ဗီတာမင်စီ အကြောင်း သင်ဘယ်လောက်သိလဲ

၄  ဧပြီ

 

ဗီတာမင်စီဆိုတာ ဒီခေတ်မှာ တော်တော်များများ သိလာကြပါပြီ။ ငါ stress တွေ ပိနေတယ်ဟယ်။ ဗီတာမင်စီလေးသောက်ဦးမှပါ အစ အသားဖြူဖို့ ဗီတာမင်စီထိုးတဲ့အထိ အသုံးပြုလာကြပါပြီ။ သင်ဗီတာမင်စီနဲ့ ပတ်သက်ပြီး သင်ဘာသိထားသလဲ။ သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေက ဘာလဲဆိုတာ ဆက်ကြည့်ရအောင်။

 

ဗီတာမင်စီ ဆိုတာ ဘာလဲ။

 

ဗီတာမင်စီ ဆိုတာ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ချဉ်တဲ့ အသီးအရွက်တွေကနေ အများဆုံးရပါတယ်။ ဥပမာ သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ငရုတ်ပွ။ ခန္ဓာကိုယ်က မထုတ်နိုင်တဲ့အတွက် ပြင်ပက အစားအစာတွေကိုပဲ မှီခိုရတာပါ။ တစ်နေ့တာ လိုအပ်ချက်ကတော့ အရွယ်ရောက်ပြီးသား အမျိုးသမီး တစ်ယောက်အတွက် 75 mg နဲ့ အမျိုးသားအတွက်ကတော့ 90 mg ပဲ ဖြစ်ပါတယ်။

 

ဗီတာမင်စီရဲ့ ကောင်းကျိုးများ

 

ပါးစပ်ပြော ကောင်းကျိုးတွေ အများကြီး ရှိပေမယ့် သိပ္ပံနည်းကျ စမ်းသပ်ထားတာတွေကိုပဲ ပြောပြပေးပါမယ်။

 

နာတာရှည် ရောဂါများ ဖြစ်ပွားမှုကို လျှော့ချပေးခြင်း

 

ဗီတာမင် စီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းစေပါတယ်။ ဒါကြောင့် နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါဖြစ်နှုန်းကို လျှော့ချပေးပါတယ်။

 

သွေးပေါင်ချိန်ကို ထိန်းပေးပါတယ်။

 

သွေးတိုးကို မထိန်းနိုင်ရင် နောက်တက်တွဲ အနေနဲ့ နှလုံးထိခိုက်ပြီး အသက်သေဆုံးတတ်ပါတယ်။ ဗီတာမင်စီက သွေးတိုးရှိတဲ့ သူမှာရော၊ မရှိတဲ့ သူမှာပါ သွေးပေါင်ကျစေတယ်လို့ ဆိုပါတယ်။ ရေရှည်မှာ ဘာဖြစ်နိုင်လဲတော့ မသိပါဘူး။ ဒါပေမယ့် သွေးတိုးထိန်းဖို့ ဗီတာမင် တစ်မျိုးတည်းကို အားမကိုးသင့်ဘူးလို့ ဆရာဝန်များက အကြံပြုထားပါတယ်။

 

နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးတယ်။

 

နှလုံးရောဂါက ကမ္ဘာ့အသေအပျောက်အများဆုံး ရောဂါထဲမှာ ပါပါတယ်။ နှလုံးရောဂါဖြစ်ရတာဟာ သွေးထဲမှာ မကောင်းတဲ့ အဆီဓာတ်တွေများပြီး ကောင်းတဲ့ အဆီဓာတ်တွေ နည်းလို့ ဖြစ်ရတာပါ။ ဗီတာမင်စီက ဒါကို သက်သာစေပါတယ်လို့ ဆိုပါတယ်။

 

ယူရစ်အက်စစ်ကို နည်းစေတယ်။

 

ယူရစ်အက်စစ်တွေ သွေးထဲမှာ သိပ်များလွန်းရင် အဆစ်တွေမှာ စုပုံပြီး ဂေါက်ရောဂါကို ဖြစ်စေပါတယ်။ ဗီတာမင်စီကတော့ ဒီဂေါက်ရောဂါဖြစ်စေတဲ့ ယူရစ်အက်စစ်ကို လျှော့ချပေးပါတယ်တဲ့။

 

သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတာ မဖြစ်အောင် ကာကွယ်ပေးတယ်။

 

ဗီတာမင်က အစာအိမ်ကနေ သံဓာတ်ကို ကောင်းကောင်း စုပ်ယူနိုင်အောင် အကူအညီပေးပါတယ်။ အပင်က ရတဲ့ သံဓာတ်တွေက စုပ်ယူရခက်ပါတယ်။ ဒါကို ဗီတာမင်စီက ပိုပြီး စုပ်လို့ကောင်းတဲ့ အနေအထားဖြစ်အောင် ပြောင်းပေးလိုက်တာပါ။ ဒါကြောင့် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတာ မဖြစ်တော့ပါဘူး။

 

ခုခံအားကို တက်စေတယ်။

 

လူတွေ ဗီတာမင်စီကို ဝယ်ဝယ်သောက်နေရတဲ့ နောက်အကြောင်းရင်း တစ်ခုက ခုခံအားကို တက်စေလို့ပါ။ ဒါကြောင့် ဒီနေ့ခေတ် ဖျားပြီဆိုရင် ပါရာစီတမောအပြင် ဗီတာမင်စီလေးပါ တွဲသောက်လာကြပါပြီ။ ဘယ်လို ခုခံအားကို တက်စေလဲဆိုတော့ အရင်ဆုံး ရောဂါတွေကို တိုက်ထုတ်တဲ့ သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်တာကို အားပေးပါတယ်။ ပြီးတော့ သူတို့ကို ဖျက်ဆီးပစ်မယ့် ဓာတ်တိုးပစ္စည်းတွေ ရန်ကလည်း ကာကွယ်ပေးပါတယ်။ အရေပြားရဲ့ ခုခံနိုင်စွမ်းကိုလည်း ကောင်းစေပါတယ်။ ဒါ့ပြင် အနာကျက်တာကိုလည်း မြန်စေပါတယ်တဲ့။

မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးပါတယ်။

 

လူကြီးအရွယ်မှာ မှတ်ဉာဏ်ချို့ယွင်းတာကို Dementia လို့ ခေါ်ပါတယ်။ လေ့လာချက်တွေအရ အသက်ကြီးလာတာနဲ့အမျှ ဓာတ်တိုးပစ္စည်းဒဏ်ခံရတာတွေ၊ ဦးနှောက်ဆဲလ်လေးတွေ ရောင်ရမ်းတာကြောင့် မှတ်ဉာဏ်ချို့ယွင်းလာတယ်လို့ ယူဆကြပါတယ်။ ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့အတွက် ဒီရောဂါကို ကာကွယ်စေတယ်လို့ ယူဆကြပါတယ်။

 

ဗီတာမင်စီ အလွန်အကျွံသောက်ရင် ဘာဖြစ်နိုင်လဲ။

 

ဗီတာမင်စီကို တစ်နေ့ကို အများဆုံး 2000 mg ထက် ပိုမသောက်သင့်ပါဘူး။ တော်သေးတာက ဗီတာမင်စီက ရေမှာ ပျော်ဝင်တဲ့ ဗီတာမင် ဖြစ်တဲ့အတွက် သွေးထဲမှာ များလာရင် ဆီးထဲကနေတစ်ဆင့် စွန့်ထုတ်လို့ရပါတယ်။ အသက်သေလောက်အောင် မပြင်းထန်ပေမယ့်

ပျို့တာ

အန်တာ

ဝမ်းလျှောတာ

ရင်ပူတာ

ဗိုက်ရစ်တာ

ခေါင်းကိုက်တာ

အိပ်မပျော်တာ

သံဓာတ်စုပ်ယူတာကို အားပေးတဲ့အတွက် ခန္ဓာကိုယ်မှာ သံဓာတ်ပုံလာတာ စတာတွေ ဖြစ်တတ်ပါတယ်။

 

ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးပါ။ ခန္ဓာကိုယ်က  သဘာဝက ရတဲ့ ဗီတာမင်နဲ့ လုံလောက်ပြီးသားဖြစ်တဲ့အတွက် ဖြည့်စွက်သောက်ဖို့ဆိုတာ ရှားပါတယ်။ တကယ်ပဲ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိချင်တယ်ဆိုရင်တော့ အာဟာရပြည့်အောင်စားပါ။  အိပ်ရေးဝဝအိပ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လက်ဆေးပါ။

 

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"