ဘုတလင်  ၅  မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထန်းရည် ယစ်မျိုးလိုင်စင်များ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆာင်မှုရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က ဘုတလင်မြို့နယ်တွင် ပုံသေယစ်မျိုးလိုင်စင် ၇၅ ခုနှင့်  ထန်းရည်ယစ်မျိုးလိုင်စင် ၅ ခုရှိပါကြောင်း၊ ယစ်မျိုး လိုင်စင်များကို ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ယစ်မျိုးလိုင်စင် ရရှိသူများအနေဖြင့် မြန်မာနိုင်ငံ ယစ်မျိုးဥပဒေနှင့် ယစ်မျိုးလိုင်စင်တို့တွင် ပါရှိသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ကြရ မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်းတို့က မြို့မ၊ အုတ်ဖို၊ ငပယင်း၊ ညောင်ကန်နှင့် ယုန်လှေးကုန်း ထန်းရည်ယစ်မျိုးလိုင်စင်ရရှိသူ လုပ်ငန်းရှင် ၅ ဦးအား ယစ်မျိုးလိုင်စင်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ထန်းရည်ယစ်မျိုးလိုင်စင်များ ပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်းနှင့် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် လိုင်စင်ရရှိသူ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဖိုးခါး(ပြန်/ဆက်)