ဘရာဇီးနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူပေါင်း ၁၀၀ ရှိလာ

မေ ၉

ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူပေါင်း ၁၀၀ ရှိလာကြောင်း ထိုဒေသအာဏာပိုင်များက ပြောကြားသည်။ ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်တွင် ဧပြီလနှောင်းပိုင်းက စတင်ကမိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရေကြီးမှုဖြစ်ပွားခဲ့ရာ ပြည်နယ်မြို့တော် Porto Alegre တွင်  နိုင်ငံတကာလေဆိပ်တစ်ခု၏လေယာဉ်ပြေးလမ်းနှင့် ဘောလုံးကွင်းတို့ ရေနစ်မြုပ်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုတို့ကြောင့် လူပေါင်း ၁၀၀ သေဆုံးကြောင်းနှင့် အခြား ၁၂၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ယမန်နေ့ကအတည်ပြုပြောကြားသည်။ အဆိုပါသဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ ၁၆၀၀၀၀ ကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး ၁ ဒသမ ၄၅ သန်းသည် လျှပ်စစ်ဓါတ်အားနှင့် ရေပြတ်တောက်မှုအပါအဝင် ရေဘေးသင့်မှုဒဏ်ခံစားနေရသည်။ ဈေးဆိုင်များနှင့်နေအိမ်များလုယက်ခံရပြီး အသက်ကယ်လှေများအခိုးခံရကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။ ဘရာဇီးနိုင်ငံတွင် ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်သည် နိုင်ငံ၏ဆန်စပါးထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းထုတ်လုပ်မှုရှိကြောင်းသိရသည်။ ဘရာဇီးသမ္မတ လူးအစ်အင်နာစီယိုလူလာဒါဆေးလ်ဗားက ရေဘေးသင့်မှုကြောင့် လိုအပ်ပါကဆန်နှင့်အခြားပစ္စည်းများကို တင်သွင်းမည်ဖြစ်ကြောင်း ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို