ဘုတလင်မြို့၊ ကန်မကြီးကန်ပတ်လမ်းတစ်လျှောက်တွင် အာရုံခံဆင်ဆာစနစ်ဖြင့် မီးလင်းသည့် ဆိုလာ LED မီးတိုင်များ တပ်ဆင်

ဘုတလင်၊ ၁၈ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ကန်မကြီးကန်ပတ်လမ်းတစ်လျှောက်တွင် အာရုံခံဆင်ဆာစနစ်ဖြင့် မီးလင်းသည့် ဆိုလာ LED မီးတိုင်များ တပ်ဆင်ထားကြောင်း မြတ်သဒ္ဓါလူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးသိန်းနိုင်ထံမှ သိရသည်။

 

 BDL_2.jpg

 

“ကန်ပတ်လမ်းတစ်လျှောက်မှာ လမ်းလျှောက်သူတွေ၊ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်တဲ့သူတွေ အဆင်ပြေအောင်လို့ 40 W ဆိုလာ LED မီးနဲ့ မီးတိုင် ၄၀ တိုင်ကို တပ်ဆင်စိုက်ထူခဲ့ပါတယ်။ ဆိုလာစနစ် ဆိုတော့ ဓာတ်အားကို ၆ နာရီကနေ ၈ နာရီအထိ ထိန်းပေးနိုင်မယ်။ အာရုံခံဆင်ဆာစနစ်လည်းပါတော့ လူမရှိတဲ့အချိန်မှာ ၃၃ ရာခိုင်နှုန်းပဲ လင်းပေးပြီး လူဖြတ်သွားတဲ့အခါမှ ရာနှုန်းပြည့် မီးလင်းပေးတာဆိုတော့ မီးအားလည်း ချွေတာနိုင်ပါတယ်။ LED မီးတိုင်တွေ တပ်ဆင်လိုက်တော့ မနက်စောစော လမ်းလျှောက်သူတွေ၊ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်တဲ့သူတွေ ပိုများလာတယ်” ဟု မြတ်သဒ္ဓါလူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးသိန်းနိုင်က ပြောသည်။

 

BDL_3.jpg

 

အဆိုပါ ဆိုလာ LED မီးတိုင်များ တပ်ဆင်ရန်အတွက် မြတ်သဒ္ဓါလူမှုကူညီရေးအသင်း၏ ဦးဆောင်မှုဖြင့် ဆိုလာ LED မီးနှင့် မီးတိုင်တစ်တိုင်လျှင် ကိုးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ကုန်ကျစရိတ် ၃၆ သိန်းကို အဝေးရောက် ဘုတလင်ဇာတိသားများ၊ မြို့ခံအလှူရှင်များ၏ ပါဝင်လှူဒါန်းမှုဖြင့် တပ်ဆင်ခဲ့ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)