ဘရာဇီးနိုင်ငံတောင်ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၇၅ ဦးရှိလာ

မေ ၆

ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်တွင် ဧပြီ ၂၉ ရက်ကစတင်ကာ မုန်တိုင်းများတိုက်ခတ်ပြီး ရေလွှမ်းမိုးမှုများဖြစ်ပွားရာမှ သေဆုံးသူ ၇၅ ဦးထက်မနည်းရှိလာကြောင်း ကာကွယ်ရေးအေဂျင်စီက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါရေလွှမ်းမိုးမှုကြောင့် ၁၅၅ ဦး ဒဏ်ရာရရှိပြီး ၁၀၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။ ထိုပြည်နယ်ရှိမြို့ပေါင်း ၄၉၆ ခုအနက် ၃၃၄ မြို့ရှိ လူပေါင်း ၁၀၇၆၀၀ အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးပြီးဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းမှုသည် ယင်းပြည်နယ်မြို့တော် Porto Alegreနှင့် မြို့အတော်များများကို ထိခိုက်ခဲ့သည်ဟု သိရသည်။ ရေကြီးမှုကြောင့် ဒေသခံ ၇၈၀၀၀၀ ခန့် ရေဘေးသင့်ခဲ့ရာ ထောင်နှင့်ချီသောဒေသခံများသည် လှေများဖြင့် ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးခြင်း သို့မဟုတ် ရဟတ်ယာဉ်များဖြင့် လာရောက်ကယ်ဆယ်မည်ဟူသော မျှော်လင့်ချက်များဖြင့် အိမ်ခေါင်မိုးများပေါ်သို့တက်နေခြင်းတို့ပြုလုပ်ခဲ့ကြသည်ဟု ကာကွယ်ရေးအေဂျင်စီက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို