ဗဟန်းမြို့နယ်အတွင်းရှိ ကျူးဈေးသည်များကို ဥပဒေနှင့်အညီ ရှင်းလင်း

ရန်ကုန် ၁၁ ဇွန်

 

ဗဟန်းမြို့နယ်အတွင်းရှိ ကျူးဈေးသည်များ ဥပဒေနှင့်အညီ ရှင်းလင်းမှုကို ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ ကြားတောရလမ်းနှင့် အုဋ်လမ်းအကြားရှိ အများပြည်သူပိုင်နေရာများအား ကိုယ်ကျိုးအတွက် ဈေးခင်းရောင်းချနေရုံမက ကိုယ်ပိုင်နေရာသဖွယ် ရောင်းချသည့် ဆက်စပ်ပစ္စည်းများနှင့် သိမ်းဆည်းထားရာနေရာအဖြစ် အသုံးချနေသော ကျူးဈေးသည်များ ထားရှိခဲ့သည့် စားပွဲခုံ၊ ထိုင်ခုံ၊ ထီး၊ ပုဂံခွက်ယောက်၊ ဈေးရောင်းခုံ၊ ပစ္စည်းသိမ်းဘီဒို အစရှိသည့် ပစ္စည်းများကို ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီက အဆိုပါလမ်းတစ်လျှောက် လိုက်လံသိမ်းဆည်းကာ ဥပဒေနှင့်အညီ ရှင်းလင်းခဲ့သည်။

 

အဆိုပါကျူးဈေးသည်များကို ဥပဒေနှင့်အညီ ရှင်းလင်းမှုနှင့်ပတ်သက်ပြီး ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဗိုဝင်းက “ယခုရှင်းလင်း သိမ်းဆည်းဖို့ စီစဉ်ထားတာကို သတင်းပေါက်ကြားပြီး ခွင့်ပြုချက်မဲ့ ဆိုင်ခင်းထားသူတွေ ပြန်လာသိမ်းသွားသည်မှာ ကျွန်တော်တို့ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ပါ။ သူတို့ပစ္စည်းသူတို့ ယူသွားတာ ကျွန်တော်တို့ကြိုက်ပါတယ်၊ အများပြည်သူပိုင်ဆိုင်၊ သုံးစွဲခွင့်ရှိတဲ့နေရာကို သူတို့တရားဝင် ပိုင်ဆိုင်ခွင့်ရထားသလို နေရာသတ်မှတ်ပြီး မတရားအသုံးပြုနေတာကို ကျွန်တော်တို့ လက်မခံနိုင်ပါ၊ ကျွန်တော်တို့အနေနဲ့လဲ အဲဒီပစ္စည်းတွေကို လိုချင်လို့ သွားသိမ်းတာမဟုတ်ပါဘူး၊ စည်းကမ်းမဲ့စွာ၊ ခွင့်ပြုချက်မဲ့ ဈေးရောင်းနေတာကို ဥပဒေနှင့်အညီ ဖြစ်စေချင်တာပါ”ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)