ဘဏ်အပ်ငွေစာရင်းမှ ငွေအလွဲသုံးစားပြုလုပ်သူ ဘဏ်ဝန်ထမ်းနှင့် ပူးပေါင်းပါဝင်သူများအား ဖမ်းဆီးရမိ

ရန်ကုန် ၁၇ သြဂုတ် 

ဇူလိုင် ၁၅ ရက် နံနက် ၁၀ နာရီခွဲတွင် တရားလို မ---- သည် မရမ်းကုန်းမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ (၄၅၊ ရန်ကုန်) တွင် တာဝန်ခံအဖြစ် ဆောင်ရွက်နေစဉ် ဘဏ်အငယ်တန်းစာရေးဖြစ်သူ မနှင်းဦးဝေသည် ဘဏ်တွင် ငွေအပ်၊ ငွေထုတ်ပြုလုပ်နေသူတစ်ဦး၏ အပ်ငွေစာရင်းလျှို့ဝှက်နံပါတ်အား ခိုးယူရိုက်နှိပ်ကာ ငွေကျပ်သိန်း (၂၁၀ဝ) အား ၎င်း၏ရည်းစားဖြစ်သူ ဖြိုးဝေစိုး အကောင့်သို့ စာရင်းလွှဲပြောင်းပေးခဲ့ကြောင်း၊ ဖြိုးဝေစိုးမှ လွှဲငွေသိန်း (၂၁၀ဝ) အနက် သိန်း(၁၇၀ဝ)အား လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ(၂)မှ ထုတ်ယူသွားသောကြောင့် မနှင်းဦးဝေနှင့် ဖြိုးဝေစိုးတို့အား ဥပဒေအရ အရေးယူပေးပါရန် ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းမှုဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုအရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ဖြိုးဝေစိုး၏သူငယ်ချင်းဖြစ်သူ ကျော်စွာထွန်း(ခ)ကိုဇူမှ ပြစ်မှုကျူးလွန်သူ(၂)ဦးအား ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံပတုတ်ကျေးရွာသို့ ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသဖြင့် သွားရောက်အတည်ပြုဖမ်းဆီးခဲ့ရာ သြဂုတ် ၁၅ ရက်တွင် ပြစ်မှုကျူးလွန်သူ ဖြိုးဝေစိုး၊ မနှင်းဦးဝေ၊ ကျော်စွာထွန်း (ခ) ကိုဇူနှင့် မြင့်မြင့်စိုးတို့အား ဖမ်းဆီးရမိခဲ့သည်။

အမှုမှ ပါဆုံးသက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဖြိုးဝေစိုး၊ မနှင်းဦးဝေ၊ ကျော်စွာထွန်း(ခ)ကိုဇူနှင့် မြင့်မြင့်စိုးတို့အား ဥပဒေနှင့်အညီ အမြန်ဆုံး တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

MDN