ဘရာဇီးနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်မှု ၅ ဒသမ ၅ သန်းကျော်လာပြီ

ဆော်ပိုလို  ၁  နိုဝင်ဘာ

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ အောက်တိုဘာ ၂၉ ရက်က ၅ ဒသမ ၅ သန်း ကျော်လာပြီဖြစ်ကြောင်းနှင့် သေဆုံးသူအရေအတွက်မှာလည်း ၁၅၉၄၇၇ ဦးအထိ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ဘရာဇီးနိုင်ငံတွင် အောက်တိုဘာ ၃၀ ရက်တွင် ကိုဗစ် - ၁၉ အသစ်ဖြစ်ပွားသူ ၂၂၈၂ ဦးရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၅၁၆၆၅၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဘရာဇီးနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် သေဆုံးမှုတွင် အမေရိကန်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။ ကိုဗစ် - ၁၉ ကူးစက်မှုတွင် အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံပြီးလျှင် တတိယအများဆုံးဖြစ်သည်။

ဆော်ပိုလိုပြည်နယ်သည် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအဆိုးဆုံးပြည်နယ်ဖြစ်ပြီး သေဆုံးသူ ၃၉၂၅၅ ဦးနှင့် ကူးစက်ခံရသူ ၁၁၁၃၇၈၈ ဦးရှိသည်။ တောင်အမေရိက၏အကြီးဆုံးမြို့တော်လည်းဖြစ်သည့် ဆော်ပိုလိုမြို့တွင် ပြည်သူ့ပန်းခြံများကို စနေ၊ တနင်္ဂနွေနေ့များနှင့် အားလပ်ရက်များတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဆင်ဟွာ