ဘယ်လ်ဂျီယံနိုင်ငံသားများအား အရေးမကြီးပါက ခရီးမသွားရန် တားမြစ်

၂၃ ဇန်နဝါရီ

 

ဘယ်လ်ဂျီယံဝန်ကြီးချုပ်က နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြားနေတာကို လျော့ချရန် နိုင်ငံသားတွေအား အရေးမကြီးတဲ့ခရီးတွေ သွားလာဖို့ ထွက်ခွာခြင်း သို့မဟုတ် ဝင်ရောက်ခြင်း မပြုရန် ပြောကြားလိုက်ပါတယ်။

 

အရေးမကြီးတဲ့ ခရီးစဉ်တွေအား တားမြစ်ထားတဲ့ အမိန့်ကို လာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ကနေ မတ်လ ၁ ရက်နေ့ အထိ ပြဋ္ဌာန်းကြောင်း၊ ခရီးစဉ်ဆိုရာတွင် ကုန်းလမ်း၊ ရေလမ်း နဲ့ လေကြောင်းလမ်းအားလုံး အကျုံးဝင်ကြောင်း သိရပါတယ်။ ဒါပေမယ့် နိုင်ငံကူး သွားလာရတဲ့ လုပ်ငန်းတွေရဲ့ လုပ်သားတွေ၊ ကျန်းမာရေး သို့မဟုတ် မိသားစုကိစ္စအတွက် သွားလာသူတွေကိုတော့ ခရီးသွားခွင့်ရှိကြောင်း ခြွင်းချက်အနေနဲ့ ဖော်ပြထားပါတယ်။

 

ဉရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေရဲ့  ဒေသတွင်းခရီးသွားလာမှု တားမြစ်ရေးအစား ခရီးသွားခြင်းကို အားမပေးရန် ဆုံးဖြတ်ချက်ထွက်လာပြီး နောက်တစ်ရက်မှာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ ခရီးသွားလာခွင့် တားမြစ်တဲ့ ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

mdn

 

ဉရောပသမဂ္ဂအဖွဲ့ဝင် (EU) ရဲ့ ရောဂါပိုးကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး အဖွဲ့ကလည်း သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကြားမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ပိုများလာနိုင်ကြောင်း သတိပေးထားပါတယ်။

 

လူဦးရေ ၁၁.၅ သန်းနေထိုင်တဲ့ ဘယ်လ်ဂျီယံနိုင်ငံဟာ ဂျာမနီ၊ ပြင်သစ် နဲ့ နယ်သာလန် နိုင်ငံတွေနဲ့ နယ်စပ်ချင်း ထိစပ်နေပြီး ဖေဖော်ဝါရီလရဲ့ ပိတ်ရက်အတွင်း နိုင်ငံမှာ ခရီးသွားလာမှု များလာနိုင်တာကို စိုးရိမ်တဲ့အတွက် အခုလို ကြေညာတာဖြစ်ပါတယ်။

 

ဘယ်လ်ဂျီယံနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၆၈၉,၂၇၁ ဦး ရှိပြီး သေဆုံးသူ ၂၀,၆၇၅ ဦးရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

MDN

ကိုးကား - AFP