ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများနှင့် တွေ့ဆုံမေးမြန်းခြင်း

၉ ဇွန်

 

အပိုင်း (၂)

 

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးသဘောတူညီချက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့ကြပါသည်။

 

ထို့ပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ ၁၉၉၃ ခုနှစ် သဘောတူညီချက်တွင် သဘောတူညီခဲ့သည့်အတိုင်း နေရပ်စွန့်ခွာသူများ ပြန်လည်ရောက်ရှိလာလျှင် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိပါက အရေးယူခြင်းပြုမည်မဟုတ်ကြောင်း နှစ်နိုင်ငံသဘောတူညီ ခဲ့ကြပါသည်။

 

ယခုအခါ မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာသော နေရပ်စွန့်ခွာသူအချို့မှာ အကြမ်း ဖက်မှုတွင် ပါဝင်ခဲ့ခြင်း ရှိ ၊ မရှိ စိစစ်မှုခံယူပြီးနောက် မောင်တောမြို့နယ်ရှိ မိမိတို့နေရပ် အသီးသီးတွင် ပြန်လည်ရောက်ရှိနေထိုင်နေကြပြီဖြစ်ရာ ၎င်းတို့အား သတင်းအဖွဲ့က သွားရောက်တွေ့ ဆုံမေး မြန်းထားပါသည်။

 

မာမတ်အီနူစ်

နေရပ် - ယခင်ငါးခူရ၊ တောင်ရွာ

ယခု ငါးခူရ မိမိနေအိမ်

 

 

ကျွန်တော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားတယ်ဆိုပြီးတော့ တရားစွဲဆိုခံခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို အရင်ကနှစ်ခါ၊ သုံးခါလောက် သွားဖူးပါတယ်။ အဲဒီလိုပဲသွားပြီးတော့ ပြန်လာခဲ့တယ်။ မိသားစုလိုက် သွားတာတော့မဟုတ်ပါဘူး။ မိသားစုကတော့ ငါးခူရမှာပဲရှိပါတယ်။ အခုကျွန်တော်မှာလည်း NVC ကတ်ရပြီးပါပြီ။ ကျွန်တော့မိသားစုမှာလည်း NVC ကတ်တွေရ ထားပြီးပါပြီ။ မောင်တောမြို့ဘက်ကို သွားတဲ့အခါမှာ NVC ကတ်ရှိဖို့လိ်ုတယ်ဆိုတာကြောင့် ကျွန်တော် ယူထားတာပါ။

 

အခုအသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်ဖို့ ဘာလုပ်ငန်းမှ မရှိသေးပါဘူး။ အရင်ကတော့ မောင်တောမြို့ကပစ္စည်းတွေကိုယူလာပြီး ဒီမှာပြန်ရောင်းတာမျိုးလုပ်ပါတယ်။ ကျွန်တော်လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ပြန်လွတ်လာတဲ့အချိန်မှာ နိုင်ငံတော်အစိုးရက ဒန်အိုး၊ ဒန်ခွက်နဲ့ စောင်တွေ၊ ခြင်ထောင်တွေပေးပါတယ်။ မိသားစုအတွက် ရိက္ခာတွေကိုလည်းပေးပါတယ်။

 

 အဒူဆော်လိမ်

နေရပ် - ယခင်ငါးခူရကျေးရွာအုပ်စု တောင်ရွာ

ယခု - ငါးခူရမိမိနေအိမ်

 

 

NVC ကတ်ကတော့ ကျွန်တော်တစ်ယောက်တည်းပဲရသေးတာပါ။ ကျွန်တော့်မိသားစုကတော့ မရသေးပါဘူး။ NVC ကတ်ရပြီဆိုပေမယ့် ပုစွန်ကန်ဘက်သွားဖို့နဲ့ ချောင်းထဲမှာ ငါးရှာ၊ ဖားရှာလုပ်ငန်း တွေကို လုပ်ခွင့်မရသေးတဲ့အတွက်တော့ စားဝတ်နေရေး အခက်အခဲ ရှိပါတယ်

 

နူရ်ဇူဆလင်

နေရပ် - ယခင် ငါးခူရအုပ်စု၊ တောင်ရွာ

ယခု ငါးခူရမိမိနေအိမ်

 

ဘင်္ဂလားဒေ့ရှ်ဘက်က ဆွေးမျိုးသားချင်းတွေကိုတော့ ဖြစ်နိုင်ရင်မြန်မာနိုင်ငံကိုပြန်လာဖို့ အခုချက်ချင်းခေါ်ချင်ပါတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံမှာနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စည်းမျဉ်း စည်းကမ်းတွေကိုလည်း လိုက်နာပါတယ်။ ဟိုဘက်ကမိသားစုတွေပြန်လာရင်လည်း မြန်မာနိုင်ငံရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်းလိုက်နာနိုင်ဖို့ ရှင်းပြပါမယ်။

 

မြန်မာနိုင်ငံမှာနေတာကတော့ ပိုပြီးတော့ ကောင်းပါတယ်။ အခု ကျွန်တော်လည်း NVC ကတ်ရ တယ်။ ကျွန်တော့မိန်းမမှာလည်း NVC ကတ်ရထားပါပြီ။ NVC ကတ်နဲ့ပတ်သက်ပြီးတော့ သေချာတော့မသိပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရောက်နေတဲ့သူတွေကို ပြန်လာလို့ရတယ်ဆိုတာမျိုး ဟိုဘက်က ပြောတယ်ဆိုတာတော့ မကြားမိသေးပါဘူး။ အလုပ်အကိုင်အနေနဲ့ကတော့ အရင်တုန်းက ကျားပိုက်နဲ့ ငါးဖမ်းပါတယ်။ အခုက အဲဒီလို ငါးဖမ်းလုပ်ငန်းတွေမလုပ်ရတော့ ဝင်ငွေမရှိတော့ စားဖို့သောက်ဖို့ အခက်အခဲတော့ရှိပါတယ်။



အီဒီရိစ်

နေရပ်(ယခင် ငါးခူရကျေးရွာအုပ်စု တောင်ရွာ)

(ယခု ငါခူရမိမိနေအိမ်)

 

 

ကျွန်တော့်ညီအစ်ကိုမောင်နှမတွေကတော့ ဘင်္ဂလားမှာရှိပါတယ်။ NVC ကတ်ကိုင်ရင် ဘာတွေ လုပ်လို့ ရမယ်ဆိုတာလည်း မသိပါဘူး။ နိုင်ငံတစ်နိုင်ငံမှာနေရင် အသိအမှတ်ပြုကတ်တစ်ခု ကိုင်ဆောင်ထားရမယ်ဆိုတာ သိပါတယ်။ NVC ကတ်ကို ကျွန်တော်ရော၊ ကျွန်တော့် မိန်းမပါ ကိုင် ဆောင်ထားပါတယ်။

 

 ဒိလ်ဒါမာမောက်

နေရပ် - ယခင်ငါးခူရ တောင်ရွာ

ယခု ငါးခူရမိမိနေအိမ်

 

 

ကျွန်တော့် မိသားစုက ဖြစ်စဉ်ဖြစ်ပွားနေတဲ့အချိန်မှာတုန်းကတော့ ဒီမှာရှိနေကြပြီး ကျွန်တော်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် ဘက်ကိုထွက်ပြေးသွားကြပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်ဘက်က ကျွန်တော့်မိသားစုကိုပြန်ခေါ်ချင်ပါတယ်။

 

ဟာမိတ်တူဆောင်း

နေရပ် - ယခင်ငါးခူရ တောင်ရွာ

ယခု ငါးခူရမိမိနေအိမ်

 

 

ဘင်္ဂလားဒေ့ရှ်ဘက်ကိုတော့ ကျွန်တော့်သားအကြီးတစ်ဦးအပါအဝင် မိသားစုဝင်လေးယောက် ထွက်ပြေးသွားကြပါတယ်။ သူတို့တွေက အကြမ်းဖက်မှုဖြစ်စဉ်တွေ ဖြစ်နေချိန်မှာ ထွက်ပြေးကြတဲ့သူတွေနဲ့အတူပါသွားကြတာပါ။ သူတို့ကိုတော့ ပြန်လာစေချင်ပါတယ်။

 

NVC ကတ်နဲ့ပတ်သက်ပြီးတော့ အခုထိဘာမှမသိရသေးပါဘူး။ နောက်မှာသိရမယ်လို့ ယူဆပါ တယ်။ NVC ကတ်ကိုတော့ ကိုယ့်သဘောနဲ့ကိုယ်ကိုင်တာပါ။ ဘာသာရေးအရ၊ လူမျိုးရေးအရ ဘာမှအနှောင့်အယှက်ပေးတာတော့မရှိပါဘူး။ တခြားသူတွေကိုင်ဖို့တော့ အသိပေးတာမျိုးမရှိပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ နေတာပိုကောင်းတယ်လို့ထင်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်ကိုသွားတဲ့သူတွေကိုလည်း ပြန်ခေါ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်ကလူတွေ တော်တော်များများ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

 

နူအာလာမ်

နေရပ် - ယခင် ငါးခူရကျေးရွာအုပ်စု တောင်ရွာ

ယခု ငါးခူရမိမိနေအိမ်

 

 

NVC ကတ်ကို ကျွန်တော်လည်းကိုင်ထားသလို ကျွန်တော့်မိန်းမလည်း ကိုင်ထားပါတယ်။ ဘင်္ဂလား ဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ တိုက်တွန်းတာတွေလည်း မကြားရသေးပါဘူး။

 

အာဘွာလ်ဟူဆောင်း

နေရပ် ယခင် ဒိုးတန်းကျေးရွာအုပ်စု စဉ်တောင်ကျေးရွာ)

ယခု ငါးခူရဆွေမျိုးအိမ်

 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံဘက်ကိုကူးလာချိန်မှာ အဖမ်းခံရတာပါ။ ဘင်္ဂလားဒေ့ရှ် ဘက်ကိုတော့ ၂၀၁၆ ခုနှစ် ဖြစ်စဉ်အပြီးမှာ သွားခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေးစခန်းမှာ တော့ မြန်မာနိုင်ငံကိုပြန်ဖို့ တိုက်တွန်းတာတွေ ကြော်ငြာကပ်ထားတာတွေမတွေ့ခဲ့ပါဘူး။ ဒီမှာနေ ရတာတော့ အဆင်ပြေပါတယ်။

 

NVC ကတ်ကိုင်ထားတာတော့ ကျွန်တော်တစ်ယောက်ထဲပါ။ မိသားစုတွေကတော့ ဘင်္ဂလားဒေ့ရှ် ဘက်မှာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်က မိသားစုတွေကို ခေါ်ချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ နေရာတာ ထက် ငါးခူရမှာနေရတာပို အဆင်ပြေပါတယ်။ ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေးခစန်းတွေမှာတော့ ဘာမှ အထောက်အထား မပေးရပါဘူး။ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ရပါတယ်။ နေခဲ့တဲ့ ကယ် ဆယ်ရေးစခန်းကတော့ ဘာလူဟာလီ ကယ်ဆယ် ရေးစခန်းပါ။

 

ဆူနာဘီဘီ

နေရပ် ယခင် ကြက်ရိုးပြင်ကျေးရွာအုပ်စု ကြက်ရိုးပြင်ရွာမ

ယခု ကြက်ရိုးပြင်ကျေးရွာ

 

 

ကြက်ရိုးပြင်ကျေးရွာကနေ ဦးရှည့်ကျသွားတာ ဦးရှည့်ကျမှာ ဖမ်းထားတာပါ။ မိသားစုတွေလည်း ရွာမှာနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပါသွားတဲ့သားသမီးတွေရှိပါတယ်။ သားသမီးတွေကိုလည်း ဒီဘက်ကို ပြန်လာဖို့ဆန္ဒရှိပါတယ်။ NVC ကတ်ကတော့ မိသားစု မှာ တစ်ယောက်ပဲ လုပ်ထား ရပါသေးတယ်။ ဒီမှာ NVC ကတ်လုပ်ထားတာနဲ့ ပတ်သက်ပြီး အခက်အခဲမရှိပါဘူး။ အဲဒီလိုလုပ် ပေးလို့လည်းကျေးဇူးတင်ပါတယ်။ ဒန်အိုး၊ ပန်းကန်၊ အဝတ်အထည်တွေ ထောက်ပံ့ပေးထား ပါတယ်။ ဒီမှာနေတဲ့အချိန်မှာ ကျပန်းအလုပ်လုပ်တယ်။ လယ်ယာ စိုက်ပျိုးတယ် အဲဒါတွေပဲလုပ်ပါတယ်။

 

ဂျာနေအာလောင်

နေရပ် ယခင် ကြက်ရိုးပြင်ကျေးရွာအုပ်စု ကြက်ရိုးပြင်ရွာမ

ယခု ကြက်ရိုးပြင်ကျေးရွာ

 

 

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာတာတော့ လေးငါးလရှိပါပြီ။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ နေတုန်းကလည်း ကျပန်းအလုပ်လုပ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာက ပေးလို့ရှိရင် စားလို့ရပြီး မရရင်တော့ ခက်ခဲပါ တယ်။ ကူတိုဘာလိုဒုက္ခသည်စခန်းမှာနေခဲ့တာပါ။ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ပဲ စားသုံးနေတာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ တစ်လတိတိနေခဲ့ပါတယ်။

 

ကိုယ့်ရွာမှာပြန်နေချင်လို့ ချောင်းကို လောင်းနဲ့ ကူးပြီး ပြန်လာတာပါ။ တခြားဆန္ဒ တော့မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်ကိုပြန်ရမယ်လို့ ပြောတာတော့မရှိပါဘူး။ ဒီဘက်ကို တစ်ယောက်ထဲလာတာပါ။ မိသားစုကတော့ ဘင်္ဂလား ဒေ့ရှ်ဘက်မှာ ကျန်ခဲ့ပါတယ်။ မိသားစုကတော့ လယ်သာစခန်းမှာ ကျန်ခဲ့ပါတယ်။ မိသားစုတွေလည်း လာဖို့ဆန္ဒရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းမှာတော့ ဝင်လို့ထွက်လို့မရဘူး။ ခိုးထွက်လာတာပါ။ အရင်က ထွေလာဂျီမောင်းပြီး ဆိုင်ကယ်ပြင်တယ်။ အခုတော့ ဆိုင်ကယ်ပဲပြင်ပြီး စားဝတ်နေရေး ဖြေရှင်းပါတယ်။ 

 

MDN