ဘူးသီးခြောက်ပေါ်မှ မြန်မာ့အနုပညာ

မန္တလေး ၁၇  ဖေဖော်ဝါရီ

 

အနက်ရောင် ဆံထုံးပေါ်တွင် ပိတောက်ပန်းခြောက်လေးများ ဆင်မြန်းထားသည့် မိန်းမပျိုအရုပ် ကလေးသည် ရှူချင့်စဖွယ် လှပနေသည်။ တချို့မိန်းမပျိုကလေးများသည် ပုဂံခေတ်ပုံစံ ကနုတ်လက်ရာကလေးများဖြင့် ချယ်သထားသည်။ နုတ်ခမ်းတွင် အပြုံးကလေးများကိုလည်း ဖော်ဆောင်ထားသည့် အတွက် ယဉ်ကျေးသိမ်မွေ့မှုကို ပြနေသည်။

 

ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်က ဝတ်စားဆင်းယင်သည့် အဆင်အယင်များဖြင့် မြန်မာ့အနုပညာကို ဖော်ပြနေသည်။ ယင်းမိန်းမပျိုကလေးများအား လက်ဝါးခန့်အရွယ်ရှိသည့် ဘူးသီးခြောက်ကလေးများပေါ်တွင်  ပန်းချီချယ်သထားသည်။

 

ရှမ်းပြည်နယ်ဘက်မှ ထွက်ရှိသည့် ဘူးခါးခြောက်ဟုလည်း ခေါ်တွင်သည့် ဘူးသီးခြောက်ပေါ်တွင် လက်ရာမြောက်စွာ အနုစိတ်ခြယ်သထားသည့် မိန်းမပျိုကလေးများဖြစ်သည်။ မျက်ဆံနက်နက်နှင့် မျက်လုံးအိမ် ရှည်ရှည်လေးများ ၊  ဆန်းသစ်စ လမင်းကဲ့သို့ ခပ်ကိုင်းကိုင်း မျက်ခုံး ၊ သေးသေးသွယ်သွယ်နှာတံ ၊ နှုတ်ခမ်းစူစူ မျက်နှာဝိုင်းဝိုင်းကလေးများဖြင့် ချစ်စဖွယ်ကောင်းလှသည်။

 

‘ဘူးသီးခြောက်ကို မြန်မာအမျိုးသမီးပုံလေးတွေ ဆွဲဖြစ်တာက ဘူသီးခြောက်မှာ အပေါ်မှာ ဆံထုံးပုံစံ လုပ်လို့ရပါတယ်။ ကိုယ်ကလည်း အမျိုးသမီးဆိုတော့ အမျိုးသားပန်းချီဆရာ တစ်ယောက်ဆိုရင် အမျိုးသားပုံ ပန်းချီတွေအများဆုံးဆွဲတယ်။ အမျိုးသမီးပန်းချီဆွဲတဲ့သူက အမျိုးသမီးပုံစံ အများဆုံးဆွဲဖြစ်တယ်’ ဟု ဘူးသီးခြောက်များပေါ်တွင် ပန်ချီရေးဆွဲနေသည့် ပန်းချီဆရာမ သီရိနန္ဒာရွှေဝါဘုန်းမှ ပြောသည်။

 

ပန်းချီဆရာမ သီရိနန္ဒာရွှေဝါဘုန်းသည် ပန်းချီဆရာမကြီး ဒေါ်ခင်မျိုးမြင့်ရွှေ၏ သမီးဖြစ်ပြီး နိုင်ငံရပ်ခြား ပန်းချီဆု၊ လက်တွေ့ပန်းချီပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် ပထမနှင့် အာရှဆယ်နိုင်ငံ ဒုတိယဆု၊ အမျိုးသမီး ထူးချွန်ဆုများ ရရှိထားသူဖြစ်သည်။ ဘူးသီးခြောက်ပေါ်တွင် ပန်းချီများရေးဆွဲမှုကို ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာတွင် မိခင်ဖြစ်သူ ဒေါ်ခင်မျိုးမြင့်ရွှေနှင့် အတူ ရေးဆွဲနေခြင်းဖြစ်သည်။ ဘူးသီးခြောက်ပေါ်တွင် ပန်းချီရေးဆွဲမှုကို ၂၀၁၆ မှ စတင်ခဲ့ကာ ရေးဆွဲခဲ့သည်။

 

 

‘ဘူးသီးခြောက်ကို ရွှေစာရံမှာ အရင်ဆုံးတွေ့တာ ရွှေစာရံက ဘူးသီးလေးတွေကို အိမ်ကို ယူလာတယ်။ သူတို့ဆီမှာဝယ်ရင် ဘူးသီးခြောက်လေးတွေက ခြင်းတောင်းလေးတွေပါတယ်။ ပထမတော့ လိုက်ကာနဲ့ ဖြန်းကြည့်တာ။ ဖြန်းလိုက်တော့ ပြောင်ပြောင်လေးတွေ ဖြစ်လာတယ်။ နောက်ပြီး ပန်းလေးတွေ ကပ်ကြည့်တာ။ အဆင့်ဆင့် ပန်းလေးတွေကပ်ကြည်တော့လည်း လှတာပဲပေါ့ အဆင့်ဆင့်နဲ့ ယူကျုတို့ဘာတို့မှာ လိုက်ရှာကြည့်တယ်။ သူတို့ဆီမှာက အုန်းသီးခြောက်တို့ ဝါးတို့မှာဆွဲတယ်’ ဟု ဘူးသီခြောက်ပေါ်တွင် ပန်းချီစတင်ရေးဆွဲဖြစ်ပုံကို ဆရာမ သီရိနန္ဒာရွှေဝါဘုန်းမှ ရှင်းပြသည်။

 

ဘူးသီးခြောက်များပေါ်တွင် ပန်းချီရေးဆွဲရန်အတွက် ပထမဆုံး ရှမ်းပြည်နယ်မှထွက်သည့် ဘူးသီးခြောက်များကို ရွှေစာရံဘုရားတွင် သွားရောက် ဝယ်ယူရသည်။ ဝယ်ယူပြီးသည့် ဘူးသီးခြောက်အရိုင်းများကို ရေဆေးကာ အခြောက်ခံရသည်။ ဘူးသီးခြောက်အရိုင်း တစ်ခုကို အနည်းဆုံး ငွေ ၂၀ဝ၀ ကျပ်မှ ၅၀ဝ၀ ကျပ်အထိ ပေးရသည်ဟု သိရသည်။

 

‘ရွှေစာရံဘုရားပွဲအချိန် တပေါင်းလမှာ ဘူးသီးခြောက်လေးတွေကို သွားယူရတယ်။ အိမ်မှာပြန်ပြီး ဆေးကြောရတယ်။ အပင်ကနေ ထွက်လာတဲ့အတိုင်း အရိုင်းပုံစံလေးတွေဆိုတော့ ဆေးကြောရတယ်။ ပြောင်ပြောင်လေးဖြစ်သွားအောင် ကင်းဘတ်စားပေးရတယ်’ဟု ပန်းချီဆရာမ သီရိနန္ဒာရွှေဝါဘုန်းမှ ပြောသည်။

 

ပြောင်ချောနေအောင် ကင်းဘတ်စားပြီးသည့်အခါ နေပူတွင် တစ်ရက်ထားကာ အခြာက်ခံရသည်။  ပထမတစ်ရက် အခြောက်ခံပြီးသည့်အခါ အောက်အရောင်များ မပေါ်စေရန် ဘူးသီးခြောက်၏ ပင်ကိုယ်အရောင် အဝါခြောက်အရောင် ဆေးသုတ်ရသည်။ ဆေးသုတ်ပြီး နောက်ထပ်တစ်ရက် အခြောက်ခံရပြန်သည်။

 

 

ယခု ဘူးသီးခြောက်များပေါ်တွင် ချယ်သသည့်ဆေးသည် အားခရိုင်းလစ်ဆေးဖြစ်၍ ဆေးရောင်လွယ်လွယ်ဖြင့် မကျွတ်နိုင်ကြောင်း သိရသည်။

 

‘သူက ကြာကြာထားလို့ ခြောက်လေ ကြာလေကောင်းလေပဲ ရေတွေဘာတွေ ပေသွားရင် ချက်ခြင်း သုတ်ပစ်လိုက်လို့ ရတယ်။ ဘူးသီးခြောက်လေးတွေက ပြုတ်ကျရင်လည်း မကွဲဘူး။ ပေါ့ပေါ့လေးပဲ။ အညှာလေးတွေဆိုလည်း အရမ်းခိုင်တယ်’ဟု ပန်းချီဆရာမ သီရိနန္ဒာရွှေဝါဘုန်းမှ ရှင်းပြသည်။

 

ဆေးတစ်ထပ်သုတ်ပြီး တစ်ရက် အခြောက်ခံထားပြီသည့်အခါ ခဲတံဖြင့် မျက်လုံး၊ ဆံပင်၊ မျက်နှာ စသဖြင့် အရာများပေးထားရသည်။ ခဲရာများချပြီးသည့်အခါ မျက်နှာအသားရောင်ဆို အသားရောင်၊ အနက်ဆို အနက်ရောင်ကို ဆေးနှစ်ထပ် ခြယ်ပေးရသည်။

 

ဘူးသီးခြောက်အမျိုးအစား တစ်ခုနှင့်တစ်ခု မတူသဖြင့် အချို့ဘူးသီးခြောက်များသည် ဆေးရောင်လေးထပ်ခန့် ပြန်ချယ်ရသည်ဟု ဆိုသည်။ ဘူးသီးခြောက်ပေါ်တွင် ဆေးရောင်များဖြင့် လှပသည့် အရုပ်များ ခြယ်သပြီးချိန်တွင် သဘာဝအတိုင်းသာ အခြောက်ခံသည်ဟု သိရသည်။

 

 

‘လေမှုတ်စက်နဲ့ အမြန်ခြောက်အောင် ထားလို့ရပေမယ့် သူက သဘာဝအသီးဖြစ်တဲ့အတွက် အက်သွားမှာ ကွဲသွားမှာစိုးလို့ သဘာဝအတိုင်းထားတယ်။ သဘာဝအတိုင်း အခြောက်ခံတယ်’ ဟု ဆရာမ သီရိနန္ဒာရွှေဝါဘုန်းမှ ဆိုသည်။

 

သဘာဝအတိုင်း အခြောက်ခံပြီး နောက်ဆုံးအဆင့်တွင် ကော်ကပ်ကာ ဖန်စီကျောက်များ၊ ပန်းများဖြင့် အလှဆင်ရသည်။ ဘူးသီးခြောက်ပေါ်တွင် လက်ရာမြောက်သည့် အရုပ်များ ဖြစ်စေရန် အချိန်လေးရက်ခန့် ကြာမြင့်ကြောင်း သိရသည်။

 

မြန်မာမှုလက်ရာများဖြင့် ပုံဖော်ရေးဆွဲထားသည့် ဘူးသီးခြောက်ပန်းချီများကို ဂျပန် ၊ တရုတ်နိုင်ငံများမှလည်း မှာယူကြပြီး ပြည်တွင်းတွင် ရန်ကုန်၊ ဖားကန့်စသည့် ဒေသများမှ မှာယူမှုများ ရှိသည်ဟု သိရသည်။ ဂျပန်၊ တရုတ်နိုင်ငံတို့မှ မှာယူမှုများသည် ယင်းတို့၏ ရိုးရာဓလေ့များကို ပုံဖော်ရေးစွဲပေးဖို့ မှာယူလေ့ရှိကြောင်း သိရသည်။

 

ဘူးသီးခြောက်ပန်းချီများကို မြန်မာ့လက်မှုအရောင်းဆိုင်များတွင် အများဈေးဖြင့် သွင်းရပြီး ယင်းဆိုင်များသည် ဘူးသီးခြောက် အရွယ်အစားအလိုက် အနည်းဆုံး ၄၀ဝ၀ဝ ကျပ်မှ စတင်ကာ ၇၀ဝ၀ဝ ကျပ်အထိ ရောင်းချကြသည်ဟု သိရသည်။ ပန်းချီဆရာမ သီရိနန္ဒာရွှေဝါဘုန်းမှ ပြည်တွင်းမှ မှာယူသူများကို အနည်းဆုံး ၁၃၀ဝ၀ ကျပ်မှ အများဆုံး ၃၀ဝ၀ဝ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

 

အနုပညာလက်ရာမြောက်လှသည့် ဘူးသီးခြောက်ပေါ်တွင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ရုံးခန်း၊ ဧည့်ခန်းများတွင် အလှချိတ်ဆွဲရန်၊ လက်ဆောင်ပေးရန် မှာယူမှုများရှိသည်။

 

မြန်မာနိုင်ငံမှ တိုင်းရင်းသားပေါင်းစုံတို့၏ တိုင်းရင်းသားမျက်နှာများအား ဘူးသီးခြောက်ပေါ်တွင် ပန်းချီများရေးဆွဲရန် စိတ်ကူးထားကြောင်း သိရသည်။

 

ဘူးသီးခြောက်ပေါ်တွင် ပန်းချီရေးဆွဲခြင်း အနုပညာနှင့် ပတ်သက်လို့ ရှေ့ဆက် ဆောင်ရွက်မည့် အကြောင်းကို ဆရာမ သီရိနန္ဒာရွှေဝါဘုန်းမှ ‘ ညီမတို့ဆီမှာ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်က ပန်းချီကျောင်းဆင်းတွေ ရှိတယ်။ သူတို့က ကျောင်းပြီးသွားရင် သူတို့အတွက် အလုပ်လုပ်စရာနေရာက မရှိဘူးဖြစ်နေတယ်။ အလုပ်ပဲ ပတ်ရှာနေတာ တွေရှိတယ်။ တချို့ဆို တကယ် အရည်အချင်းရှိတယ်။ မာကတ်တင်းဘက် ရောက်သွားတာလည်း ရှိတယ်။ အနုပညာအလုပ်က လစဉ်ဝင်ငွေဆိုတာ မရှိဘူး တခါတလေ အရင်းအနှီးအများကြီး စိုက်ထားရတာရှိတယ်။ ကိုယ်သာ အများကြီးလုပ်ရမယ်ဆိုရင် အတူတူခွဲလုပ်ကြမယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး လုပ်သွားဖို့ရှိတယ်’ ဟုဆိုသည်။

 

အိမို့မို့ခိုင်