ဘယ်လဂျီယံနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန်  lockdown ပြဋ္ဌာန်း

၃၁ အောက်တိုဘာ

 

ဘယ်လဂျီယံနိုင်ငံဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု အများဆုံးနိုင်ငံဖြစ်လာအတွက် လာမယ့် တနင်္လာနေ့ကစပြီး ပိုမိုတင်းကျပ်တဲ့ အသွားအလာကန့်သတ်မှု  lockdown ပြဋ္ဌာန်း မယ်လို့ ဝန်ကြီးချုပ်က ကြေညာပါတယ်။

 

ဝန်ကြီးချုပ် အယ်လက်ဇန္ဒရား ဒီလူးက အသွားအလာကန့်သတ်မှုဟာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက် လျှော့ချရေးအတွက် နောက်ဆုံးလုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်ဖြစ်ကြောင်း အဲဒီစည်းမျဉ်းစည်းကမ်းဟာ တစ်လခွဲ ကြာမှာဖြစ်တဲ့အတွက် ဒီဇင်ဘာလလယ် အထိ ဖြစ်ကြောင်း ပြောပါတယ်။

 

အသစ် ပြဋ္ဌာန်းမယ့် အသွားအလာကန့်သတ်မှု lockdown မှာ အိမ်တစ်အိမ်မှာ ဧည့်သည်တစ်ယောက်သာလက်ခံခွင့်၊ လူမြင်ကွင်းမှာ လူ ၄ ဦးသာ စုဝေးခွင့် ပေးထားပြီး အရေးမကြီးတဲ့ ပစ္စည်းရောင်းတဲ့ဆိုင်တွေနဲ့ ဝန်ဆောင်မှုပေးတဲ့ အလှပြင်ဆိုင်တွေပါ ပိတ်ထားရမှာဖြစ်ပါတယ်။ ကျောင်းတွေရဲ့ ဆောင်းဦးပိတ်ရက်ကိုလည်း နိုဝင်ဘာ ၁၅ ရက်နေ့အထိ တိုးမြှင့်ပိတ်ထားကြောင်း သိရပါတယ်။

 

ဒါပေမယ့် စက်ရုံတွေ လည်ပတ်ခွင့်ရရှိမှာ ဖြစ်သလို ကျောင်းတွေကိုလည်း သတိပေးချက်အောက်မှာ ဖွင့်သွားမှာ ဖြစ်ကြောင်း  အသစ် ပြဋ္ဌာန်းမယ့် အသွားအလာ ကန့်သတ်မှု lockdown မှာ ပါရှိပါတယ်။

 

လူဦးရေ ၁၁.၅ သန်းနေထိုင်တဲ့ ဘယ်လဂျီယံနိုင်ငံမှာ ညမထွက်ရအမိန့် (ည ၁၂ နာရီမှ နံနက် ၅ နာရီ) နဲ့ ဘားတွေ နဲ့ စားသောက်ဆိုင်တွေကို ပိတ်ထားရန် အမိန့်က ထုတ်ပြန်ထားပြီးဖြစ်ရာ အဲဒီအမိန့်တွေကလည်း ဆက်လက် သက်ဝင်နေမှာ ဖြစ်ကြောင်း သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိလူနာ ၆,၁၈၇ ဦး အား ဆေးရုံတွင် သောကြာနေ့က ကုသပေးနေရာ အဲဒီထဲက ၁,၀၅၇ ဦးဟာ အရေးပေါ်ခန်းမှာ ကုသမှု ခံယူနေကြောင်း ထုတ်ပြန်ပါတယ်။

 

ဝန်ကြီးချုပ်က နိုဝင်ဘာလလယ်မှာ အရေးပေါ်ခန်းတွင် ကုသခံယူမယ့်သူ ၂,၈၀၀ လောက်ဖြစ်လာနိုင်ကြောင်း သတိပေး ပြောကြားပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၀၀,၀၀၀ ကျော် တွေ့ရှိခဲ့တဲ့အတွက် တစ်ရက်ကို ပိုးတွေ့သူ ၁၅,၀၀၀ ကျော်ရှိတယ်လို ဆိုရမှာ ဖြစ်ပါတယ်။

 

MDN

ကိုးကား- AFP