ဘုံရန်သူကို အောင်နိုင်ဖို့ ညီညွတ်ကြပါစို့

၁၆  ဧပြီ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အားလုံး၏ ဘုံရန်သူဖြစ်သည့် ကိုဗစ်-၁၉ကို အောင်နိုင်ဖို့သာ ညီညီညွတ်ညွတ် လုပ်ကြရန် လိုအပ်မှုနှင့်ပတ်သက်၍ ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာမှ ဧပြီလ ၁၄ ရက်နေ့က အသိပေး ပြောကြားလိုက်သည်။

မျက်မှောက်ကာလတွင် မြန်မာပြည်သူ ပြည်သားများသာမက ကမ္ဘာ့ လူသားအားလုံး ကြုံတွေ့နေရသော ဘေးအန္တရာယ်မှာ ကိုဗစ်-၁၉ ဟူသော ကပ်ရောဂါဘေးဆိုး ဖြစ်သည်။ ထိုကပ်ရောဂါဘေးသည် လူသားအားလုံး၏ ဘုံရန်သူဖြစ်၍ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးရှိ အစိုးရများနှင့်ပြည်သူများ ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲ၍ ကာကွယ်တိုက်ဖျက်နေကြသည်။

ညီညွတ်ခြင်းသည် အင်အားဖြစ်၍ မည်သည့်အန္တရာယ်၊ ရန်စွယ်ကိုမဆို အချိန်ကာလအတိုင်းအတာ တစ်ခုတွင် မုချမသွေတွန်းလှန်ဖယ်ရှားပေး နိုင်ပါသည်။ သို့သော် ညီညွတ်ဖို့တော့ လိုမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူတွေက ကျွန်မတို့အားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ ကိုဗစ်-၁၉ကို အောင်နိုင်ဖို့ကိုသာ ညီညီညွတ်ညွတ်နဲ့ လုပ်ကြပါ။ ယခုအချိန်မှာ အရေးကြီးဆုံး လိုအပ်ချက်တစ်ခုက Quarantine ကိစ္စကို ထိထိရောက်ရောက် ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။ အစိုးရဌာနတွေ၊ ဝန်ထမ်းတွေချည်း လုပ်ရတာ မနိုင်မနင်း ဖြစ်နေပါတယ်။ မေတ္တာ၊ စေတနာ၊ သတ္တိတို့နဲ့ ဝိုင်းဝန်းကူညီကြတဲ့လူငယ်တွေ့ရဲ့ လုပ်အားက ကြီးမားတဲ့ အထောက်အပံ့ ဖြစ်ပါတယ်။ ဒီလို နိုင်ငံ့သားကောင်း သမီးကောင်းတွေကို အများကြီး ကျေးဇူးတင်ပါတယ်ဟု သတင်းစကားပါးခဲ့သည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသူ ၇၄ ဦး ရှိနေပြီဖြစ်သည်။ ယမန်နေ့က တစ်ရက်တည်းတွင် လူ ၂၁ ဦး ကူးစက်ခံရသည်ကို သင်ခန်းစာယူရမည် ဖြစ်သည်။ ထိုသို့ နောင်မဖြစ်စေရန်အတွက် နိုင်ငံတော်၏လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၊ ပြည်သူပြည်သားများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အားလုံး အတူတကွ ညီညီညွတ်ညွတ် တိတိကျကျ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။

အဓိကမှာ လက်ရှိကာလ၌ နေအိမ်တွင်သာ နေထိုင်ကြရန်၊ မတတ်သာ၍ အပြင်ထွက်ရလျှင်လည်း နှာခေါင်းစည်း တပ်ဆင်ရန်၊ လူစုလူဝေး မပြုလုပ်ရန်၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသော အကွာအဝေးမှ ခပ်ခွာခွာနေရန်၊ ပြီးလျှင် လက်ကိုဆပ်ပြာဖြင့် ဆေးကြောရန်တို့ကို မပျက်မကွက် လုပ်ဆောင်ကြရမည် ဖြစ်သည်။ ပြင်ပတွင် လူအချင်းချင်းနှင့် ဆက်ဆံရာတွင် ရောဂါပိုးရှိသူသည် မည်သူမှန်းမသိနိုင်သဖြင့် လူတို့နှင့် အနီးကပ်ဆက်ဆံလျှင် အန္တရာယ်ရှိသည်ကို သတိချပ်ရမည် ဖြစ်သည်။ ရောဂါနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုဖြစ်ခြင်း၊ မဖြစ်ခြင်းနောက်တွင် ဒေါသများပါလာတတ်ရာ လူအချင်းချင်း ရန်လိုမုန်းဖက်ပြုမူခြင်းမလုပ်ဘဲ စေတနာ၊ မေတ္တာတရားဖြင့် ဝိုင်းဝန်းဖေးမ ကူညီကြရမည် ဖြစ်သည်။

ရောဂါကူးစက်ခံရမှုတိုးလာသည်နှင့်အမျှ စိုးရိမ်ကြောင့်ကြမှုများလည်း များလာမည်ဖြစ်သည်။ ရောဂါရှိနိုင်သည်ဟု သံသယရှိလျှင် အစစ်အဆေး ခံကြရမည်ဖြစ်သည်။ စောစောသိပြီး စောစောဆေးကုသခံယူခြင်းသည် အကောင်းဆုံးဖြစ်ပြီး ရောဂါသက်သာ ပျောက်ကင်းနိုင်ပါသည်။ စောင့်ကြည့် စစ်ဆေးခြင်းကို မခံခြင်း၊ ရှောင်ဖယ်ခြင်း၊ အသိပေးထုတ်ပြန်ထားမှုများကို မလိုက်နာခြင်းတို့သည် မိမိအတွက်သာမက အခြားလူများအား အန္တရာယ် ဒုက္ခပေးနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ကြုံတွေ့နေရသော ရောဂါဘေးသည် ကမ္ဘာသူ ကမ္ဘာသားအားလုံး ရင်ဆိုင်နေရသည့် ဘုံရန်သူဖြစ်၍ မိမိတို့စိတ်ဆန္ဒများကို ဦးစားမပေးဘဲ လူသားအားလုံး ရောဂါဘေးမှ ကင်းဝေးရမည် ဟူသည့် ခံယူချက်ဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်၊ သက်ဆိုင်ရာဌာနများ၏ အသိပေး ထုတ်ပြန်ချက်များကို အတိအကျလိုက်နာကာ ဘုံရန်သူကို တွန်းလှန်ဖယ်ရှား အောင်မြင်နိုင်ဖို့ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက် ကြပါစို့ဟု အသိပေး နှိုးဆော်အပ်ပါသည်။ ။

ကြေးမုံ