ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် ဆေးရုံတွေမှာလည်း အထူးကုဆရာဝန်တွေ ရှိတဲ့အတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အပြည့်အဝပေးနိုင်မှာ ဖြစ်ပါတယ်

စစ်တွေ ၃ မတ်

 

နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိ ရှေးဟောင်းနှစ်ထပ် ဆေးရုံအဆောက်အအုံကြီး၏ နောက်တွင် ခေတ်မီခံ့ညား ထည်ဝါလှသော လေးထပ် အဆောက်အအုံကြီးကတော့ ရုပ်လုံးပေါ်နေပြီ ဖြစ်သည်။ 

 

ရခိုင်ပြည်နယ်ရှိ စစ်တွေဆေးရုံကြီးကို ၂၀၁၆ ခုနစ်တွင် ကုတင် ၅၀ဝ ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်လိုက်ပြီး ကုတင် ၃၀ဝ ဆံ့ လေးထပ် အဆောက်အဦသစ်ကြီးကိုလည်း ထပ်မံတည်ဆောက်နေခြင်း ဖြစ်သည်။

 

 

“ကုတင် ၂၀ဝ ဆံ့ ဆေးရုံကြီးကနေ  ပြည်နယ်ဆေးရုံကြီး အဆင့်နဲ့ လျော်ညီစွာ ကုတင် ၅၀ဝ ဆံ့ ဆေးရုံကြီးအဖြစ် ၂၀၁၆ မှာ အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါတယ်။ လိုအပ်တဲ့ အဆောက်အအုံတွေက အခုမှ စတင်တည်ဆောက်နေရဆဲ ဖြစ်ပါတယ်။ ကုတင် ၂၀ဝ ဆံ့ အဆောက်အဦတွေပဲ ရှိတဲ့အတွက် နောက်ထပ် ကုတင် ၃၀ဝ ဆံ့ အဆောက်အဦတွေ လိုပါတယ်။ ကုတင် ၃၀ဝ ထည့်မံဖြည့်တင်း ကုသနိုင်ဖို့အတွက် လောလောဆယ် လေးထပ်ဆေးရုံကြီးကို ဆောက်လုပ်နေပါတယ်” ဟု ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

 

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ငွေကျပ်သန်းပေါင်း ၂၈၀ဝ ခန့် အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ပြီး လာမည့်နှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။

 

“လေးထပ် အဆောက်အဦကြီးကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် မှာတစ်ခါ၊ ၂၀၁၇ - ၂၀၁၈ မှာတစ်ခါ ကျွန်တော်တို့ ငွေကျပ် သန်းပေါင်း ၂၈၀ဝ နဲ့ တည်ဆောက်နေပါတယ်။ လာမယ့်နှစ်မှာ ပြီးနိုင်မယ် လို့ထင်ပါတယ်” ဟု ဝန်ကြီး ဒေါက်တာချမ်းသာက ဆိုသည်။

 

ရခိုင်ပြည်နယ်အတွင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများကို ကုတင် ၅၀ဝ ဆံ့ ဆေးရုံ(၁) ရုံ၊ ကုတင် ၂၀ဝ ဆံ့ (၂)ရုံ၊ ကုတင် ၁၀ဝ ဆံ့ (၄)ရုံ၊ ကုတင် ၅၀ ဆံ့ (၂၅) ခု၊ ၁၆ ကုတင်ဆံ့ ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ အပါအဝင်  စုစုပေါင်း ဆေးရုံ  ၆၈ ရုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ကုသရေးအတွက် အဓိကအားထားရသည့် ဆေးရုံမှာ စစ်တွေဆေးရုံကြီး ဖြစ်သည်။ 

 

“ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေထိုင်ကြတဲ့သူတွေ အားလုံးဟာ ဒီဆေးရုံကို အမှီပြုပြီး လာရောက်ကုသကြပါတယ်။ ဆေးရုံလူနာ ဝင်ရောက်မှုကလည်း များပါတယ်။ အဲဒီအတွက် လူနာအားနဲ့ ဆေးရုံနဲ့ မမျှတဲ့အတွက်ကြောင့် အဆောက်အဦတွေ တိုးချဲ့ဆောက်လုပ်ရခြင်း ဖြစ်ပါတယ်။ လာမယ့်နှစ်လောက်မှာ ဆေးရုံဆောက်ပြီးသွားရင် လူနာတွေကို အခုထက်ပိုမို ထိရောက် ကောင်းမွန်စွာနဲ့ လက်ခံပြုစု စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

 

ရခိုင်ပြည်နယ်က လူနာများသာမက အထူးသဖြင့် IDP စခန်းများက လွဲပြောင်းပေးသည့် လူနာများကိုလည်း လက်ခံပြုစု ကုသပေးနေပြီး ၎င်းတို့၏ နေထိုင်စားသောက်ရေးကိုပါ ဆေးရုံက တာဝန်ယူဆောင်ရွက် ပေးလျက်ရှိသည်။

 

“ဆေးရုံမှာ အခုဆိုရင် အာဟာရ ကျွေးနေပါတယ်။ အာဟာရ ကျွေးမွေးမှုလုပ်ငန်းကိုလည်း နိုင်ငံတော်နဲ့ စေတနာရှင် ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာ ၆ လလောက်ရှိပါပြီ ဆက်ပြီးလည်း ဆောင်ရွက်သွားမှာပါ” ဟု ဒေါက်တာချမ်းသာက ဆိုသည်။

 

စစ်တွေဆေးရုံကြီးတွင် တီဘီ၊ အသည်းရောင် အသားဝါ၊ ပိုလီယို၊ ငှက်ဖျား စသည့် ရောဂါများကို ကုသပေးလျက်ရှိသည်။

 

“ပြည်နယ်ဆေးရုံကြီး ဖြစ်တဲ့အတွက် အထူးကုရောဂါ ဆယ်မျိုးလောက် ရှိပါတယ်။ အဓိကဖြစ်ပွားတဲ့ ရောဂါတွေကိုလည်း ကျွန်တော်တို့ စစ်တွေဆေးရုံကြီးမှာ ကုသပေးနိုင်ပါတယ်။ အဲဒါအပြင် ခွဲစိတ်ကုသမှု၊ သားဖွားမီးယပ်၊ ကျန်တဲ့ဖျားတာတွေ၊ ကလေးတွေအတွက်လည်း ကုသပေးနေပါတယ်။ ရာသီဥတုတွေ ပြောင်းလဲလာတဲ့အတွက်ကြောင့် သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်တဲ့ ရောဂါတွေလည်း များလာတယ်။ လွန်ခဲ့တဲ့ နှစ်ကဆိုရင် သွေးလွန်တုပ်ကွေးရောဂါကို လူ ၂၅၀ဝ ကျော်လောက် ဖြစ်ပွားပြီး ၂၆ ယောက် သေဆုံးခဲ့ပါတယ်။ ဒါတွေကလည်း ဆေးရုံက ဂရုတစိုက် ပြုစုစောင့်ရှောက် ပေးနိုင်သည့်အတွက် သေဆုံးမှုနှုန်းနည်းခြင်း ဖြစ်ပါတယ်” ဟု ပြည်နယ်လူမှုရေးဝန်ကြီးက ပြောသည်။

 

နိုင်ငံတော်က ဘတ်ဂျက် ပိုမိုချထားပေးသည့်အတွက် လိုအပ်သည့် ဆေးဝါးများကို ဝယ်ယူဖြည့်တင်း၍ လူနာများကို ပိုမိုထောက်ပံ့ ပေးနိုင်သည့်အတွက် ယခုကဲ့သို့ ဆေးရုံတက်ကုသသည့် လူနာများ ပိုများလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

“ဆေးဝါးတွေ ထောက်ပံ့ပေးပါတယ်။ ဆေးဝါးတွေ ထောက်ပံ့တဲ့ အတွက်ကြောင့်လည်း လူနာတွေ ပိုပြီးများလာတာ ဖြစ်ပါတယ်။ အထူးသဖြင့် အခမဲ့ ဆေးကုပေးနိုင်တာ ဖြစ်တယ်။ တချို့အင်မတန်မှ ရှားပါးတဲ့ ဆေးလောက်ပဲ ဝယ်ရတာရှိပါတယ်။ လူနာတွေဟာ ဆေးရုံလာလို့ရှိရင် ကုန်ကျစရိတ် အနည်းဆုံး ဖြစ်အောင်အတွက် ကျွန်တော်တို့ဘက်က ဆောင်ရွက်ပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

 

သို့သော် စစ်တွေဆေးရုံကြီးတွင် လိုအပ်သည့် ဆရာဝန်အင်အား ပြည့်မီခြင်း မရှိသေးဘဲ ဆရာဝန် လိုအပ်ချက်များ ရှိနေသေးကြောင်း သိရသည်။

 

“ကျွန်တော်တို့မှာ ဆရာဝန်ဦးရေက တကယ်လိုအပ်တာရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ ဖြည့်ဆည်းနိုင်ပါသေးတယ်။ ခွင့်ပြုတာက ၂၁၄ ယောက် ဖြစ်ပါတယ်။ အခုခန့်ထားတာက ၆၄ ယောက်ပဲ ရှိတဲ့အတွက် စစ်တွေဆေးရုံကြီးမှာ ဆရာဝန်လိုအပ်ချက် ၁၅၀ လောက်လိုပါသေးတယ်။ အခုတော့ စစ်တွေဆေးရုံကြီးကို ဆရာဝန် ၂၁ ယောက် စတင်ပြောင်းရွှေ့ရောက်ရှိလာပါပြီ” ဟု ပြည်နယ်လူမှုရေးဝန်ကြီးက ပြောသည်။

 

သူနာပြုခန့်ထားမှုမှာ ၆၃ ရာခိုင်နှုန်း၊ စီမံဝန်ထမ်း ၃၇ ရာခိုင်နှုန်း၊ အလုပ်သမား ၂၈ ရာခိုင်နှုန်းဖြင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းလောက်သာ ခန့်ထားနိုင်သေးပြီး ဝန်ထမ်းလိုအပ်ချက်လည်း ရှိနေသေးသည်။

 

“ဝန်ထမ်းပိုင်းနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ လိုအပ်တာတွေ ဖြည့်ပါတယ်။ ကျန်တဲ့ လိုအပ်ချက်တွေကိုတော့ ရခိုင်ပြည်နယ်အစိုးက အခါအားလျော်စွာ သွားရောက်ကြည့်ရှုပြီးတော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

 

စစ်တွေဆေးရုံကြီးတွင် ဆရာဝန်များနှင့် ဝန်ထမ်းများ နေထိုင်ရန် ရှစ်ခန်းတွဲလေးထပ် အဆောက်အအုံတစ်ခုကိုလည်း ယခုနှစ် ဘတ်ဂျက်အတွင်း တည်ဆောက်နေပြီး ဝန်ထမ်းအိမ်ရာများလည်း တိုးချဲ့တည်ဆောက်ရန် လျာထားလျက်ရှိသည်။

 

ထို့ပြင် ရခိုင်ပြည်နယ်ရှိ ဆေးရုံအများစုတွင် ဓာတ်မှန်စက်များ၊ ဓါတ်ခွဲခန်းများ ထားပေးနိုင်ပြီး မဟာဓာတ်အားလိုင်းတည်ရှိသည့် နေရာများတွင် ဓာတ်မှန်စက်များ အသုံးပြုနိုင်သော်လည်း လျှပ်စစ်မိီး မရရှိသေးသည့်် အချို့နေရာများတွင် အသုံးပြုရန် အခက်အခဲရှိနေသေးကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်တွင် ကျေးလက်ကျန်းမာရေးဌာန ၁၂၁ ခုနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲပေါင်း ၅၀ဝ ကျော်ရှိပြီး ကျေးလက်အများစုတွင် လိုအပ်သည့် ဆေးဝါးများကိုလည်း နိုင်ငံတော်က ထောက်ပံ့ပေးထားသည်။

 

“ကျေးလက်ကျန်းမာရေးဌာန လက်အောက်မှာ ကျေးလက်ကျန်းမာရေးဌာနခွဲ လေးခုကနေ ငါးခု အထိရှိပါတယ်။ အဲဒီမှာ ရပ်ရွာအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုတွေ ရှိပါတယ်။ အဲဒီမှာ ကျန်းမာရေးမှူးတွေ၊ သူနာပြုဆရာမတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်။ ပြည်သူတွေကို ရောဂါသေးသေးမွှားမွှားကစပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးပါတယ်။ လိုအပ်ရင် ဆေးရုံတွေကို လွှဲပြောင်းပေးပါတယ်” ဟု ပြည်နယ်လူမှုရေးဝန်ကြီးက ပြောသည်။

 

ထို့ပြင် ကြိုတင်ကာကွယ်မှုအနေဖြင့် ငှက်ဖျားရောဂါဘယ မဖြစ်ပွားအောင် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်း၊ လူထုကို ကျန်းမာရေးပညာပေးခြင်း၊ စောစီးစွာ ရောဂါရှာဖွေ သွေးဖောက်စစ်ဆေးပြီး ပိုးတွေ့ရှိပါက ချက်ချင်းဆေးပေးကုသခြင်း၊ ကျန်းမာရေးဌာနက လက်လှမ်းမမီသည့် မြို့နယ်များတွင် သင်တန်းပေးထားသည့် စေတနာဝန်ထမ်းများ ထားရှိကာ အချိန်မီ ကုသမှုပေးသည့််အတွက် ငှက်ဖျားရောဂါဖြစ်ပွားမှုနှင့် ငှက်ဖျားကြောင့် သေဆုံးမှု သိသိသာသာ ကျဆင်းသွားသလို ရေကြောင့်ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားအောင် ယင်လုံအိမ်သာ စီမံချက်များ၊ ရေနှင့် ပတ်ဝန်းကျင်သန့် ရှင်းရေးလုပ်ငန်းများကို လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

 

တီဘီရောဂါ၊ HIV  အေအိုင်ဒီအက်စ်များကို လိုအပ်သည့် ဆေးဝါးကုထုံးများဖြင့် ကုသမှုပေးနေသလို ခွေးရူးရောဂါ၊ ကလေးများတွင် ခြင်ကြောင့်ဖြစ်ပွားလေ့ရှိသော ဂျပန်ဦးနှောက် ရောင်ရောဂါများအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။

 

“ပြည်သူ့ကျန်းမာရေးလုပ်ငန်းမှာ အဓိကကတော့ ကာကွယ်ဆေးထိုးလုပ်ငန်းဖြစ်တယ်။ ကာကွယ်ဆေးထိုးလုပ်ငန်းမှာ မွေးစကနေ အသက်ငါးနှစ်အထိ လအလိုက်၊ နှစ်အလိုက် ကာကွယ်ဆေး ထိုးပေးပါတယ်။ အထူးသဖြင့် ကာကွယ်ဆေးကို ခုချိန်ထိ ၁၁ မျိုးထိုးနေပါတယ်။ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးကို နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ၂ လ ထိုုးပေးပါတယ်။ ထိုးတဲ့အခါမှာ ကျောင်းအခြေပြုနဲ့ ရပ်ရွာအခြေပြုဆိုပြီး ထိုးပေးပါတယ်။ ကျွန်တော်တို့ဆီမှာ အသက် ၁၅ နှစ်အောက် ကလေးတွေကို အကုန်လုံးထိုးပေးနိုင်ခဲ့ပါတယ်။ ထိုးတဲ့အခါမှာ ရာခိုင်နှုန်းအားဖြင့် ကိုးဆယ်ရာခိုင်နှုန်းလောက် ထိုးပေးနိုင်ခဲ့ပါတယ်” ဟု ဒေါက်တာချမ်းသာက ပြောသည်။

 

အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မောင်တောဒေသတွင် လုံခြုံရေးအနေအထားကြောင့် ဆေးခန်းမဖွင့်နိုင်သည့် ကျေးရွာများရှိသော်လည်း ကျန်သည့်ဒေသ မြို့နယ်များအားလုံးတွင် ဆေးခန်းများ တစ်ပတ်လျှင် သုံးရက်ခန့်နှင့် ကျန်သည့်အချိန်များတွင် ဆရာမများက နယ်မြေအတွင်း ကွင်းဆင်းကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။

 

“တဖက်နိုင်ငံက ပြန်လည်ဝင်ရောက်လာမယ့် သူတွေအတွက်လည်း လက်ခံရေးစခန်းတွေမှာ ကျန်းမာရေးအဖွဲ့တွေ တာဝန်ချထားတယ်။ အဲဒီလူတွေမှာ ကျန်းမာရေးချို့တဲ့သူတွေ ပါလာရင်လည်း ကုသပေးမယ်။ ရောဂါရှိတဲ့သူတွေတွေ့ရင် ဆေးရုံတွေကို လွှဲပြောင်းပြီး ကုသပေးမယ်။ ဒါ့အပြင် အသက်ငါးနှစ်အောက် ကလေးတွေကိုလည်း ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမယ်။  တဖက်နိုင်ငံက ပြန်ဝင်လာတဲ့သူတွေမှာ ရောဂါရှိတဲ့သူတွေလည်း ပါလာနိုင်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံထဲကို ရောက်တဲ့အခါ ကုသပေးနိုင်အောင်လည်း စီစဉ်ထားပါတယ်။ တစ်ရက် ၁၅၀ ပဲလက်ခံမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆေးကုသရေးအဖွဲ့တွေက နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။  ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ဆေးရုံတွေမှာလည်း အထူးကုဆရာဝန်တွေရှိတဲ့အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အပြည့်အဝပေးနိုင်မှာဖြစ်ပါတယ်” ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

 

သူရဇော်