ဘူးသီးတောင်မြို့၌ (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နံနက် ၈ နာရီက ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ရခိုင်မင်္ဂလာစည်တော်တီး၍ အခမ်းအနားဖွင့်လှစ်ကာ အခမ်းအနားသို့ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ဖတ်ကြားခဲ့သည်။

 

ထို့နောက် ရခိုင်ရိုးရာယဉ်ကျေးမှုယိမ်းအဖွဲ့မှ ကပြဖျော်ဖြေခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများနှင့် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများတွင် စွမ်းစွမ်းတမံပူးပေါင်းပါဝင် ကူညီးဆောင်ရွက်ကြသော လူမှုရေးအသင်းအဖွဲ့များအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းများပေးအပ် ချီးမြှင့်ကာ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့ မြို့မအားကစားကွင်းတွင်လည်း ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲ ရွှင်ပွဲများကို ကျင်းပလျက်ရှိရာ ညနေပိုင်းတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်