ဘဏ်မှငွေထုတ်လာသူအမျိုးသမီး၏ ဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေများ ခိုးယူမှုဖြစ်ပွား

ဝမ်းတွင်းမြို့ (၁)ရပ်ကွက်နေ မကြူကြူ(၃၃)နှစ်သည် ဒီဇင်ဘာ ၁၁ရက် မွန်းလွဲ ၁ နာရီခန့်က ဝမ်းတွင်းမြို့ ကမ္ဘောဇဘဏ်မှ ငွေကျပ် ၂၀၆၀၀၀၀ ထုတ်ယူခဲ့ပြီး ၎င်း စီးနင်းလာသော အဝါရောင် ကလစ်ဆိုင်ကယ်တူးဘောက်အတွင်း ထည့်၍ နေအိမ်သို့ ပြန်လာရာ ဝမ်းတွင်း(၂)ရပ်ကွက်ရှိ စတိုးဆိုင်ရှေ့အရောက် ဆိုင်ကယ်ရပ်၍ ဈေးဝယ်စဉ် ကလစ်ဆိုင်ကယ် နီညိုရောင်ဖြင့် အမည်မသိ အသက် ၂၂နှစ်ခန့် အမျိုးသား သုံးဦး ရောက်ရှိလာပြီး မကြူကြူရပ်ထားသော ကလစ်ဆိုင်ကယ် တူးဘောက်အတွင်း ထည့်ထားသော ငွေများအားခိုးယူနေသည်ကိုမြင်တွေ့ရ၍ မကြူကြူမှ အော်ဟစ် အကူအညီတောင်းခဲ့သည်။

 

အဆိုပါ အမျိုးသားသုံးဦးမှ ငွေများယူ၍ ထွက်ပြေးသွားရာ လမ်းဘေးရှိကွမ်းယာဆိုင်မှ အမျိုးသမီးတစ်ဦးမှ ကူညီပြီး အဆိုပါ သုံးဦးအား ခဲနှင့်ပစ်ခဲ့ရာ အမျိုးသားသုံးဦးမှာ ယူဆောင်သွားသောငွေများအနက် ငွေ(၁၀)သိန်းကျပ်နှင့် မှတ်ပုံတင် ငွေထုတ်ချလန် တို့အား ချထားပြီး  ထွက်ပြေးသွားခဲ့သည်။

 

မကြူကြူမှ အဆိုပါ အမျိုးသားသုံးဦးအား ဝမ်းတွင်းမြို့မရဲစခန်းတွင် တိုင်တန်းခဲ့သဖြင့် ၎င်းတို့အား ဖမ်းဆီးရမိနိုင်ရေးပူးပေါင်းဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ် ထုံးဘိုကျေးရွာနေ နိုင်မင်းထွန်း(၁၈)နှစ်အား ဝမ်းတွင်းမြို့ သိမ်တောင်ကုန်းတက်အနီးတွင် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

 

ဘဏ်မှငွေထုတ်လာသော မကြူကြူဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေများ ခိုးယူသူ အမျိုးသားသုံးဦးအား ဝမ်းတွင်းမြို့မရဲစခန်းမှ  အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဘိုဘို (မလှိုင်)