ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာတွင် ကြွက်ဝမ်းပူများ အစုလိုက် သေဆုံးမှု ဖြစ်ပေါ်

ဘုတလင် ၄ ဇွန်

 


စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာတွင် ဇွန် ၃ ရက် နံနက်ပိုင်းက စတင်၍ ကြွက်ဝမ်းပူများ အစုလိုက် သေဆုံးမှုဖြစ်ပေါ်ခဲ့ရာ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကြွက်မှတစ်ဆင့် ကူးစက်ရောဂါ မဖြစ်ပွားစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြောင်း သိရသည်။

 

dfse

 


မောင်းထောင်ကျေးရွာရှိ နေအိမ်အချို့နှင့် ဆန်စက်ဝင်း၊ ရှမ်းခေါက်ဆွဲဆိုင်၊ ဘုရားဝင်းအတွင်းတို့တွင် (၃/၄) လသားအရွယ်ခန့်ရှိ ကြွက်ဝမ်းပူ(၃၈၂)ကောင် အစုလိုက် သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး သေဆုံးသည့်ကြွက်များကို ခွဲစိပ်စစ်ဆေးကာ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့ထားပြီး မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်း စဉ့်ကိုင်မြို့ရှိ တိရစ္ဆာန်ဓာတ်ခွဲခန်းသို့ ပေးပို့ထားကြောင်း သိရသည်။

 

dfwae

 


ကြွက်မှတစ်ဆင့် ရောဂါများ ကူးစက်မှု မရှိစေရေးအတွက် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်သူဆွေ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇော်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်လွင်တို့က ကြွက်မှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများ၊ ကြွက်သေသည့် နေရာများတွင် ထုံးဖြူးရေး၊ ကြွက်သေများကို ဖယ်ရှားရာတွင် နှာခေါင်းစီနှင့် လက်အိတ် (သို့) မီးညှပ်ဖြင့် အသုံးပြုကိုင်တွယ်ရေး၊ ကြွက်သေများကို ဓာတ်ဆီလောင်းပြီး မြေကျင်းထဲတွင် မီးရှို့ဖျက်ဆီးရေး၊ အိမ်ထောင်စုအလိုက် စားသောက်နေထိုင်မှုပုံစံများ သန့်ရှင်းရေးတို့ကို ကြွက်သေဆုံးမှု ဖြစ်ပေါ်သည့် နေအိမ်များမှ ပြည်သူများအား အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။      

 
မြို့နယ်(ပြန်/ဆက်)(ဘုတလင်)