသပေးနိုင်ပါတယ်။

•           ဗီတာမင်ဒီကို ရေရှည်သောက်တာက multiple sclerosisရောဂါ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

•           ဗီတာမင်ဒီကို လူကြီးအရိုးပျော့ရောဂါမှာလည်း သုံးနိုင်ပါတယ်။

•           အရိုးပွရောဂါနဲ့ အရိုးကျိုးမှာကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

•           ဗီတာမင်ဒီသောက်ဆေး၊ လိမ်းဆေးတွေက တချို့သူတွေမှာ ဆိုရီးယေးစစ် အရေပြားပြဿနာကို သက်သာစေပါတယ်။

•           Rickets လို့ခေါ်တဲ့ ကလေးအရိုးပျော့ရောဂါတွေမှာလည်း ဗီတာမင်ဒီက ကုသပေးနိုင်ပါသေးတယ်။

•           ဒါ့ပြင် ဆီးချိုရှိတဲ့သူတွေမှာ ဗီတာမင်ဒီက အင်လူလင်ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။

 

ဒါတွေက ဗီတာမင်ဒီရဲ့ အသုံးဝင်ပုံတွေပါ။ အရိုးရောဂါတွေကလွဲရင် ဗီတာမင်ဒီက တခြားရောဂါတွေအတွက် ဖြည့်စွက်ကုသနည်းအနေနဲ့ပဲ အထောက်အကူပြုပါတယ်။ ကျန်တဲ့ တိကျတဲ့ကုထုံးတွေကို လိုက်နာဖို့လိုတယ် ဆို တာ သတိပြုပါ။

 

ဗီတာမင်ဒီအဆိပ်သင့်တာဘာလို့ဖြစ်တာလဲ။

 

ဒါကိုအရင်မပြောခင် ဗီတာမင်အကြောင်းကို နည်းနည်းပြောပြပါမယ်။ ဗီတာမင်မှာ ရေမှာပျော်တဲ့ ဗီတာမင်နဲ့ အဆီမှာပျော်တဲ့ ဗီတာမင်ဆိုပြီးရှိပါတယ်။ ဗီတာမင်ဒီက အဆီမှာပျော်တဲ့ ဗီတာမင်ပါ။ ရေမှာပျော်တဲ့ ဗီတာမင်က ပိုသွားရင် ဆီးထဲမှာ စွန့်ထုတ်လို့ရပါတယ်။ အဆီမှာပျော်တဲ့ ဗီတာမင်က ဒီလိုစွန့်ထုတ်ဖို့ခက်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ စုပုံပြီး ဒုက္ခပေးတတ်ပါတယ်။ ဗီတာမင်ဒီ အဆိပ်သင့်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဖြည့်စွက်ဆေးတွေ အများကြီးသောက်မိလို့ပါ။ သဘာဝအတိုင်းရတဲ့ နည်းတွေကနေ ဗီတာမင်ဒီ အဆိပ်သင့်တယ်ဆိုတာ ရှားပါတယ်။ နောက်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်ဆိုတာ trace elements အနည်းငယ်ပဲလိုတဲ့ အာဟာရပါ။ ဒါကို ခန္ဓာကိုယ်က ဘယ်လောက်လိုအပ်လဲဆိုတာ မစစ်ဆေးဘဲ သောက်မိရင် အန္တရာယ်များပါတယ်။

 

ဗီတာမင်အဆိပ်သင့်ရင်ဘာဖြစ်မလဲ။

 

•           သွေးထဲမှာ ဗီတာမင်ဒီတွေ များလာပါမယ်။

ဒါရဲ့ဆိုးကျိုးကတော့ ပျို့တာ၊ အန်တာ၊ အစားအသောက်ပျက်တာ၊ အားနည်းတာ၊ သတိလစ်တာ စတာတွေ ဖြစ်တတ်ပါတယ်။

•           သွေးထဲမှာ ကယ်လ်ဆီယမ်တွေ များလာပါတယ်။

ဗီတာမင်ဒီက စားလိုက်တဲ့အစားအစာထဲကနေ ကယ်လ်ဆီယမ်ကို စုပ်ယူဖို့ အားပေးပါတယ်။ ကယ်လ်ဆီယမ်တွေများလာရင် ဗိုက်အောင့်တာ၊ ပျို့အန်တာ၊ ခေါင်းမူးတာ၊ သတိလစ်တာ၊ ရေဆာတာ၊ ဆီးခဏခဏသွားတာတွေ ဖြစ်တတ်ပါတယ်။

•           အရိုးတွေထိခိုက်ပါတယ်။

ဗီတာမင်ဒီက အရိုးတွေသန်မာဖို့အတွက် လိုအပ်ပါတယ်။ ဗီတာမင်ဒီ အဆမတန်များလာတဲ့အခါမှာတော့ သွေးထဲမှာ ဗီတာမင် K2 နည်းလာတဲ့အတွက် အရိုးမှာရှိရမယ့် ကယ်လ်ဆီယမ်တွေ နည်းလာပါတယ်။ ဒါကြောင့် အရိုးအားနည်းပြီး ကျိုးလွယ်ပါတယ်။

•           ကျောက်ကပ်ပျက်တတ်ပါတယ်။

သွေးထဲမှာကယ်လ်ဆီယမ်တွေများလာတဲ့အခါ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်တာ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်မကောင်းတဲ့သူတွေမှာလည်း အခြေအနေကို ပိုဆိုးစေပါတယ်။

•           သွေးကြောတွေမာလာခြင်း

ကယ်လ်ဆီယမ်တွေ သွေးကြောထဲမှာ ပုံလာတဲ့အခါ သွေးကြောတွေမာတာ၊ သွေးတိုးတာတွေ ဖြစ်တတ်ပါတယ်။

•           နှလုံးခုန်နှုန်းပုံမမှန်ခြင်း

သွေးထဲမှာ ကယ်လ်ဆီယမ်တွေများလာတဲ့အတွက် နှလုံးခုန်မမှန်တာ ဖြစ်တတ်ပါတယ်။

 

ကုသနည်းများ

 

အရင်ဆုံးတော့ သွေးထဲမှာ ဗီတာမင်ဒီတွေ၊ ကယ်လ်ဆီယမ်တွေ ဘယ်လောက်များနေလဲဆိုတာ စစ်ရပါမယ်။ တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေလည်း လုပ်ရပါမယ်။ လက်ရှိသောက်နေတဲ့ ဗီတာမင်ဖြည့်စွက်ဆေးတွေကို ချက်ချင်းရပ်ပစ်ရပါမယ်။ ဗီတာမင်ဒီများတဲ့ အစားအစာတွေ၊ ကယ်လ်ဆီယမ်များတဲ့ အစားအစာတွေ ရှောင်ရပါမယ်။ ဒါ့ပြင် စွဲသောက်နေတဲ့ ဆေးတွေမှာ ကယ်လ်ဆီယမ် များစေတဲ့ဆေးပါရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးရပ်တာ၊ ဆေးပြောင်းသောက်တာတွေ လုပ်ရပါမယ်။

 

ဗီတာမင်ဒီကို သဘာဝအတိုင်း ဘယ်ကရမလဲ။

 

•           နေရောင်ခြည်

မနက်မိုးလင်းနေထွက်စမှာ ၁၅ မိနစ်လောက် နေပူဆာလှုံပေးတာကလည်း ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်ဒီကို ရစေပါတယ်။

•           အစားအစာ

ဗီတာမင်ဒီကြွယ်ဝတဲ့ အစားအစာတွေကတော့ အဆီပါတဲ့ငါး (ဥပမာ ဆယ်လ်မွန်)၊ ငါးကြီးဆီ၊ အမဲအသည်း၊ ချိစ်၊ ကြက်ဥအနှစ်၊ တချို့မှိုတွေ၊ နို့၊ ဒိန်ချဉ်တွေကနေ ရနိုင်ပါတယ်။

 

ဗီတာမင်ဒီဖြည့်စွက်ဆေးများ

 

ဗီတာမင်ဒီက များရင် အဆိပ်သင့်တတ်တယ်။ သဘာဝကလည်း ရနိုင်တာပဲ။ ဖြည့်စွက်ဆေးတွေ မသောက်ရတော့ဘူးလား။ ဒီလိုလည်းမဟုတ်ပါဘူး။ တချို့သူတွေကတော့ ဖြည့်စွက်ဆေးအနေနဲ့ သောက်ဖို့လိုတဲ့သူတွေ ရှိပါတယ်။ ဥပမာပြောရရင် သတ်သတ်လွတ်စားတဲ့သူတွေ၊ အရိုးပြဿနာရှိတဲ့သူတွေ၊ နေရောင်ကောင်းကောင်း မရတဲ့နေရာမှာနေတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါကြောင့် အပြင်လည်းမထွက်နိုင်၊ အစားလည်း ကောင်းကောင်းမစားနိုင်တဲ့သူတွေဆိုရင် လိုအပ်ပါတယ်။ ဒါတောင် ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်မှ အဆင်ပြေမှာပါ။

 

Take home massage

 

ဗီတာမင်ဒီအဆိပ်သင့်တာက အရင်က တွေ့ရခဲပေမယ့် ခုတော့များလာပါပြီ။ အဓိက ကိုယ့်ရဲ့လိုအပ်ချက်ကို သေသေချာချာမသိဘဲ အများကြီးသောက်နေလို့ပါပဲ။ ဒါကြောင့် ဗီတာမင်ဒီ သောက်တော့မယ်လို့ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ သွေးထဲမှာ ဘယ်လောက်ရှိလဲ။ တစ်နေ့ကို ဘယ်လောက်သောက်မလဲပေါ့။ မဟုတ်ရင်ပိုနေတဲ့ ဗီတာမင်ဒီက သင့်ကို ဒုက္ခပေးပါလိမ့်မယ်။

 

 

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”